Wednesday, January 28, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁) အင်တာနက်မဂ္ဂဇင်း



ပညာရေးအသားပေးကဏ္ဍများပါဝင်သည့် သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ(၃)အမှတ်(၁) ထွက်ရှိလာပါပြီ။ သံလွင်အိပ်မက်မှာပါတဲ့ မိုးခေါင်လွင်ပြင်၌ပျိုးသောပန်းခင်း ဝတ္ထုတိုလေးကိုဖတ်ဖို့ဖိတ်ခေါ်ပါရစေ။



Read More...

Thursday, January 22, 2009

သမတ ကျမ်းကျိန်ပွဲနေ့ ချီတက်ပွဲဓာတ်ပုံများ


ဓာတ်ပုံတွေအောက်မှရည်ညွှန်းချက်စာတွေကိုဖတ်ချင်တယ်ဆိုရင်တော့ ဓာတ်ပုံပေါ်ကို Click ပြီးကြည့်နိုင်ပါတယ်။



Read More...

Wednesday, January 21, 2009

ဝမ်းနည်းမှုများ နဲ့ ညနေခင်း

မနေ့ မနက်လင်းအားကြီးထဲက စပြီး ဝါရှင်တန်ဒီစီရဲ့လမ်းမတွေပေါ်မှာ လူတွေဟာရှုပ်ရှက်ခပ်နေပြီး သမတ ကျမ်းကျိန်ပွဲအတွက်စိတ်အားထက်သန်နေကြပါတယ်။ နေ့လည်ခင်းမှာတော့ သမတ အိုဘားမားကို ဂုဏ်ပြုတဲ့အနေနဲ့ အလှပြချီတက်ပွဲလုပ်ခဲ့ပါတယ်။ ချီတက်ပွဲကို နေ့လည်ခင်း ၂း၃၀ ခွဲမှာ Capitol ရှိတဲ့ Constitution Avenue ကစတင်ပြီး သမတ အိမ်ဖြူတော်ရှိတဲ့ Pennsylvania Avenue နဲ့ 17 th လမ်းဆုံတဲ့ ထောင့်မှာ အဆုံးသတ်ခဲ့ပါတယ်။

သမတကျမ်းကျိန်ပွဲကိုသွားကြည့်ချင်ပေမဲ့ အိမ်မှာ သမီးလေးကိုထားခဲ့ဖို့ လူခွဲမရှိတာရော၊ အမျိုးသားက အလုပ် သွားရတာရောနဲ့မို့ မသွားကြည့်နိုင်ခဲ့ပါဘူး။ အလှပြချီတက်ပွဲကိုလည်း စောစောသွား နေရာကောင်းယူပြီး သမတနဲ့ သမတကတော် လူထုကိုနှုတ်ဆက်တာကို ကြည့်ချင်ပေမဲ့လည်း အမျိုးသားအလုပ်က သမတ ကျမ်းကျိန်ပွဲအထူးအစီအစဉ်တွေအတွက် အလုပ်များသွားတာမို့ ရုံးကညနေ ၃ နာရီထိုးမှပြန်ရောက်လာခဲ့လို့ သူပြန်ရောက်မှ အိမ်ဖြူတော်ဘက်ကို အပြေးအလွှားသွားရပါတော့တယ်။

အိမ်က ၁၇ လမ်း နဲ့ Q လမ်းထောင့်မှာရှိပေမဲ့ သမတ အိမ်ဖြူတော်ရှိတဲ့နေရာကိုရောက်ဖို့ အတော် လမ်းလျှောက် ရဦးမှာမို့ အဌားပဲစီးသွားတော့မယ်ဆိုတဲ့စိတ်ကူးဟာလမ်းမပေါ်ရောက်တော့ အိမ်နားကလမ်းတွေကို လုံခြုံရေး အနေနဲ့ စစ်သားတွေကပိတ်ထားတာ တွေ့ရတယ်။ အဌားကားတစီးကိုတားပြန်တော့လည်း မြို့ထဲကလမ်းတွေ အတော်များများပိတ်ထားလို့ သူတောင်အိမ်ပြန်အိပ်တော့မယ်မလိုက်နိုင်ပါဘူးလို့ စိတ်ပျက်လက်ပျက် ပြောပါ တယ်။ ဒါနဲ့ အိမ်နဲ့မလှမ်းမကမ်းက ဘူတာရုံကို အပြေးတပိုင်းနဲ့ ထွက်ခဲ့ရတယ်။ အချိန်ကလည်း ညနေ ၃း၃၀ ဖြစ်နေပါပြီ။ သမတ က ညနေ ၄နာရီမှာ အိမ်ဖြူတော်ကိုရောက်ပြီး လူထုကို နှုတ်ဆက်မှာဆိုတော့ အချိန်သိပ်မရှိတော့ဘူးလေ။

အရေးထဲမှာ ဘူတာရုံ မှားဆင်းမိလို့ အိမ်ဖြူတော်ရှိတဲ့နားကိုလမ်းလျှောက်လိုက်ရတာက ၁၀မိနစ်လောက်ကြာ လိုက်သေးတယ်။ လမ်းမှာလည်း အိမ်ဖြူတော်ဘက်ကပြန်လာတဲ့လူအုပ် သွားနေတဲ့လူအုပ်နဲ့ ပလက်ဖောင်းတွေ ပေါ်မှာ ခြေချစရာတောင်မှမရှိလောက်အောင်ကို ရှုပ်ရှက်ခပ်နေတယ်။ နောက်ပြီး အိုဘားမား တီရှပ်၊ အိုဘားမား နံရံကပ်ပိုစတာ၊ အိုဘားမား အမှတ်တရ တံဆိပ်ဝိုင်းလေးတွေရောင်းသူတွေ၊ အိုဘားမား နားကပ်၊ အိုဘားမား ဆွဲကြိုး၊ လက်ကိုင်အိတ် ရောင်းနေတဲ့ သူတွေကိုလည်း နေရာအနှံ့မှာတွေ့နိုင်တယ်။ ဘယ်နေရာကြည့်ကြည့် အိုဘားမားမျက်နှာကြီးကိုပဲတွေ့နေရတော့တာပါပဲ။

နောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံရဲ့ ချစ်စရာကောင်းလှတဲ့ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်အနေနဲ့။ အမေရိကန် ကွန်မြူနစ်ပါတီ က လူတစုကိုလည်း လမ်းထောင့်တနေရာမှာ လူတွေကို ကွန်မြူနစ်သတင်းစဉ်တွေ ဝေဌနေ တာလည်းတွေ့ခဲ့ပါသေးတယ်။ အရင်းရှင်စနစ်ရဲ့ ဆိုးကျိုးများကို တော်လှန်ချိန်ရောက်ပြီဆိုပြီး အစ္စရေးနိုင်ငံ နဲ့ ပါလက်စတိုင်းတို့ရဲ့ ဂါဇာတိုက်ပွဲပုံပိုစတာကြီးကိုကိုင်မြှောက်ပြီးတော့ အော်ကြီးဟစ်ကျယ်ရှင်းလင်းပြောပြနေတဲ့ မိန်းမငယ်လေးကိုလည်း တွေ့ခဲ့ရတယ်။ ဓာတ်ပုံတောင်မရိုက်နိုင်ခဲ့ပါဘူး။ သမတကိုမတွေ့လိုက်ရမှာစိုးလို့ သူတို့ ဝေဌနေတဲ့သတင်းစာတစောင်ကိုပဲ ကမမ်းကတမ်း ဆွဲယူခဲ့ပါတယ်။


အိမ်ဖြူနဲ့ အနီးဆုံးဘူတာရုံဖြစ်တဲ့ Farragut West ဘူတာရုံရှေ့မှာတော့လူတွေဟာဘူတာရုံထဲကိုဝင်ဖို့ အတွက်လူတန်းရှည်ကြီးနဲ့စောင့်ဆိုင်းနေကြတာကို တွေ့လို့ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။လူတွေကအေး လွန်းလှတဲ့ ရာသီဥတုထဲမှာ ဘူတာရုံဝင်ဖို့ကို တန်းစီ စောင့်နေတာတောင်မှ အပြုံးမပျက်ကြပါဘူး။ တအုပ်စုနဲ့ တအုပ်စု နောက် ပြောင်ရင်း အချိန်ဖြုံးနေကြပါတယ်။

အိမ်ဖြူတော်နဲ့ အနီးဆုံး ၁၇ လမ်းနဲ့ Pennsylvania Ave လမ်းဆုံမှာရှိတဲ့ လုံခြုံရေးဂိတ် A & B ကိုရောက်တော့ အိမ်ဖြူတော်ဘက်ကို သွားလို့မရအောင်ဂိတ်ကိုပိတ်ထားလိုက်ပြီလို့ဆိုပါတယ်။ သမတမိန့်ခွန်းပြောမယ့် နေရာကို လှမ်းမြင်နေရပေမဲ့ အနားတော့ရောက်အောင်ဘယ်လိုမှသွားနိုင်တော့မှာမဟုတ်လို့ စိတ်အတော်ပျက်သွားမိပါ တယ်။ အမေရိကန်နိုင်ငံသားမဟုတ်ပေမဲ့ ပထမဆုံးလူမည်းသမတအဖြစ် အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင်နေ့ရက် ကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်တာပါ။ နောက်ပြီး သမတဆိုတာကလည်း အပြင်မှာ တွေ့ရခဲတယ်မဟုတ်လား။

ကဲ ဆက်ပြီးသွားလို့ မရဘူးဆိုတော့လည်း ရောက်တဲ့နေရာမှာသာ လက်မှိုင်ချရပ်ပြီးတော့ ၁၇ လမ်းပေါ်ကို မျှော်သာကြည့်နေနိုင်ပါတော့တယ်။ သမတက ၁၇ လမ်းပေါ်ကနေပြီးတော့ ကားနဲ့ အိမ်ဖြူတော်ထဲကို ဝင်သွား မှာဖြစ်တယ်။ ပြီးမှ အလှပြချီတက်တဲ့သူတွေကို စင်ပေါ်ကနေနှုတ်ဆက်မှာပေါ့။

ရာသီဥတုကလည်းအေးလိုက်တာမှ လက်အိတ်စွပ်ထားတာတောင် လက်တွေကအေးခဲပြီး နာတောင်နာကျင် လာ ပါတယ်။ ဘေးနားက လူမည်းအမျိုးသမီးကြီးဆိုရင် သမတကိုတွေ့ဖို့အခွင့်အလမ်းမရှိတော့လို့ အိမ်က ထွက်တာ နောက်ကျတယ်ဆိုပြီးသူ့သမီးကို မြည်တွန်တောက်တီးပြောဆိုနေသံကိုကြားရတော့ ရယ်လည်းရယ်ချင် ရယ် လည်းမရယ်ရက်အောင် သနားစရာကောင်းနေပြန်ပါတယ်။ မိနစ် ၂၀ လောက် အအေးခံရင်း လူတွေရဲ့ စိတ်ပျက်ငြီးညူသံတွေကို နားထောင်ပြီးတဲ့ နောက်ဆုံးမှာတော့ ဆိုင်ကယ်စီးပုလိပ်တွေ ဝိုင်းရံပြီးတော့ သမတစီးလာတဲ့ ကားကိုလှမ်းတွေ့ရပါတယ်။

အကွာအဝေးက အတော်ဝေးပေမဲ့ လူပုံသဏ္လန်ကိုတော့ ကောင်းကောင်းမြင်နိုင်တဲ့ အနေအထားပေါ့လေ။ သမတနဲ့ သမတ ကတော်တို့ လမ်းဆင်းလျှောက်မယ်ဆိုရင်တော့ မြင်နိုင်တဲ့ အနေအထားပါ။ ကံကောင်းစွာနဲ့ပဲ သမတ က ၁၇လမ်းနဲ့ Pennsylvania လမ်းဆုံနားကျတော့ လမ်းဆင်းလျှောက်ပါတော့တယ်။ ဘေးနားကရှိသမျှ လူတွေ အော်လိုက်ဟစ်လိုက်ကြတာ ကမ္ဘာပျက်သလားအောင်းမေ့ရပါတယ်။ ခုနက လူမည်းအမျိုးသမီးကြီး ဆိုရင် ခန္ဓာကိုယ်ဝဝကြီးနဲ့ ခုန်ပေါက်နေပါတယ်။ သမတတို့ ဇနီးမောင်နှံကို ဓာတ်ပုံရိုက်ဖို့မပြောနဲ့ သူ ကိုယ့် ခြေထောက်ကို မနင်းမိအောင်တောင် မနည်းရှောင်နေရပါတယ်။

ဘာပဲပြောပြော နောက်ဆုံးတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမတကို မျက်မြင်ကိုယ်တွေ့ အရှင်လတ်လတ်ကြီးတွေ့ခွင့်ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ မျှော်လင့်ခြင်းများစွာကို ပိုင်ဆိုင်သူ အပြောင်းအလွဲတွေဖန်တီးပေးမယ်လို့ ယုံကြည်အားကိုးခြင်းခံရသူ သာမာန်ပြည်သူထဲက ပေါက်ပွားခဲ့တဲ့ အမေရိကန်သမတ ဘားရက် အိုဘားမား ဟာ သူ့ရဲ့ ပြည်သူတွေကို နှစ်လိုဖွယ် အပြုံးနဲ့ လက်ဝှေ့ရမ်း နှုတ်ဆက်နေပါတယ်။ သူ့ရဲ့ ဇနီးဖြစ်တဲ့ မီရှယ် အိုဘားမား ကလည်း သူ့ခင်ပွန်း သမတကြီးလက်ကို နံဘေးမှာ ပါရမီဖြည့်ဖက်အနေနဲ့ ဆုပ်ကိုင်ထားပါတယ်။

အမေရိကန်ပြည်သူတွေဟာ သူတို့နိုင်ငံတော်အလံလေးတွေကိုဝှေ့ရမ်းပြီးပျော်ရွှင်နေပါတယ်။ သမတကလည်း ပြည်သူတွေကို အပြုံးနဲ့ပြန်လည်နှုတ်ဆက်နေပါတယ်။ တာဝန်ပေးအပ်သူများနဲ့ တာဝန်ပေးအပ်ခြင်းခံရသူ သမတ တို့ရဲ့ အပြုံးတွေထဲမှာတော့ စိတ်ဓာတ်ခွန်အား နဲ့ အပြန်အလှန်လေးစားယုံကြည်မှုတွေကို အထင်းသား မြင်တွေ့ နေရပါတယ်။

ဒီမြင်ကွင်းကို ကြည့်နေရင်းမှာ ရုတ်ခြင်းဆိုသလိုပဲ ဝမ်းနည်းမိသွားပါတယ်။ ကျမတို့နိုင်ငံမှာ ဒီလိုမြင်ကွင်းမျိုး ဒီလို ဝမ်းမြောက်ပျော်ရွှင်နေတဲ့ မျက်နှာမျိုးတွေကို တအားတွေ့မြင်ချင်မိလာပါတယ်။ ဝမ်းမြောက်ပျှော်ရွှင်နေတဲ့ မျက်နှာတွေအစား ညှိုးငယ်နေသော၊ ဆာလောင်သော၊ အားမတန်မာန်လျော့နေရသော မျက်နှာများ။ နာဂစ် အတွင်း သေဆုံးခဲ့သောကလေးငယ်များ၊ အပျက်စီးများရဲ့ ဓာတ်ပုံများသာ မျက်လုံးထဲမှာ တဆင့်ခြင်းမြင်ယောင် လာပါတယ်။

ကမ္ဘာတဖက်ခြမ်းရှိ တိုင်းပြည်တခုတွင် ပြည်သူတွေချိမ့်ချိမ့်သဲ အောင်ပွဲခံပျော်ရွှင်နေချိန်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူများကတော့ လျှပ်စစ်မီးတောင် နပ်မှန်အောင် မရနိုင်ပဲ လူသားတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ လွတ်လပ်စွာ ပြောဆို၊ ယုံကြည်ခွင့်များလည်း ဆုံးရှုံးနေရှာပါတယ်။ ကျမ ရင်ထဲမှာ အတိုင်းမသိ ဝမ်းနည်းနာကျင် လာပါတယ်။ သမတ အိုဘားမား နဲ့ သူရဲ့ ပြည်သူများရဲ့ မျက်နှာတွေကို ကြည့်ရင်းပျော်ရွှင်ရမယ့် အစား ပို၍ ပို၍ ဝမ်းနည်းမှုသာ ရင်ထဲမှာပြည့်လာပါတယ်။ အလှပြချီတက်တာတောင် ဆုံးအောင်ကြည့်ရှုနိုင်စွမ်းမရှိတော့ပါဘူး။

လူတွေကို တိုးဝှေ့ပြီးတော့ လူအုပ်ထဲကထွက်လာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလာတုန်းကလိုပဲ လူတွေရဲ့ အပျော်မျက်နှာများကိုတွေ့ခဲ့ရပေမဲ့ သူတို့ရဲ့ အပျော်များက ကျမရင်ထဲကို လုံးဝမကူးစက်နိုင်စွမ်းမရှိ တော့ပါဘူး။ ကျမရင်မှာ ခံစားရခက်အောင် ဝမ်းနည်းခြင်းများနဲ့သာ အပြန်လမ်းတလျောက်မှာပြည့်နှက်လို့သာ လာပါတော့တယ်။






စိုးသင့်ဆွေ
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၀၉
နေ့လည် ၁း၀၀ နာရီ

Read More...

Saturday, January 10, 2009

အိပ်မက်မဖြစ်စေချင်သော စိတ်ကူးလေးများ

မျက်လုံးတွေကို ဖြတ်ကနဲဖွင့်ကြည့်လိုက်တယ်။ ခန္ဓာကိုယ်က လှဲလျောင်းလျက် အနေအထားမို့ အိပ်ရာထဲမှာ ဆိုတာ သေချာသိလိုက်တယ်။ ဒါဖြင့် ငါဘယ်ရောက်နေတာလဲ … ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်နေမိတယ်။ ခြေရင်းက ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အလင်းရောင်မှုန်ပြပြ မြင်လိုက်တယ်တော့မှ အာရုဏ်ဦးအ လင်းရောင်ဆိုတာကို သတိထားမိသွားတယ်။ အော် ..ညက အလုပ်ကပြန်လာပြီးတော့ ပင်ပန်းလွန်းလို့ အိပ်ရာပေါ် ခဏဆိုပြီး လှဲလိုက်တာ မိုးလင်းသည်အထိ အိပ်လိုက်မိတာကိုး။

ပြူတင်းပေါက်က မြင်ရတဲ့ရောင်နီဖြဖြကို အိပ်ရာက မထပဲကြည့်နေတုန်းမှာပဲ ဟိုးဝေးဝေးဆီက အိပ်တန်းကနိုးပြီး ကယောင်ကတမ်းတွန်လိုက်တဲ့ ကြက်တွန်သံကိုကြားလိုက်ရတော့ ရင်ထဲမှာနွေးထွေးသွားပြီး အာရုံတွေလည်း လန်းဆန်းလာတယ်။ နေ့သစ်တခုကိုရောက်ခဲ့ပြန်ပြီ။ နည်းနည်းချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ စောင်ကိုမေးဖျားအထိ ရောက်အောင်ဆွဲခြုံလိုက်မိတယ်။ ဒီလိုဆောင်းတွင်းမျိုးမှာအိပ်ရာနိုးနိုးခြင်းမထသေးပဲ စောင်ခြုံကွေးရတာလောက် ကောင်းတဲ့ အရသာမရှိဘူး။ အပြင်မှာ နှင်းမြူတွေများဆိုင်းနေပြီလား။

အိပ်ပျော်မလိုဖြစ်သွားတုန်းမှာ .. "ပဲ....ပြုတ်၊ နံပြား………." အသံကို အနိမ့်အမြင့် နဲ့ ဆွဲဆွဲငင်ငင် အော်လိုက်တဲ့ ပဲပြုတ်သည် အသံဟာလည်း နားဝင်ကိုချိုနေတာပဲ။ ပဲပြုတ်နံပြားကို ပဲဆီဆိမ့်ဆိမ့်လေးဆန်း စားပြီး ကော်ဖီပူ လေးနဲ့ မျောချလိုက်ချင်ပေမဲ့ အိပ်ရာကထရမှာပျင်းနေတာနဲ့ပဲ ဒီနေ့တော့ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို ချီတက် မယ်လို့ စိတ်ကူးလိုက်တယ်။

အော်.. မေ့နေလိုက်တာ ဒီနေ့ စနေနေ့ပဲ..။ အလုပ်သွားစရာမလိုတဲ့နေ့ ကောင်းလိုက်တာ .. ဒါဆိုရင်တော့ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းဘက် သွားဦးမှပဲ မှာထားတဲ့ စာအုပ်ဟောင်းလေးတအုပ်ရပြီလား စနည်းနာ ရင်း နဲ့ အမေ့အိမ်တို့၊ စာပေလောကတို့ဝင်မွှေပြီး စာအုပ်လေးဘာလေးဝယ်ဦးမှပဲ။ ဖတ်စရာစာအုပ်တွေကုန်နေပြီ။ ဝမ်းစာဆိုတာဖြည့်နေရတယ်တဲ့... ဝမ်းစာပြည့်မှ အကြည်ဓာတ်ရတယ်ဆိုတာကလား။

အဲ.. နောက်ပြီးတော့ လောကနတ်ပန်းချီခန်းပေါ်လည်းတက်ဦးမှ.. ပန်းချီမောင်ဒီ၊ ပန်းချီကြီးမြင့်စော၊ နေမျိုးဆေး တို့ရဲ့ ကားတွေ ပြပွဲရှိနေတယ်တဲ့ ။ ပန်းချီကြီးမြင့်စောရဲ့ "ရန်ကုန်ည" ပန်းချီကားလေး တင်ထားတယ် ပြောတယ် နာမည်ကြီးကားလေးကို သွားကြည့်မှ.. သွားကြည့်ဦးမှ။

အော် … ရေးလက်စ ကားလေးရပ်ထားရတာ ခုမှသတိရတယ်။ ဒါဆို လောကနတ်ပန်းချီခန်းက အပြန် ဗိုလ်ချုပ်ဈေးသွားရဦးမှာပဲ ကုန်နေတဲ့ အာခရစ်လစ် (Acrylic) ဆေးလေးနည်းနည်းပါးပါးဝယ်ရမယ်။ စုတ်တံ ပြားလေးလည်း တချောင်းလောက်ထပ်ဝယ်ရမယ်။ ရှိနေတဲ့ဟာက ဖိရလွန်းတော့ အနားတွေဖွာပြီး ယပ်တောင် ဖြစ်နေပြီ။ ဒါဆိုရင်တော့ ရိုးရာပန်းပညာရှင်များအစည်းအရုံးပြခန်းကိုလည်း ဝင်ကြည့်လိုက်မှပဲ မရောက်တာ လည်းကြာ နေပြီဆိုတော့ ပန်းချီကားသစ်တွေတင်ထားမှာပဲ။

အဲ .. ဈေးရောက်မှတော့ နေ့လည်စာကို ဈေးမှာပဲစားတော့မယ်။ ဦးကြွိ ဘဲပေါင်းဆီချက် မစားရတာကြာပြီ စားပြီးရင် ဘေးဆိုင်က ရွှေရင်အေးမှာပြီး တဝကြီးသောက်လိုက်ဦးမှ။ အမေ့တို့ကိုပြောခဲ့ဖို့မမေ့နဲ့ဦး တော်ကြာ ထမင်းစားစောင့်နေဦးမယ်။ သူတို့ကလည်း စနေ၊ တနင်္ဂနွေ မိသားစုလေးလက်စုံစားချင်တာပေါ့။ ကိုယ်က တော့ အားတဲ့ရက်ဆိုတော့ .. သွားစရာလေးတွေကိုသွားချင်တဲ့ စိတ်ကများနေတယ်။

အင်း.. သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတာကြာပြီ။ ဒါဆိုရင်တော့ ဗိုလ်ချုပ်ဈေးက အပြန် ၃၂လမ်းကိုဘက်လှည့် လိုက်ဦးမယ်။ ဆရာဆူဒိုနင် နဲ့လည်း မပွားရတာကြာပြီ ၃၉ လမ်းက ဆရာ့အလုပ်ခန်းကို ဝင်တွေ့လို့ရသေးတယ်။ ကောင်းလိုက်တဲ့ ငါ့အကြံနှယ်….။ တချက်ခုတ်သုံးလေးငါးချက်ပြတ်အောင်တော့လုပ်မှ .. ရတဲ့ အားရက်က စနေရယ် တနင်္ဂနွေရယ် နှစ်ရက်ထဲရယ်။

သူငယ်ချင်းတွေနဲ့တွေ့ရင် .. စကားတွေပြောရင်းနဲ့ နေ့လည် ၃နာရီလောက်အထိဖြစ်သွားတော့မှာပေါ့။ ကောင်းတာပဲ ဒါဆိုလည်း .. မြို့ထဲကနေဆို တရုတ်တန်းကို နီးနီးလေး .. ၁၉လမ်းမှာ ဆန်ပြုတ်နဲ့ ဘဲသားသုတ် သွားစားလိုက်မယ်။ ဟိုကောင်တွေကတော့ သောက်မှာပဲ.. သူတို့သောက်တဲ့ဆိုင် အရင်မဝင်ခင် ငါ့ ဆံပြုတ်ဆိုင် ကို အရင်သွားစားဖို့ဆွယ်ရမယ်။ အမေ့ကိုတော့ ညစာပါ အပြင်မှာစားမယ်ပြောပြီး တနင်္ဂနွေ မှ မိသားစုနဲ့ ထမင်းအတူတူ စားပါ့မယ်လို့ ဂတိပေးခဲ့ရမယ်။

အင်း .. ဒါပေမဲ့ ဒီကောင်တွေက မူးရင်ရစ်တတ်တယ် ယောင်္ကျားလေးတွေဆိုတော့ ရစ်ပြီးစကားထများ နေလို့ ကတော့မဖြစ်သေးပါဘူး။ ပြီးတော့ သူတို့သောက်တဲ့ဆိုင်မှာ ငါတယောက်တည်းမိန်းကလေး ဘာလုပ်နေရမှာ တုန်း ငါလည်းဝင်မော့လို့ရတာမဟုတ်ဘူး အကင်လောက်ပဲစားလို့ရမှာ။

ရှုပ်ပါတယ်.. အင်းလျားကန်ဘောင်သွားမယ်လို့ပြောမှ၊ ဒါကောင်းတယ် ဘူးသီးကြော်စားရင်း .. ဟိုကြည့် ဒီကြည့်နဲ့ ဇာတ်လမ်းတပုဒ်ရသွားနိုင်တယ်။ ဒါမှမဟုတ်လည်း ပန်းချီဆွဲဖို့အာရုံခုခုပေါ့။ ကျောင်းကိုလည်း အလွမ်းပြေသွား ကြည့်လိုက်ချင်သေးတယ်။ ဝင်လို့တော့ရမယ်မထင်ဘူး.. အင်းလျားဘက်အပေါက်မှာရှိတဲ့ခွေးတွေက ညနေ မှောင်ရီတရောဆို ဝင်တဲ့သူကိုဆွဲတတ်တယ်ဆိုပဲ။

အဲတော့…ခုမှသတိရတယ် အနော်ရထာလမ်းပေါ်က ညဘက်ပလက်ဖောင်းပေါ်ခင်းရောင်းတတ်တဲ့ ဈေးသည်တွေ ဆီက အစွန်းချွတ်ဆေးလည်းဝယ်ချင်သေးတယ်။ ဟိုနေ့က ရုံးအကျီင်္အချဉ်ရည်တွေပေသွားတယ်။ ကျောက် မြောင်းထဲမှာပေါ့ ပုဇွန်ခွက်ကြော်သုတ်စားရင်းနဲ့လေ။ အင်း.. ငတ်တယ်လို့ပြောလည်းခံရုံပဲ တတ်နိုင်ဘူး။ ခုလည်းကြည့်လေ…အင်းလျားသွားချင်တယ် ဆိုပြီးတော့ စိတ်က မီးသတ်နားက ဒေါ်ရိတ်ကြီးရဲ့ မြင်းခွာရွက်သုတ် ကိုလွမ်းနေတယ်။

ဒေါ်ရိတ်ကြီးဆိုင်မှာထိုင်ပြီး လူတွေ လှုပ်လှုပ်ရှားရှားနဲ့ အိမ်ပြန်ကြ..လိုင်းကားတွေတဝှီးဝှီးနဲ့ နီယွန်မီးအောက်မှာ အလုအယက်မောင်းနေတာကို ရေနွေးကြမ်းတအိုးနဲ့ ထိုင်မြည်းရင်း တခါတခါ "ထူးအိမ်သင်ရဲ့ မြို့ပြညများ" ကိုနှုတ်က တိုးတိုးညီးမိတာတောင် သတိမထားလိုက်မိတဲ့ အခါတွေရှိတယ်။

ညဘက်ကြမှ အမေနဲ့ အဖေ့ကို ရွှေတိဂုံဘုရားဘက်ခေါ်သွားလိုက်ရင် တနေ့လုံးလျှောက်လည်ထားတဲ့ သူတို့သမီးကို စိတ်ပြေကောင်းပါရဲ့။ အမေတို့တော့ ဓာတ်လှေကားစီးချင်စီးကြပါစေ ကိုယ်ကတော့ ဘုရားကုန်း တော်ပေါ်ကို လှေကားနဲ့ပဲတက်မယ်။ စောင်းတန်းကဈေးသည်တွေရဲ့ ဈေးခေါ်တဲ့ အသံလေးတွေက နားထောင် ကောင်းလွန်းလို့။

ရင်ပြင်တော်ပေါ်ရောက်ရင်တော့ အမေတို့ ပုတီးစိပ်နေတုန်းမှာ တန်ဆောင်းတခုထဲဝင်ပြီး ဘုရားကြီးပေါ်က ခေါင်းလောင်းလေးတွေ လေတိုက်လို့လှုပ်တဲ့အသံသာသာလေးကို ကြည်နှုးမှုနဲ့ထိုင်နားထောင်ပစ်လိုက်ဦးမယ်။ ကံကောင်းရင် ဘုရားရှိခိုးကို ဌာန်ကရိုင်းကျကျဆိုပြီး ရှိခိုးနေတဲ့သူ တယောက်ယောက်ရဲ့ အသံကိုပါနားထောင်ခွင့် ရနိုင်တယ်။ ဘုရားပေါ်ကအဆင်းကြရင်တော့ စံပယ်ဖူးပန်းကုံးတွေ အိမ်ကဘုရားကိုကပ်ဖို့ ဝယ်သွားဦးမှ။

ဟဲ့ .. ငါ့စောင်ကို ဘယ်သူလာဆွဲတာတုန်း။ ဒီမှာ တနေ့လုံးအတွက်အစီအစဉ်ကို ချမ်းချမ်းနဲ့ စောင်ခြုံထဲကွေးရင်း စဉ်းစားနေတာ။ အို.. အို .. ဆံပင်တွေကို ဆွဲပြန်ပြီ.. ဒီတခါတော့မျက်လုံးဖွင့်ကြည့်တော့မှပဲ။ မျက်လုံးဖွင့် လိုက်တော့ မျက်ဝန်းနက်နက်လေးတစုံကိုတွေ့လိုက်တယ်။ "ဒါ.. ဒါ .. ဒါ.. မားမား.. မား.." မပီကလာ အသံလေးကို ကြားတော့မှ အော်….သမီးလေးပါလား.။ သူတယောက်ထဲ နိုးနေလို့ အမေကို လာနိုးနေတာကိုး ။

ဟင် !!! ဒါဆို .ခုရောက်နေတာ .. မြန်မာပြည်မဟုတ်ဘူးပေါ့။ ရန်ကုန်မှာမဟုတ်ဘူးပေါ့။ ခုနက တွေးနေတဲ့ အစီအစဉ်တွေ…. အားလုံး ……. ဘာတွေလည်း အိပ်မက်တာလား .. မဟုတ်ပါဘူး ပဲပြုတ်သည်အော်သံကို အတိအကျကြားလိုက်ပါတယ်။ လင်းကြက်တွန်သံကြီးရော… ရန်ကုန်မဟုတ်ရင် ဘယ်က ကြက်တွန်သံကြားရမှာ လဲ။

အိပ်ချင်မူးတူးဖြစ်နေတဲ့ စိတ်တွေအားလုံးကို ကမြောသောပါးစုစည်းနေရင်းနဲ့ ရင်ဘတ်ထဲမှာဟာသွားတယ်။ ဟာတာတာရင်ဘတ်ကြီးနဲ့ထပ်တူ လူလည်း ဝမ်းနည်းပန်းနည်းဖြစ်သွားတယ်…။ ရောက်နေတဲ့ အရပ်ဒေသဆီကို စိတ်တွေပုံမှန်ပြန်ရောက်တော့မှ မွေးမြေရပ်မြေနဲ့ မိုင်ပေါင်းများစွာဝေးကွာနေသောမျက်နှာစိမ်းတို့၏ အရပ်ဒေသ။

ပဲပြုတ်သည်မလာသော..လင်းကြက်တွန်သံလေးမှရေးရေးမကြားရသော…..ပန်းဆိုးတန်းစာအုပ်အဟောင်းတန်း မရှိသော.. မြန်မာ့အလှပန်းချီကားများမရှိ..၊ ၃၂ လမ်းမရှိ…၊ ဒေါ်ရိတ်ကြီးမရှိ..၊ ၁၉လမ်းမရှိ၊ ဗိုလ်ချုပ်ဈေးမရှိ..၊ ရင်မခုန်သောဒေသ.. ခံစားချက်မရှိ.. .. ပျော်ရွှင်မှုမရှိ…မိဘမရှိ.. ချစ်ခင်သူများမရှိ… မရှိ… .. မရှိ… ဘာမှ မရှိသော အရပ်ဒေသတခုမှာခြေစုံရပ်လျက်သား။ မိသားစုဘဝတခုတည်ဆောက်လျက်သား။

ပြန်ရန်လမ်းဖြင့်တနေ့ရောက်လာဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးမျှရှိမနေရင် သေဆုံးပြီးသည်နှင့် ထပ်တူကျမည့် ဘဝတခုကို ထမ်းပိုးလျက်… ရှိသော လူတယောက် နှင့် သူချစ်သောသူနှစ်ယောက်။ ဘဝသည် စနှင့်ပြီးဖြစ်နေ၍သာ ဆက်၍သယ်ပိုးနေရသည်…လွတ်ချခွင့်ရှိရင်လွတ်ချလိုက်ပြီး အသစ်မှပြန်ကာစလိုက်ချင် တော့သည်။

ဆုတောင်းတိုင်းပြည့်မယ်ဆိုလျှင် တောင်းမည့်ဆု တခုသာရှိပါသည်။ ။



စိုးသင့်ဆွေ
ဇန်နဝါရီလ ၁၀ရက်၊ ၂၀၀၉
နံနက် ၁း၂၀မိနစ်

(စိတ်ကူးအိမ်မက်များ .. အတွက် တဂ်ထားတဲ့ ညီမ Mirror အတွက် အမှတ်တရ)

Read More...

Sunday, December 28, 2008

မျက်နှာဖုံးများဖြင့် ကခုန်ခြင်း


လေယာဉ်တံခါးက ထွက်လိုက်တော့ အေးချမ်းတဲ့ လေအေးက သူ့ခန္ဓာကိုယ်ကို တိုးဝှေ့သွားတယ်။ သူလာခဲ့တဲ့ အရပ်ဒေသနဲ့မတူတဲ့ ရာသီဥတု၊ အပြင်အဆင်တွေက မြင်ကွင်းကို အသစ်အဆန်းဖြစ်နေစေတယ်။ သူလာခဲ့တဲ့ ဒေသမှာတော့ လူတွေကားတွေ မနားတမ်းလှုပ်ရှားရုန်းကန်နေကြတယ်။ သစ်ပင်ကြီးကြီးမားမားတွေလည်း မြို့ထဲ မှာသိပ်မရှိ၊ ပန်းမာန်တို့ရဲ့စိမ်းလမ်းစိုပြေမှုမရှိဘဲ ခြောက်သွေ့လို့နေတယ်၊ ကားတွေ စားသောက်ဆိုင်တွေက ထွက် တဲ့မီးခိုးငွေ့ရနံ့တွေလှိုင်နေတဲ့ လေထုလည်းရှိရဲ့။ ခုရောက်ရှိနေထိုင်မဲ့ မြို့လေးမှာတော့ ထိုအရာများကို တွေ့မြင် ခံစားရမှာ မဟုတ်တော့ပေ။

အသင့်စောင့်ကြိုနေတဲ့ကားပေါ်မှာ သူစီးနှင်းလိုက်ပါလာတော့မှ မြို့လေးကိုသူ သေချာစိတ်ကြိုက် လေ့လာ ခွင့်ရသွားတယ်။ မြို့လေးမှာ ကားတွေ၊ ယာဉ်တွေသိပ်မရှုပ်ထွေး၊ ထူးခြားတာက လူတိုင်းလိုလိုပင် စက်ဘီးတွေကို အားကိုးပြီး ခရီးသွားလာနေကြခြင်းပင်။ ပြီးတော့မြို့ပြမှာမြင်ရခဲသော မြင်းလှည်းများ။ ထို့နောက် ထူးခြားလှပတဲ့ မြင်းရထားလုံးများ။ မြင်မြင်သမျှ အရာအားလုံးသူ့အတွက်တော့ အသစ်တွေဖြစ်လို့နေသည်။

သူစီးလာတဲ့ကား လမ်းမကြီးဆီကနေ လမ်းသွယ်ထဲကိုဝင်လာတော့ မြင်ကွင်းတွေကတမျိုးပြောင်းသွားတယ်။ အိမ်ပုံစံတွေက ခေတ်မှီပုံစံတွေ မဟုတ်ပေမဲ့ ခန်းငြားထည်ဝါမှုကြောင့် အမြင်မှာတင့်တည်လှသည်။ ခြံဝင်းကျယ် များကြောင့် အိမ်၏ပုံစံကိုခြံဝက မမြင်သာအောင် ဂိတ်တံခါးနှင့် အိမ်ဆင်ဝင်တို့အလှမ်းကွာဝေးသည်။ သူပင်စင်ယူ ရတော့မယ်ဆိုတည်းက ဒီမြို့လေးကို ခေါင်းချရာမြို့လေးအဖြစ်ရွေးချယ်ခဲ့သည်။ တိတ်ဆိတ်မှုကို နှစ်ချိုက်လွန်း သော သူ့အတွက်တော့ အတော့်ကိုစိတ်ကျေနပ်ဖွယ်ကောင်းသော ရွေးချယ်မှုတခုပင်။

တသက်လုံး အစိုးရတရားသူကြီ်း အဖြစ်အမှုထမ်းခဲ့ရ၍ ဝန်ထမ်းများအတွက်ပေးတဲ့ အိမ်တွေမှာနေခဲ့ရလို့ မိမိစိတ်ကြိုက် အိမ်ဖွဲ့စည်းမှုမျိုး ရွေးချယ်ခွင့်မရခဲ့။ ပင်စင်ယူဖို့ နှစ်အနည်းငယ်အလိုကမှ ဒီမြို့လေးကို သူ့စိတ်ကူး ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူလိုချင်တဲ့ ပတ်ဝန်းကျင်အနေအထားကို ပွဲစားဖြစ်သူအားပြောပြပြီး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ပွဲစားပို့ပေးတဲ့ ဓာတ်ပုံကြည့်ပြီး ပတ်ဝန်းကျင်အနေအထားကို သူငယ်ချင်း ဆရာဝန်ကြီးထံမှာ စုံစမ်းပြီးတဲ့နောက် ချက်ချင်းပင် ငွေချေကာ ဒီအိမ်ကြီးကို သူဝယ်ယူခဲ့သည်။

ခြံဝင်းတံခါး အမည်းရောင်မှာ ကနှုတ်ပန်းလေးတွေကို ရွှေရောင်သုတ်ထားတဲ့ ခြံဝင်းကျယ်တခုရှေ့မှာ စီးလာတဲ့ ကားရပ်လိုက်တယ်။ ခြံစောင့်ကောင်လေးက ဝင်းတံခါးကို အသင့်စောင့်နေတဲ့ပုံနဲ့ ဖွင့်ပေးလိုက်တယ်။ ခန်းနားလှ တဲ့ တိုက်အဝင်ပေါက်က ဆင်ဝင်တိုင်လုံးကြီးကို ခြံဝကနေတောင်လှမ်းမြင်နေရတယ်။ ခြံအဝင် ဂိတ်တံခါးနဲ့ ဆင်ဝင်အောက်ကို သွားတဲ့ လမ်းလေးရဲ့ တဖက်တချက်မှာတော့ နှင်းဆီပန်းတွေကို ရောင်စုံစိုက်ထားတာတွေ့ခဲ့ရ လို့ အတော်လေးကြည်နှုးခဲ့မိသေးတယ်။

အိမ်ကြီးရဲ့ ထည်ဝါခန့်ငြားမှုကို အုပ်ကျွပ်မိုးနီနီတွေက ပံ့ပိုးထားသည်။ အိမ်ထဲကို မဝင်သေးပဲနဲ့ အိမ်ကြီးကို သူတပတ်ကြည့်နေမိသည်။ အိမ်ကြီး က စစ်ပြီးခေတ်မှာဆောက်လုပ်ထားပုံရပေမဲ့ အဆက်မပြတ် ကောင်းမွန်စွာ ပြုပြင်မွန်းမံ့ထားတဲ့အတွက် အိုဟောင်းမသွားပဲ ပိုလို့ထည်ဝါနေသေးသည်။ ဆက်လျှောက်လာရင်း အိမ်နောက် ဘက်ကိုရောက်လာသည်။ အိမ်နောက်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ ကြောင်လိမ်လှေခါး တခုရှိသည်။ တွေ့ရမြင်ရသမျှတော့ အတော်လေးကို သူသဘောနှင့်တိုက်ဆိုင်သောအိမ်ကြီးပေပဲ။

အိမ်ရှေ့ဘက်ကိုပြန်ရောက်တော့ ခြံစောင့်ကောင်လေးနှင့် ကားမောင်းသူအပါအဝင် အခြားသူမတွေ့ဘူး သေးတဲ့သူများကိုတွေ့လိုက်ရသည်။

"မင်္ဂလာပါ ဦးမင်းထင် ခင်ဗျား .. ကျနော်က ဦးဘိုးခင်ပါ။ ဒီအိမ်အတွက် အစစအရာရာ လိုအပ်တာတွေလုပ်ပေးဖို့ ဆရာဝန်ကြီး ဦးအေးမောင်က မှာထားပါတယ်။ ဒါကတော့ ခြံစောင့်တာဝန်ယူတဲ့ မောင်ကိုပါ။ ဒါကတော့ ထမင်းချက် ဒေါ်နော်။ ဒါကတော့ ဦးမင်းထင် သိပြီးတဲ့ အတိုင်း ယာဉ်မောင်း မောင်မြပါ။"

သူနဲ့ အသက်ရွယ်တူရှိမဲ့ ဦးဘိုးခင် ရဲ့ တယောက်ခြင်း မိတ်ဆက်ပေးသမျှကို သူ ပြုံးရင်းနှုတ်ဆက်လိုက်တယ်။ ခရီးပန်းလာလို့ အနားယူချင်နေပြီဖြစ်တာကို ရိပ်မိတဲ့ ဦးဘိုးခင်ကပဲ ဦးဆောင်ပြီးသူ့ကို အိမ်ထဲကိုခေါ်လာခဲ့တယ်။ အိမ်အဝင်ဝက တရုတ်ကြွေပန်းအိုးကြီး နှစ်လုံးက သူ့အမြင်ကိုစွဲဆောင်နေတယ်။ ဧည့်ခန်းကိုဖြတ်ပြီးတော့ သူတို့ လျှောက်လာတော့ တံခါးပိတ်ထားတဲ့ အခန်းတခုကို သူသတိထားမိသွားတယ်။ ဘာအခန်းလဲ လို့မေးကြည့် မိတော့ စာကြည့်ခန်းဖြစ်နေသည်။

အပေါ်ထပ်ကိုတက်တဲ့လှေကား ပေါ်ကိုခြေချလိုက်မိတော့မှ လှေကားရဲ့ ထိပ်နံရံမှာ ထူးခြားတဲ့ မျက်နှာဖုံးတခုကို ချိတ်ထားတာတွေ့လိုက်ရလို့ မေးကြည့်လိုက်တော့။

"ဟုတ်ပါတယ် ဆရာ … အရင်အိမ်ပိုင်ရှင်က ဒီလိုမျက်နှာဖုံးတွေ စုဆောင်းရတာ ဝါသနာပါတယ်။ ဒါမျိုးမျက်နှာဖုံးတွေ အခန်းတိုင်းနီးပါးရဲ့ နံရံတွေပေါ်မှာရှိတယ်ဆရာ။ အရင်ပိုင်ရှင်က သံတမာန်ဟောင်းတဦး ဆိုတော့ မျက်နှာဖုံးတွေကို နိုင်ငံပေါင်းစုံက လက်ရာတွေစုဆောင်းထားလေ့ရှိတယ်။ ဆရာ မကြိုက်ရင် ဖြုတ်ပစ်လိုက်ရမလား…"

ဦးဘိုးခင်ကို သူလက်ကာပြလိုက်တယ်.. "မဖြုတ်ပါနဲ့ သူဘာသူကြည့်ကောင်းနေသားပဲ" မျက်နှာဖုံးပုံစံကို ကြည့်တာနဲ့တင် ဂျပန်ပြည်က လက်ရာဆိုတာတော့ သတိထားလိုက်မိတယ်။ ပြဇာတ်ကရာမှာ ဝတ်ဆင်လေ့ရှိတဲ့ မျက်နှာဖုံးမျိုး။ မျက်နှာဖုံး အသွင်က အနည်းငယ် အကျည်းတန်သည်။

အရင်အိမ်ပိုင်ရှင် သေဆုံးသွားလို့ ကျန်ရစ်သူမိသားစုဆီက ဒီအိမ်ကို သူပြန်ဝယ်လိုက်တာပဲ။ သူတို့ကလည်း အိမ်ထောင်ပရိဘောဂ ပစ္စည်းများအားလုံးကို တပါတည်းထားပစ်ခဲ့ကြသည်။

အပေါ်ထပ်ကိုရောက်တော့ လှေကားထိပ်က အခန်းကို ဦးဘိုးခင်က ဖွင့်ပေးသည်။ အခန်းထဲမှာ သူ့ရဲ့ အိတ်ကို ကုတင်ခြေရင်းမှာချထားတာတွေ့ရသည်။ သူ့ကိုထားခဲ့ပြီး ဦးဘိုးခင်ပြန်ဆင်းသွားတော့ အခန်းကိုလိုက်ကြည့်မိ တော့… ။ ကုတင်ရဲ့ ခေါင်းရင်းတည့်တည့်နံရံပေါ်မှာ လှပတဲ့ အမျိုးသမီးအသွင် မျက်နှာဖုံး တခုကို ထပ်တွေ့ ရပြန်တယ်။

ဒီတခါမျက်နှာဖုံးကတော့ ကြည်လဲ့တဲ့ အပြာရောင်နဲ့ ရွှေရောင်ရောစပ်အသုံးပြုထားပြီး။ ဦးခေါင်းထိပ် မှာ အပြာရောင်ရင့်ရင့်ဌက်မွေးတောင်တွေနဲ့အလှဆင်ထားသည်။ နီညိုရောင်ကတ္တီပါ နောက်ခံနံရံ နှင့် ကြည်ပြာ ရောင် မျက်နှာဖုံးလိုက်ဖက်မှုကိုကြည့်ရင်း အရင်အိမ်ရှင်ရဲ့အနုပညာဆန်မှုကို သူ မလေးစားပဲမနေနိုင်အောင် ဖြစ်ရသည်။ အခန်းကို စိတ်ကြိုက်လှည့်ပတ်ကြည့်ရှုပြီးတော့မှ သူရေချိုးခန်း ဘက်ကိုခြေလှမ်းပြင်လိုက်သည်။

ရေချိုးခန်းထဲမှာတော့ မျက်နှာဖုံး တခုမှ ချိတ်ဆွဲထားခြင်းမရှိတာကို သတိထားမိလို့ တကိုယ်တည်းပြုံးမိလိုက် တယ်။ ရေချိုးပြီးတော့ ခုတင်ပေါ်မှာ လှဲလိုက်ရင်း လေယာဉ်ပျံစီးခဲ့ရလို့ ညောင်းညာနေတဲ့ ခန္ဓာကိုယ်ကိုဆန့်ရင်း အိပ်မောကျသွားခဲ့တာ ညစာစားဖို့ ဦးဘိုးခင်လာနိုးမှပဲ နိုးတော့တယ်။

ညစာကို စားပွဲမှာ အဆင်သင့်ခူးထားသည်။ ညစာစားပြီးတော့ သူ စာကြည့်ခန်းဘက်ကို လျှောက်လာလိုက်တယ်။ အခန်းကို ဝင်ဝင်ခြင်းတွေ့လိုက်ရတဲ့ အပြင်အဆင်နဲ့တင် သူစိတ်ကြိုက်ဖြစ်နေတယ်။ သူ မရောက်ခင်ထဲက ကြိုတင်ပို့ထားတဲ့ သူ့တသက်တာ စုဆောင်းထားတဲ့ စာအုပ်တွေက ဦးဘိုးခင် စီစဉ်ထားမှုကြောင့် နံရံကပ်ဘီဒို တွေထဲမှာ စနစ်တကျရှိလို့နေတယ်။

အခန်းရဲ့ အလယ်ကကျွန်းစားပွဲကြီးဆီကို လျှောက်လာပြီး ကုလားထိုင်မှာဝင်ထိုင်လိုက်တယ်။ စားပွဲရဲ့ မျက်နှာချင်း ဆိုင်နံရံပေါ်တွင် မျက်နှာဖုံးတွေ ချိတ်ဆွဲထားတယ်။ အီတာလီနိုင်ငံ ဗင်းနစ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့မျက်နှာဖုံးတပ် ပွဲတော်မှာ ဝတ်ဆင်လေ့ရှိတဲ့ ဂျိုကာပုံစံမျက်နှာဖုံး၊ ဌက်မွေးတွေနဲ့လှပတဲ့ ရွှေရောင်အနားကွပ် မျက်နှာဖုံးတွေ အပြင်၊ သူတခါမှမမြင်ဘူးတဲ့ ဘယ်နိုင်ငံတွေကမှန်း မသိနိုင်တဲ့ မျက်နှာဖုံးပုံများကို နံရံမှာချိတ်ဆွဲထားတယ်။ အမည်းရောင်ကတ္တီပါ နောက်ခံနဲ့မို့ မျက်နှာဖုံးတွေကို ရုပ်လုံးပိုကြွနေစေတယ်။

ဒီအိမ်ပိုင်ရှင်က ဘာလို့ မျက်နှာဖုံးပုံတွေကိုမှ ရွေးချယ်စုဆောင်းခဲ့တာလဲဆိုတာကို သူ ပထမဆုံးအကြိမ် စဉ်းစားဖြစ်သွားတယ်။ ဒီမျက်နှာဖုံးပုံတွေက ထူးခြားနေတာတော့ အမှန်ပင်။ လှပတယ် ထည်ဝါတယ် ခန့်ညား တယ်။ တွေ့မြင်လိုက်သူတွေရဲ့ စိတ်ကိုလှုပ်ရှားသွားစေတယ်။ ဒါပေမဲ့ မျက်နှာဖုံးတွေရဲ့ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ မျက်လုံးနေရာတွေကတော့ သိပ်နှစ်မျို့စရာမကောင်းလှ။ ဘာလို့ မနှစ်မျို့တဲ့ ခံစားမှုဖြစ်တယ်ဆိုတာ သူကိုယ်တိုင်လည်း သေချာမသိ။ မျက်လုံးနေရာတွေက သူ့စိတ်ကို မသိုးမသန့်ဖြစ်စေသည်ဟု ခံစားနေရသည်။

သူ စာကြည့်စားပွဲမှာထိုင်ပြီး စာအုပ်တအုပ်ကို ဖတ်နေလိုက်သည်။ စာသာဖတ်နေသည် စိတ်က စာထဲမှာသိပ်မရှိ တစုံတယောက်က သူ့ကိုကြည့်နေသလိုလိုခံစားနေရသည်။ စာဖတ်နေလက်စကိုရပ်ပြီး ဦးခေါင်းကို မော့ကြည့်ပြီး မျက်နှာတူရှုကိုကြည့်လိုက်မိတော့ နံရံပေါ်က မျက်နှာဖုံးများရဲ့ မျက်လုံးဟောက်ပက်များနှင့် သူ့မျက်လုံးတွေ သွားဆုံလေသည်။ မဖြစ်တော့ သူစာဆက်ဖတ်လို့ ဘယ်လိုမှဖြစ်မည်မထင်တော့။

ဒီလှပသော မျက်နှာဖုံးတွေက ထင်ထားတာထက် သူ့ကို အနှောင့်အယှက်ပေးနေပြီ။ အသက် ၆၀ ကျော် ပင်စင်ယူပြီး အိုကြီးအိုမကျခါမှ သူရဲတစ္ဆေကို မယုံကြည်သောသူ့ အတွက် ဘာများ စိတ်မသိုးမသန့်ဖြစ်နေရတာ ပါလိမ့် သူကိုယ်သူ မကျေနပ်ပြန်တွေးမိသည်။ သူစိတ်ပျက်စွာထိုင်ရာမှ ထလိုက်သည်။ ခရီးလည်း ပန်းလာတယ် ဆိုတော့ စောစောအိပ်လိုက်တာက အကောင်းဆုံးဖြစ်မည်။

အပေါ်ထပ်ကိုတက်တဲ့ လှေကားထိပ်မှာ ချိတ်ထားတဲ့ မျက်နှာဖုံးပုံကိုတော့ သူမျက်နှာချင်းမဆိုင်ဖြစ်အောင် လှေကားထစ်တွေကို ငုံကြည့်ပြီးတက်လာခဲ့သည်။ အခန်းထဲရောက်တော့ ခေါင်းရင်းနံရံမှာ ချိတ်ထားတဲ့ ကြည်ပြာ ရောင်မျက်နှာဖုံး ရဲ့ မျက်လုံးများကိုလည်း မကြည့်ဖြစ်အောင် ရှောင်တိမ်းနိုင်လိုက်သည်။ ညသောက်စရာရှိတဲ့ ဆေးသောက်ပြီး။ ကိုယ်လက်ဆေးကြောသုတ်သင်ကာ သူ အိပ်ရာဝင်သည်။ အိပ်ရာပြောင်းဖြစ်လို့ အတော်နဲ့ သူအိပ်မပျော်…. ဟိုဒီတောင်စဉ်ရေမရ အတွေးတွေလျှောက်တွေးနေမိသည်။ သူ အခြေချတော့မဲ့ မြို့လေး အကြောင်းရော .. အိမ်သစ်အကြောင်း.. ပင်စင်ယူခဲ့တဲ့ အလုပ်အကြောင်းတွေပါ တောင်စဉ်ရေမရ စဉ်းစားနေမိ သည်။

လေပြေလေးညင်ညင်သာသာ တိုက်ခတ်သလိုခံစားရတဲ့ အခိုက်မှာ မှေးကနဲတချက်ဖြစ်သွားသည်။

သူ့မျက်လုံး တွေကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်အခန်းတခုထဲမှာရောက်နေသည်။ ရှေ့တည့်တည့်ရှိ တံခါးချပ် ကို ဆွဲဖွင့်လိုက်တော့ တရားစစ်ဆေးနေသည့် တရားခွင်ဖြစ်နေသည်။ သူကပရိသတ်တွေထိုင်သည့် နေရာတွင် ဝင်ထိုင်လိုက်သည်။ ထူးခြားနေသည်က တရားစစ်ဆေးသူများအားလုံး မျက်နှာဖုံးများ ဝတ်ဆင်ထားခြင်းပင်။ တရားသူကြီး ရဲ့ ရှေ့တည့်တည့် တရားစစ်ခံသောနေရာတွင် တရားခံတယောက်ရှိနေသည်။

ထိုသူသည် သူခိုးမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ထိုသူသည် အပြစ်ဒဏ်ကျခံရမည်ကို ကြောက်ရွံ့နေရမည့် အစား လူအားလုံးကိုမထေမဲ့မြင်ပုံစံနှင့်ခါးထောက်ပြီး တရားစီရင်ချက်ကို နားထောင်နေလေသည်။ တရားခံဖြင့် မတူသောတရားခံတယောက်ပင်။ ပို၍ထူးခြားသည်က တရားသူကြီးသည် ရွှေရောင်နှင့် ငွေရောင်ရောစပ်ထားပြီး ကျောက်မျက်ရတနာတွေ စီချယ်ထားတဲ့ ချောမောလှပသော မိန်းမပျိုမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ဂျူရီ လူကြီးမင်းများသည်လည်း အမျိုးမျိုးသော မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။

ဂျူရီလူကြီးမင်းများက တီးတိုးတိုင်ပင်ပြီးနောက် သူတို့၏ ဆုံးဖြတ်ချက်ပါစာအိတ်ကို တရားသူကြီးထံ လူရွှင်တော် မျက်နှာဖုံးတပ်ထားသူ ဂျူရီလူကြီးမင်းက လှမ်းပေးလိုက်သည်။ တရားသူကြီးသည် တရားခံအားအမှုမှ ကွင်းလုံး ကျွတ်လွှတ်လိုက်ကြောင်း ကြေညာလိုက်လေသည်။ တရားခံ၏မူလက မထေမဲ့မြင်ပုံစံမှာပို၍ ဆောင့်ကြွားကြွား နိုင်စွာဖြင့်အခန်းထဲမှထွက်ခွာသွားတော့သည်။ တရားသူကြီးနှင့်တကွ ဂျူရီလူကြီးများအားလုံးလည်း ထွက်ခွာ သွားကြသည်။

သူသည် နေရာမှမထပဲ စိတ်ညစ်ညူးလာသည်။ ပုံမှန်မဟုတ်သည့်တရားစီရင်ပုံကိုကြည့်ပြီး တရားသူကြီးနှင့်တကွ ဂျူရီလူကြီးမင်းမျာ်း ဘက်လိုက်စွာဆုံးဖြတ်ခဲ့သည်ကို အော်ကလီဆန်စွာတွေးမိလာပြီး ပျို့အန်မိတော့ မလိုဖြစ် လာသည်။ ခနနေတော့ ခုနက တရားသူကြီးပြန်ထွက်လာပြီး ကုလားထိုင်မှာ ထိုင်လိုက်ပြန်သည်။ ဂျူရီလူကြီး တွေလည်း သူတို့နေရာပြန်လာထိုင်နေကြပြန်သည်။ နောက်ထပ် အမှုတခုကို စီရင်ချက်ချဖို့ အတွက် တရားခံကိုခေါ်ထုတ် လာဖို့ တရားသူကြီးမှ အမိန့်ပေးလိုက်သည်။

ဒီတခါတော့ တရားသူကြီးသည် စုန်းကဝေတကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသော မျက်နှာဖုံးကိုဝတ်ဆင် ထားသည်။ မျက်နှာဖုံးအရောင်မှာသွေးကဲ့သို့ နီရဲနေသည်ကို ကြည့်ပြီး ရှေ့ဆက်ဘာတွေဖြစ်မလည်းဆိုပြီး သူ စိတ်စောနေသည်။ တရားခံကိုခေါ်ထုတ်လာကြသည်။ တရားခံသည် အဖြူနှင့်ရွှေရောင်ရောစပ်ထားသော တည်ကြည်လေးမြတ်သည့် သူရဲကောင်းလူငယ်တဦး၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ လူငယ်၏ မျက်နှာဖုံးမှ တောက်ပ သောအရောင်များကြောင့် တရားခွင်တခုလုံးပို၍ လင်းထိန်နေတော့သည်။

လူငယ်သည် တရားသူကြီးရှေ့တွင် ရဲရင့်စွာထည်ဝါသောကိုယ်နေဟန်ဖြင့် စီရင်ချက်ချမည်ကို စောင့်စားနေသည်။ ဂျူရီလူကြီးများက ထုံးစံအတိုင်းပင် တီးတိုးတွတ်ထိုးနေကြပြန်သည်။ တချို့က ဆုံးဖြတ်ချက်ချရမည်ကို ချီတုံ ချတုံဖြစ်နေကြပုံရှိနေသည်။ တခေါက်ထပ်၍တိုင်ပင်ကြပြန်သည်။ ဂျူရီလူကြီးများရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေ သော တရားသူကြီးက စိတ်မရှည်စွာဖြင့်ချောင်းတချက်ဟန့်လိုက်သည်။ ဗြုန်းဆို တံခါးရွက်များ လေခပ် ပြင်းပြင်း တိုက်ခတ်သကဲ့သို့ အရှိန်ပြင်းစွာပွင့်ထွက်သွားပြီး တကိုယ်လုံးအစိမ်းရင့်ရောင်ဝတ်စုံဖြင့် မြေခွေးမျက်နှာဖုံးတပ် ထားသူ လူတဦးဝင်လာသည်။ လက်ထဲတွင်လည်း အနက်ရောင်စာအိတ်ကြီး တအိတ်ကို ယူဆောင်လာသည်။

ထိုသူကိုတွေ့လိုက်သည်နှင့် တရားသူကြီးမင်းသည် ထိုင်နေရာမှထ၍ အရိုအသေပေးမိတော့မတတ် လှုပ်လှုပ် ရှားရှားဖြစ်သွားသည်။ ထိုအစိမ်းရောင်ဝတ်စုံနှင့်လူသည် မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ပန်ဖြင့် တရားသူကြီး နေရာသို့ သွား၍လက်ထဲ၌ကိုင်ဆောင်လာသော အနက်ရောင်စာအိတ်ကြီးကို တရားသူကြီးကိုပေးလိုက်သည်။ တရားသူကြီးသည် စာအိတ်ကိုဖွင့်ဖတ်ပြီးနောက် အားရကျေနပ်ဟန်ဖြင့်ခေါင်းကိုငြိမ့်လိုက်သည်။ ထို့နောက် သွားများကိုစေ့၍ထွက်လာသော အံကြိတ်သံဖြင့် စီရင်ချက်အမိန့်ကိုဖတ်လိုက်သည်။ ဂျူရီလူကြီးမင်းများသည် ဤအမှုတွင် အသုံးမဝင်တော့ချေ။ ဂျူရီလူကြီးတချို့၏ သက်ပြင်းချသံသဲ့သဲ့ကို သူကြားလိုက်ရသည်။

အခန်းထဲတွင် တရားသူကြီး၏ မနှစ်မျို့ဖွယ်ရာ စီရင်ချက်ဖတ်နေသံမှတပါး တိတ်ဆိတ်နေသည်။ သူသည်မိမိ၏ အသက်ရှုသံကို ပြန်ကြားနေရသည့် တိတ်ဆိတ်ငြိမ်သက်မှုမျိုးကြောင့် စိတ်မသက်မသာဖြစ်လာသည်။ တရားခံ လူငယ်၏ မတုန်မလှုပ်နားထောင်နေသည်ပုံမှာ သူ့အား မလေးစားပဲမနေနိုင်လောက်အောင်ဖြစ်လာသည်။ လူငယ် ၏ မျက်နှာဖုံးမှ ဝင်းဝါသောအရောင်များသည်လည်း ပို၍ထိန်လင်း တောက်ပလာနေသည်။

စီရင်ချက်ဖတ်ကြားပြီးအဆုံးတွင် အမိန့်ကိုဖတ်ကြားနေသော တရားသူကြီး ၏ မျက်နှာဖုံးအရောင်သည် သွေးပုပ် ရောင်ကိုပြောင်းလွဲသွားတော့သည်။ လူငယ်အား သေစားသေစေအမိန့်ချမှတ်လိုက်သည်။ တရားခွင် လာရောက် နားထောင်သောပရိသတ်၏ ကန့်ကွက်သံတို့ဖြင့် တရားခွင် တခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ တရားသူကြီး၏ စားပွဲကိုထုရိုက်သံသည် လူတို့၏ ဆူညံ့စွာ ငြင်းခုံမှုများအောက်တွင်ပျောက်ဆုံးနေတော့သည်။

တရားသူကြီးသည် လူများသူ၏ အမိန့်ကိုမနာခံသဖြင့်ပို၍ ဒေါသပေါက်ကွဲလာတော့သည်။ ဒေါသပိုပြင်းထန်လာ လေ စုန်းကဝေမျက်နှာဖုံးသည် သွေးများယိုစိမ့်ထွက်ကျလာတော့မည်ကဲ့သို့ နီရဲ လာနေသည်။ ဘေးပတ်ဝန်းကျင် ရှိ မြင်ကွင်းများကြောင့် သူ စိတ်မသက်မသာဖြစ်လာသည်။ ဆူညံ့သောအသံများကြောင့် အာရုံကြောတွေ ကိုက်ခဲလာသည်ကို ဆက်လက်၍ သည်းမခံနိုင်သည့် အဆုံး နေရာမှ ထရပ်လိုက်သည်။

တရားသူကြီး ၏ ကျယ်လောင်သော အမိန့်ပေးသံ အဆုံးတွင် မျက်နှာဖုံးတပ်လူများက သူ့ကို ဖမ်းချုပ် လိုက်ကြသည်။ သူအာခေါင်တွေကွဲမတတ် သူအပြစ်မရှိကြောင်းရှင်းပြနေသော်လည်း။ တရားခွင်ရဲ့ ပွက်လောရိုက် နေသော အသံများအောက်တွင် တိုး၍မပေါက်နိုင်ဖြစ်နေတော့သည်။ နောက်ဆုံးတော့ သူ ကိုယ်တိုင်လက်ကို ကြိုးများဖြင့်တုပ်နှောင်ခံထားရပြီး တရားအစစ်ခံရသောနေရာတွင် ရပ်နေလျက်သားဖြစ်နေသည်။ တရားသူကြီး သည် မျက်နှာအမူရာသုံးမျိုးပါရှိသော မျက်နှာဖုံးကို ဝတ်ဆင်ထားပြန်သည်။

သူသည် တရားစီရင်ရာတွင် မျှတမှုမရှိသောတရားသူကြီး ကိုကြောက်ရွံ့ပြီး ကိုယ်ခန္ဓာတခုလုံးတုန်ခါနေတော့ သည်။ မျက်နှာခြင်းဆိုင်မှာရှိသော တရားသူကြီး ကို မော့အကြည့်တွင် မျက်နှာဖုံးနောက်ကွယ် မှ မျက်လုံးများနှင့် သွားဆုံသည်တွင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားရသည်။

တရားသူကြီး၏မျက်လုံးများသည် သူ့မျက်လုံးများ ….. သူ၏မျက်လုံးများဖြစ်လို့နေသည်။ သူသေချာအောင် ထပ်ကြည့်သည်… အထပ်ထပ် .. အခါခါ … အခေါက်ခေါက်… မျက်လုံးများ … သူ့မျက်လုံးများ.. ရှက်ရွံ့ဝမ်းနည်းသည့်ခံစားချက်ကြောင့် ရင်ထဲ၌နာကျင်လာသည် …. အပြစ်မရှိသော လူငယ်လေးတဦးကို သေစားသေစေအမိန့်ချမှတ်ခဲ့သော ကြံရာပါ ကောက်ကျစ်စဉ်းလဲသော တရားသူကြီး … ….သူကိုယ်တိုင် ဖြစ်နေသည်ကို မယုံကြည်နိုင်စွာ ဦးခေါင်းများကို ခါရမ်းပစ်မိနေသည် … မျက်လုံးထဲတွင် မျက်နှာဖုံးတပ်လူများ ၏ အရိပ်များယိမ်းထိုးကခုန်နေကြသည်… ………. ခေါင်းများမူးနောက်အောင် ရှက်ရွံ့သိမ်ငယ်သည့် ခံစားချက်က သူ့ကိုထိုးနှက် တိုက်ခိုက်လာသည်…. ထိုခနမှာပင် သူ့ခန္ဓာကိုယ်သည် လေထဲမှ အောက်ကိုတလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်…….။

တကိုယ်လုံးချွေးများရွှဲစိုပြီးသူနိုးလာသည်။ ညလယ်ကြီးမှာတယောက်ထည်း အိပ်မက်တွေမက်ပြီး သူနိုးလာခဲ့ သည်ပဲ။ အိပ်မက်သည် ပြန်လည်တွေးတောချင်စရာမကောင်းအောင်ကို ချောက်ချားစရာကောင်းလှ သည်။

အကယ်၍သာ အိပ်မက်ထဲကလို တရားမျှတမှုမရှိသော ဘက်လိုက်တတ်သော အဂတိလိုက်စားသော ကြံရာပါ တရားသူကြီးအဖြစ် အပြင်မှာသူကိုယ်တိုင်ရော တကယ်ဖြစ်ခဲ့ဘူးပါလားလို့ သူ့ရဲ့ လုပ်သက်တလျှောက်လုံး စစ်ဆေးကြားနာခဲ့သော အမှုများကို သူပြန်လည် စမ်းစစ်ကြည့်နေမိသည်။

သူသည် ဂတိ၊ အဂတိ ဆိုသော တရားတွေကို ဘဝတလျှောက်လုံး ကောင်းမွန်စွာစောင့်ထိန်းခဲ့သော တရားသူကြီး တဦးသာဖြစ်ခဲ့ကြောင်း သူကိုယ်သူ သေချာသွားမှပဲ သက်ပြင်းငွေ့ငွေ့ကို ဆွဲဆွဲငင်ငင်ချ လိုက်ရင်း စိတ်ချလက်ချ ပြန်လည်အိပ်မောကျသွားတော့သည်။ ။





စိုးသင့်ဆွေ
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၀၈
နံနက် ၁း၆၅ မိနစ်

(ဓာတ်ပုံကို www.sxc.hu/profile/Slash41 ထံမှယူပါသည်



Read More...

Thursday, December 18, 2008

အမှတ်တရ ဒီဇင်ဘာည တစ်ည


မနက်စောစောနိုးလာတော့ အိပ်ယာကမထခင် နဖူးပေါ်လက်တင် စဉ်းစားရင်းနဲ့ နောက်အပတ်ဆိုရင် ခရစ္စမတ် ရောက်တော့မှာပါလားဆိုတာ တွေးပြီးပျော်လာတယ် အမှန်တော့ကိုယ်က ခရစ်ယန်ဘာသာဝင် တယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း ဒီဇင်ဘာလကိုရောက်ရင် စိတ်ထဲအလိုလို ပျော်လာတတ်တယ်။

ခပ်ငယ်ငယ်ပိစိကွေး ဘဝတုန်းကတော့ ဆောင်းတွင်းကို သိပ်မကြိုက်ချင်ဘူး။ ချမ်း လွန်းတယ်လို့ ထင်မိတာ ကလည်းတကြောင်း၊ ပြီးတော့ ဆောင်းတွင်းကိုရောက်ပြီဆိုရင် ခြေထောက်တွေ လက်တွေ အဆီခြောက်ပြီး ကွဲတတ်တာမို့ လုံးဝမကြိုက်။ ခြေတွေ လက်တွေကလည်း ကွဲပြီဆိုမှဖြင့် သွေး တောက်တောက်ကျအောင် ဖြစ်တတ်တာဆိုတော့ ဆောင်းတွင်းကို လုံးဝမကြိုက်။

နည်းနည်းကြီးလာတော့.. ဆောင်းတွင်းကိုချစ်တတ်လာရော။ ဘာလို့လည်းသိလား ဆောင်းတွင်းရဲ့ မြူနှင်းစိုင်းတဲ့ မနက်ခင်းတွေမှာ မောင်နှမတွေ အိပ်ယာစောစောထ အိမ်နဲ့မနီးမဝေးက အကြော်တဲလေးဆီကိုသွားပြီး စောစောစီးစီး အကြော်လေး နဲ့ ရေနွေးကြမ်းလေးကိုသောက်ရင်း နှင်းစက်တွေသစ်ရွက်တွေပေါ်ကျတဲ့ အသံကို နားထောင်ပြီး ဟိုတွေးဒီတွေးလုပ်ရတာ သိပ်အရသာရှိတာပဲ။ ကံကောင်းလို့ ကောက်ညှင်းပေါင်းသည် လာရင်တော့ အကြော်နဲ့ ကောက်ညှင်းပေါင်း အတူတူတွဲစားပြန်တော့ ပိုလို့တောင်ကောင်းပြန်သေး။

ဒီဇင်ဘာလဆိုရင် ကျောင်းတွေပိတ်တော့ ငယ်ငယ်က အဖေတာဝန်ကျတဲ့ ပျဉ်းမနားကိုလိုက်သွားရတာကိုလည်း ထည့်ပြောမှ ဆောင်းတွင်းကို ချစ်တတ်လာတာပြီးပြည့်စုံမယ်ထင်တယ်။ ပျဉ်းမနားမြို့ပြင်မှာရှိတဲ့ သကြားစက်မှာ အဖေတာဝန်ကျနေတုန်းက ကျောင်းပိတ်ပြီဆို အမေနဲ့အတူတူ အဖေ့ဆီအလည်သွားတာပေါ့။ အကိုကတော့ ရန်ကုန်ပျော်သူကြီးဆိုတော့ တော်ရုံဘယ်တော့မှမလိုက်ဘူး။ ကိုယ်ကတော့ အမေ့နားက မခွာတဲ့သူမို့လို့ အမြဲတမ်းပါတာပေါ့။

နောက်ပြီး ရွယ်တူအပေါင်းအသင်းတွေရှိတော့ မပျင်းရတာကြောင့် လည်းလိုက်သွားတာပါတယ်။ အဲဒီမှာရှိတဲ့ သူငယ်ချင်းတွေကလည်း ကိုယ်လာမယ်ဆိုတာ အဖေ့ဆီကသိရင် ဝမ်းပန်းတသာနဲ့စောင့်နေတာပဲ။ ကိုယ်ကလည်း ပျဉ်းမနားမြို့ထဲကနေ စက်ရုံအထိ ၈မိုင်လောက်မောင်းရတဲ့ ခရီးကို ကြာလှချေရဲ့လို့ထင်ပြီး ကားပေါ်မှာ ဂနာကိုမငြိမ်နိုင်ဘူး။

သကြားစက်စီမံကိန်းအတွက် ဆောက်ပေးထားတဲ့ တိုက်လုံးချင်းလေးတွေထဲမှာ ကိုယ်တို့အိမ်က ပထမဆုံး စက်ထဲဝင်လိုက်တာနဲ့တွေ့ရမယ့် ထောင့်ကအိမ်ပဲ။ အိမ်ဘေးမှာ ဖုန်ထူတဲ့လှည်းလမ်းကြောင်းရှိတယ်။ အမေက လှဲရကျင်းရတာ ဖုန်ရှုပ်တယ်ဆိုပြီးတော့ မကြိုက်ဘူး ကိုယ်ကတော့သဘောကျတယ်။ ဘာလို့လည်းဆိုတော့ သူငယ်ချင်းတွေရဲ့ အိမ်က နောက်ဘက် တိုက်တန်း တတန်းကျော်လိုက်တာနဲ့ ရောက်ပြီ။

အိမ်ရှေ့ကိုကားဆိုက်တာနဲ့ အဖေ့ကိုတောင် နှုတ်မဆက်နိုင်ဘူး။ သူငယ်ချင်းတွေအိမ်ကိုတန်းနေအောင် ပြေးတာပဲ သူတို့ကလည်း တခါတလေ အိမ်ကလာစောင့်နေကြတယ်။ သူတို့လည်းကျောင်းပိတ် ထားလို့ အပြတ်မီးကုန်ယမ်းကုန်ကဲဖို့တာဆူနေကြပြီး စောင့်နေတာပေါ့။ ရောက်တဲ့အချိန်ကစပြီး ကစားလိုက်တာ တနေ့မှဖမ်း လို့မမိလို့ အမေက အဖေကိုတွေ့ဖို့လာတာလား သူငယ်ချင်းတွေကို တွေ့ဖို့လာတာလား ဆိုပြီး ဆူယူရတဲ့အထိပဲ။

သူငယ်ချင်းတွေက အဖေ့ သူငယ်ချင်းသားသမီးတွေပါ။ တချို့က ကိုယ့်လိုပဲ ရန်ကုန်ကလာတာ။ တချို့ကတော့ ပျဉ်းမနားမှာနေတဲ့သူတွေ။ ကိုယ်တို့ အုပ်စုမှာက အသက်အရွယ်စုံတယ်။ ဆယ်တန်းဖြေထားလို့ အားနေတဲ့ အကိုကြီးတောင်ပါသေးတယ်။ သူ့နာမည်တော့မေ့သွားပြီ။ ကိုယ်နဲ့ရွယ်တူက " မိနီ" အဖေ့သူငယ်ချင်း ဦးဇော်မင်း ရဲ့သမီး။ သူ့မှာ မောင်လေးတွေ ညီမလေးတွေရှိသေးတယ် သူတို့တွေနာမည်လည်းမေ့သွားပြီ။ " မိနီ " ကတော့ မှတ်မိနေတယ် ရွယ်တူမို့လို့။ အဲဒီတုန်းက ကိုယ်တို့က ၄တန်းပဲရှိသေးတာ။

ရန်ကုန်မှာကျတော့ အိမ်ထဲမှာ အတူတူနေတဲ့ မောင်နှမဝမ်းကွဲတွေနဲ့ပဲ ဆော့ရတယ် ခြံအပြင်မှာ ပေးမဆော့ဘူး။ ဒီက ရန်ကုန်မှာလို ကားတွေဘာတွေ ရှောင်နေစရာမလိုဘူး အလွန်ဆုံးရှိမှနွားလှည်းနဲ့ မြင်းလှည်းပဲရှိတာ ဆိုတော့ လွတ်လွတ်လပ်လပ် အပြင်မှာပေးဆော့ထားတယ်။ သူတို့နဲ့ ဆော့မှပဲ ကစားနည်း အသစ်တွေ သိရတယ်။ ထုတ်စီးထိုးတာတို့၊ လိပ်ဥဖွက်တမ်းတို့၊ စုံနေတာပဲ။ နောက်ပြီး အညာမို့ ကုက္ကိုလ်ပင်ကြီး တွေကလည်းပေါ၊ မန်ကျည်းပင်တွေကလည်းပေါဆိုတော့ အပင်တက်တတ်လာတာလည်း သူတို့ကျေးဇူးပဲ။

နောက်ပြီးတောလည်ထွက်တယ်ဆိုပြီး အနီးပါးနားက နေရာလေးတွေကိုလည်းသွားကြသေးတယ်။ ဟိုဆယ်တန်း ဖြေထားတဲ့ အကိုကြီးပါတော့ လူကြီးတွေက စိတ်ချလက်ချနဲ့ လွှတ်ထားလိုက်တာပဲ။ အရင်သကြားစက်ဟောင်း ဆောက်တုန်းက ခေါင်းတိုင်ကို ရှေ့နဲ့နောက်မှားဆောက်မိလို့ ခေါင်းတိုင်ထိပ်ကခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေ သွားတဲ့ ဂျပန်ကြီးရဲ့ အုတ်ဂူနားလည်း အကြောက်အလန့်မရှိသွားတာပဲ။

ဖုန်တွေအလိမ်းလိမ်းနဲ့ ကိုယ့်ခြေထောက် တွေကို ငုံကြည့်ရင်း နဲ့ ရန်ကုန်က မောင်နှမတွေကို သိပ်ပြချင်တာပဲ။ လှည်းတွေနဲ့ စက်ထဲကြိတ်ဖို့ ကြံချောင်းတွေသယ်သွားတာကို လှည်းမောင်းတဲ့ ကြံတောင်သူတွေဆီက ကြံလိုက်တောင်းရင် စားဖို့လောက်ကိုတော့ လက်က လှည်းမောင်းရင်းတဖက် ဓားနဲ့ကြံချောင်းကိုခုတ်ပေးသွား တာကလည်း အညာဒေသ က လူတွေရဲ့ ရိုးသားမှု ကိုသိသာစေတယ်။

လက်ခုပ်ပင်ကြီးတွေအောက်မှာ လက်ခုပ်သီးတွေသွားကောက်ရတာလည်း ဘာမှန်းတော့မသိဘူး ပျော်နေတာ ပဲ။ နွယ်ရှည်ညောင်ပင်ကြီးကိုတွေ့တော့လည်း နွယ်ပင်တုတ်တုတ်ကို ဒန်းလုပ်ပြီးစီးကြ၊ တွဲလောင်း ခိုစီးလိုက်နဲ့ ညောင်ပင်ခမျာလည်း ဒီမျောက်မူးလဲတွေရဲ့ လက်ချက်နဲ့ နွယ်ကြိုးတောင်အကိုင်းက မချရဲလောက် အောင်ပဲ။

သူငယ်ချင်းတွေထဲမှာ ခရစ်ယာန်ဘာသာဝင်သူငယ်ချင်း မောင်နှမတစုရှိတယ်။ သူတို့ကတော့ ကိုယ်လိုပဲ ရန်ကုန်ကနေ သူတို့အဖေဆီ အလည်လာတာပေါ့။ သူတို့ကတော့ အဖေ့သူငယ်ချင်း အန်ကယ်ဦးအေးကို သားသမီးတွေ။ သူတို့နာမည်တွေကိုတော့အကုန်မှတ်မိတယ်။ အစဉ်အတိုင်းပြောရရင် သဲသဲ (ကိုယ့်ထက် ကြီးတယ်)၊ ကိုကို(အရွယ်တူ)၊ အိနှင်း၊ မျိုး နဲ့ အောင်ထက်ကြီးတို့ပဲ။ ကိုကိုကတော့ သိပ်ပြီးတော့ လာကစား လေ့မရှိဘူး သူကခုတော့ လေယာဉ်ပျံကြီးမောင်းတဲ့ ပိုင်းလော့ကြီးဖြစ်သွားတယ်ဆိုပဲ။ မမသဲသဲရယ်၊ အိနှင်းရယ် မျိုးရယ် ကတော့ ကိုယ်တို့နဲ့ အဖွဲ့ကျတယ်။ အောင်ထက်ကတော့ အငယ်လေးဆိုတော့ ဝင်ကစားတချက် မကစားရတချက်ပဲ။

ဒီလိုမျောက်မူးသေအောင်ဆော့လာတဲ့ အဖွဲ့မှာ ခရစ္စမတ်မတိုင်ခင်နှစ်ပတ်လောက်အလိုလဲကျရော စိတ်ဝင်စား စရာကိစ္စတခုဖြစ်လာတယ်။ အဲဒါကတော့ သဲသဲတို့အိမ်မှာ လူကြီးတွေ ခရစ္စမတ်နားနီးလာပြီဆိုတော့ ဘုရား သီချင်းတွေဆိုကြတိုက်ကြနဲ့ သူတို့အိမ်မှာလူတွေဝင်လိုက်ထွက်လိုက်နဲ့ပေါ့။ ရန်ကုန်မှာတော့ အိမ်ကိုအသိတွေ ခရစ္စမတ်မရောက်ခင်ရက်တွေမှာ ခရစ္စမတ်သီချင်းတွေလာဆိုတာတွေ့ဖူးတယ်။ မေမေတို့လည်း ဒီသီချင်း တွေလိုက်ဆိုတာတွေ့ဖူးတယ်။

အိမ်တွေမှာ ဘုရားသခင်ရဲ့မွေးနေ့အခါတော်မှာ ဆုတောင်းပေးတဲ့အနေနဲ့ သီချင်းတွေဆိုတယ်လို့ပဲ သိထားတာ။ ခရစ်ယန်ဘာသာဝင်မဟုတ်ခဲ့လို့လည်း တခါမှအုပ်စုနဲ့လိုက်မဆိုခဲ့ဘူးဖူး။ သဲသဲတို့အိမ်မှာ သီချင်းတွေတိုက်နေသံ ကြားတော့မှ မျောက်အုပ်စုက အိမ်ပေါက်ဝမှာပြူတစ်ပြူတစ်နဲ့သွားစပ်စုကြတော့တာပေါ့။ သူတို့မေမေ သီချင်း တိုက်ဖို့လာတဲ့သူတွေအတွက်ချကျွေးထားတဲ့ မုန့်တွေလည်းကိုယ်တို့တွေ ဝိုင်းစားပစ်လိုက်တာပဲ။

နောက်တော့ သဲသဲကပြောတယ် နင်တို့တွေလည်း သီချင်းလိုက်ဆိုပါလားတဲ့။ အားလုံးတညီတညွတ်ထဲ "အေး" ဆိုပြီး ကလေးအုပ်ပါ သီချင်းတိုက်တဲ့ အထဲရောဝင်ဆိုကြတော့တယ်။ လူကြီးတွေကတော့ ဒီမျောက်ကလေးတွေ ငြိမ်ဆေးရသွားလို့ စိတ်အေးချမ်းသာသွားကြတယ်။ ပထမတော့ သီချင်းတိုက်နေတဲ့ လူကြီးတွေ စိတ်ညစ်တာပေါ့ အသံတွေက ကြောင်တဲ့ဟာက ကြောင်၊ အသံချရမယ့်နေရာလည်း မသိ၊ တက်ရမယ့်နေရာလည်း မသိနဲ့။ နောက်တော့ လူကြီးတယောက်သင်ပေးလိုက်တာနဲ့ ကလေးတွေလည်း ကီးကိုက်အောင်ဆိုတတ်သွားတယ်။

ဘယ်နေ့ ရပ်ကွက်ထဲလည်ဆိုရမှာလဲ ဆိုတော့ ခရစ္စမတ်နေ့ ညတဲ့။ အညာဒေသတို့ရဲ့ ထုံးစံအတိုင်း ပူရင်လည်း အရမ်းပူ၊ အေးရင်လည်း အရမ်းအေးတော့ ညဘက်ကြီးသီချင်းလိုက်ဆိုမယ်ဆိုတော့ ကိုယ်တို့တွေ နည်းနည်း တော့တွန့်သွားတယ်။ ကလေးတွေဆိုတော့ ညဘက် အေးစက်စက်ကြီးထဲ သီချင်းလိုက်ဆိုရမှာ တွေးပြီးတော့ လန့်တာပေါ့။

အဲဒါနဲ့ ကိုယ်တို့တွေ အဲဒီညကျရင် ငါကတော့ဘယ်ဦးထုပ်ဆောင်းမယ်၊ ဟိုတယောက်ကလည်း ငါ့မှာ ဆွယ်တာ အသစ်လေးရှိတာဝတ်ရမယ်နဲ့ အတွေးတွေများလို့ ခရစ္စမတ်ညကိုမျှော်ရင်းမောနေကြတာ နေ့လည်နေ့ခင်း ကောင်းကောင်းမဆော့နိုင်ကြဘူး။ မိဘတွေကတော့ ကလေးတွေတယ်ငြိမ်ပါလားပေါ့။ ကိုယ်တွေကသီချင်းလိုက် ဆိုမဲ့ကိစ္စကို စစ်ဆင်ရေးကြီးတခုလိုသဘောထားနေကြတာ သူတို့မသိဘူးလေ။

ခရစ္စမတ်နေ့ ညနေပိုင်းရောက်တာနဲ့ ဘယ်သူမှ ချိန်းစရာမလိုအောင် စုနေကြနေရာမှာ ကလေးအုပ်စုမိကြရော။ မိဘတွေကလည်း ကလေးတွေပါတော့ ညသူတို့လည်း လိုက်မယ်ပေါ့လေ။ အောင်မယ် ကိုယ်တို့အုပ်က အတော့် ကိုဟုတ်နေတာပေါ့။ သီချင်းစာသားတွေ မေ့သွားမှာကလည်းစိုးရိမ်နေကြသေးတယ်။ ကိစ္စတော့မရှိဘူးပေါ့ လူကြီးတွေပါတာပဲ ကိုယ်တွေမေ့ရင် သူတို့ဆိုလိမ့်မယ်ဆိုပြီး တယောက်နဲ့ တယောက် အားပေးနေရသေးးတယ်။

ကဲ… အိမ်ကစထွက်ပါပြီ။ စက်ရုံဝင်းကြီးကအကျယ်ကြီး ဝန်ထမ်းအိမ်တွေကလည်း စီမံကိန်းအတွက်ရော အရင်စက်ရုံအဟောင်းက ဝန်ထမ်းတွေရောရှိတာ။ ဒါပေမဲ့ ခရစ်ယာန်အိမ်တွေကိုပဲသွားဆိုမှာဆိုတော့ အိမ်ပေါက် စေ့ဆိုစရာတော့ မလိုဘူးပေါ့။ လမ်းတော့ဝေးဝေးလျှောက်ရမယ် ဒါလည်းကိစ္စမရှိပါဘူး စက်ရုံတဝင်းလုံးတောင် လှည့်ပတ်ဆော့နေတာဆိုတော့ အသာလေးပေါ့။

"We Wish you a Merry Christmas, We wish you a Merry Christmas and a Happy New Year" "Silent Night, Holy night All is clam all is bright …." ဒီလိုအင်္ဂလိပ်သီချင်းတွေကို မပီတပီနဲ့ အပြတ်ဟဲကြတဲ့အပြင်။

"ဒီဇင်ဘာရဲ့ အေးချမ်းလွန်းတဲ့ ည အချိန်အခါဝယ် …. …" ""ဤ အိမ်ပေါ်သို့ကောင်းချီးမင်္ဂလာရောက်စေသော်… ….. ကျေးဇူးတင်ပါတယ် ..ကျေးဇူးတင်ပါတယ် အိမ်ရှင်များတို့ရယ်…" လိုမြန်မာသီချင်းတွေ အဆုံး အသံပြာဝင်သည်အထိ ကလေးတအုပ်အော်ဆိုရင်း။ သွားလည်သောအိမ်များမှ ကျွေးမွေးသောအစား အသောက် များ သကြားလုံးများကို တဝကြီးစားသောက်ပြီးနောက်။ ည ၁၂နာရီကျော်မှ သဲသဲတို့အိမ်ပြန်ရောက်ပြီးတော့ သူတို့မေမေချက်ထားတဲ့ ကြာဇံချက်ကို တဝကြီးသောက်ပြီး ကိုယ်စီကိုယ်စီ မိဘတွေနဲ့အိမ်ကိုပြန်ကြပါတယ်။

အဲလို ပျဉ်းမနားမှာ အဖေ့နောက်အလည်သွားရင်းနဲ့ ခရစ္စမတ်မှာ သီချင်းဆိုခဲ့ဖူးတာက အစပြုပြီးတော့။ နောက်နောင် ခရစ်ယာန်သူငယ်ချင်းတွေရှိလာတော့ သူတို့တွေနဲ့ ခရစ္စမတ်နေ့မှာ Carol Singing ထွက်ရတာ ကိုနှစ်သက်တတ်လာတယ်။ သူတို့တွေ သီချင်းဆိုပြီးလို့ ခေါင်းငုံဆုတောင်းပေးနေတဲ့ အခါတွေမှာတော့ ကိုယ်က နံဘေးမှာ ယောင်နန ဖြစ်နေတတ်တာ တခုကလွဲရင် သီချင်းဆိုရတာကြိုက်တဲ့ ကိုယ့်အတွက်တော့ပျော်စရာပါပဲ။

ခုလည်း ခရစ္စမတ် နားနီးလာတာနဲ့ တယောက်တည်း ခရစ္စမတ်သီချင်းတွေ ဖွင့်ပြီး လိုက်ဆို၊ တယောက်တည်း ဆိုရတာ အားမရတာနဲ့ ခရစ်ယာန်သူငယ်ချင်းတွေ ရဲ့ ဘလော့ CBOX မှာ စာရေးပြီး သွားသွား အော်ဆို မိပြန်ပါတယ်။ တကယ်တော့ ခရစ္စမတ်သီချင်းတွေက ဒီလိုခရစ်တော်မွေးဖွားတဲ့ ဒီဇင်ဘာလ ခရစ္စမတ် ရက်မြတ်မှာသီဆိုမှလည်း ပိုပြီး ခံစားမှုရသမြောက်တာပါ။ နောက်တပတ် အထိပဲစိတ်ကြိုက် သီဆိုခွင့်ရှိတော့မှာ လို့ တွေးမိပြီး တေးသွားတပုဒ်ကို တိုးတိုးလေးသီဆိုမိနေပြန်ပါတော့တယ်။ ။






စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၈
နံနက် ၁း၄၃ မိနစ်
(ဓာတ်ပုံကို
www.soycandlesbyphebes.com မှယူပါသည်)

Read More...

Monday, December 15, 2008

လမ်းကလေး၏ အစွန်းနှစ်ဘက်


နံနက်ခင်းနေခြည်ဟာခန်းဆီးလိုက်ကာကို ထိုးဖေါက်ပြီး အ ဘွားအိုရဲ့ မျက်နှာပေါ်ဖြာကျလာတယ်။ ဌက်ကလေးတွေရဲ့ အော်သံလေးကို ကြားလိုက်ရချိန်မှာတော့ အဘွားအို မျက်လုံး တွေကိုဖြေးလေးစွာဖွင့်လိုက်တယ်။ နေ့သစ်တခုကို ရောက်ပြီဆိုတဲ့အသိနဲ့အတူ ခါတိုင်းနေ့နဲ့မတူတဲ့နေ့ဆိုတာကို သတိထားမိပြီး အဘွားအို နိုရာ စိတ်တွေလန်းဆန်းတက်ကြွ လို့နေတယ်။

အိပ်ရာနံဘေးက ပြူတင်းပေါက်တွေကို ကာရံထားတဲ့ အဝါရောင်ခန်းဆီးစလေးကို အားအင်ချိနေတဲ့ လက်ချောင်း လေးတွေနဲ့ ပင့်တင်လိုက်ရင်း ပြူတင်းပေါက်အပြင်ကို အဘွားအို ငေးမောကြည့်လိုက်တယ်။ သူ့ အခန်းပြူတင်းပေါက်ကနေ လှမ်းကြည့်ရင် လူအိုရုံ အဝင်ဂိတ်တံခါးဝဆီသွားတဲ့ လမ်းလေးကိုမြင်ရတယ်။

လမ်းလေးရဲ့ တဖက်တချက်မှာတော့ ပန်းရောင်စုံလေးတွေကို လူ၊ တိရစ္ဆာန်တွေ ဘေးကကာကွယ်ဖို့ အဖြူရောင် သစ်သားတိုင်လေးတွေနဲ့ ခြံခတ်ထားတယ်။ နံဘေးက မြက်ခင်းစိမ်းလေးတွေရဲ့ အနောက်ဘက်မှာတော့ လူတဖက်ထက်ကျော်တဲ့ မေပယ်ပင်ကြီးတွေကို လမ်းလေးနဲ့အပြိုင် တဘက်တချက် အစီအရီပေါက်နေတာ တွေ့ရမယ်။

နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ရွက်ကြွေကျစပြုနေတဲ့ မေပယ်ပင်ကြီးတွေကို ပိုပြီးကြည့်ကောင်းစေတယ်။ တပင်လုံးမှာရှိတဲ့အရွက်တွေ ရွှေဝါရောင်သန်းနေတဲ့ မေပယ်ပင်တွေဟာ နံနက်ခင်းနေခြည်ထိုးလိုက်မှ ရွှေအို ရောင်ပိုတောက်ပပြီး မြင်ရသူတွေရဲ့ အမြင်ဓာတ်ကို သိမ်းကြူံးညို့ငင်နေတယ်။

လမ်းပေါ်ကရွက်ကြွေတွေ ဆောင်းလေမြူးဆော့ကစားလို့ ဟိုဒီရှပ်တိုက်ပြေးနေတာကိုကြည့်နေရင်း သူ့ပါးပြင် တလျောက် မွေးညှင်းနုလေးများလှုပ်ခတ်သွားသလားလို့တောင် ထင်မိယောင်မှားဖြစ်လို့နေတယ်။ လမ်းလေးပေါ် နေပျောက်လေးတွေ ကွက်တိကွက်ကြားထိုးနေပုံလေးက အဘွားအိုရဲ့ စိတ်ဓာတ်ကို နုပျိုလန်းဆန်း လာစေတယ်။

ပြင်ပမြင်ကွင်းကိုကြည့်ရင်း သူ့နှလုံးအိမ် အနက်ရှိုင်းဆုံးအထိ အနွေးဓာတ်တခု ဖြစ်ပေါ်လာတာကို ကြည်နှုးစွာ ခံစားနေလိုက်တယ်။ ဒီလိုဆောင်းဝင်ခါစ မနက်ခင်းများရဲ့ အလှကို ကြုံတွေ့ခဲ့ဘူးတာ အကြိမ်ပေါင်း အတော်များ ခဲ့ပြီ။ ဒီမြင်ကွင်းတွေကို အတူတကွ ခံစားခဲ့ဖူးတဲ့ ချစ်ခင်ရင်းနှီးရသော မိသားစုဝင်များ သူငယ်ချင်း မိတ်ဆွေများကို အဘွားအို လွမ်းဆွတ်တမ်းတမိလာတယ်။

ပင့်မထားတဲ့ ခန်းဆီးစလေးကို ပြန်ချလိုက်ရင်း သေးကွေးပိန်လှီတဲ့ ခန္ဓာကိုယ်လေးကိုအသာလေး ကုတင်ပေါ် ပြန်လှဲလိုက်တယ်။ မျက်လုံးတွေကိုအသာ မှိတ်ထားလိုက်တယ် အိပ်ပျော်သွားမှာတော့မဟုတ်ဘူး။ ခုနက နံနက်ခင်း အလှအပတွေကို မျက်စိလုံးထဲ ပြန်မြင်ယောင်ရင်း အခန်းထဲကိုဝင်လာမဲ့ ခြေသံတစုံကို နားစွင့် နေမိတယ်။

"မင်္ဂလာနံနက်ခင်းပါ …. နေကောင်းရဲ့လား မစ္စ နိုရာ" ဒီလို နှုတ်ခွန်းဆက်သံတွေကို မနက်ခင်းတိုင်းကြားနေကြ။ မနက်တိုင်း ဒီနေ့အတွက်တာဝန်ကျကူညီစောင့်ရှောက်ပေးမဲ့ သူတယောက်ယောက် က အခန်းထဲကို ဝင်လာ ပြီး ဝေရာဝစ္စတွေလုပ်ပေးဖို့ ခန်းဆီးလိုက်ကာတွေအားလုံးကို ဖွင့်လိုက်ရင်း အခုလိုပဲ ပိဋိသန္ဓာရစကားဆိုမယ်။ ပြီးရင် သူ့ကို မျက်နှာသစ်ဆေးကျောပေးပြီး နံနက်စာထည့်ထားတဲ့ လင်ဗန်းကို ကုတင်ပေါ်မှာ စားလို့ရအောင် ပြင်ဆင် ပေးမယ်။ သူ စိတ်စောနေလို့ နံနက်စာကို မြန်မြန်လက်စသတ်လိုက်တယ်။

မနက်စာကတော့ ထုံးစံအတိုင်း ကြက်ဥ မကျက်တကျက်တလုံး၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်တချပ်၊ နောက်ပြီး သစ်သီးဖျော်ရည်တခွက် ဒါမှမဟုတ် နွားနို့တခွက်။ တခါတလေတော့ ကော်ဖီ ပြင်းပြင်း ခပ်ပူပူတခွက် ကိုတောင်းတမိတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ကော်ဖီလုံးဝပေးမသောက်တော့တဲ့ အတွက် ဆန္ဒသာရှိပြီး သောက်ခွင့်မရ။

သူ့လို လူအိုတွေအတွက် ဆန္ဒရှိပြီးလုပ်ခွင့်မရတဲ့ အရာတွေကလည်းအများသားပဲ။ အသက်တချောင်းရှင်သန်မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့တချို့ ဆန္ဒတွေက ဖြည့်ဆည်းခွင့်မရကြတာများတယ်။ သူတို့ရဲ့ အခြေအနေက ရင့်မှည့်နေတဲ့ သစ်သီးတလုံးလို၊ ကြွေလုစဲစဲသစ်ရွက်တရွက်လို လေပြေလေးတချက်ဝေ့တာတောင် အထိအခိုက် မခံနိုင်ကြ။ ဘာကိုမှ အမှားအယွင်းခံလို့မရတဲ့ ကျန်းမာရေးအခြေအနေမျိုး။

စောင့်ရှောက်သူအမျိုးသမီးက အဝတ်အစားလဲလှယ်ပေးပြီးချိန်မှာ တာဝန်ကျသူနာပြု အခန်းထဲဝင်လာပြီး အဘွားအိုရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးတယ်။ သွေးပေါင်ချိန်တိုင်းတယ် သောက်ရမဲ့ဆေးတွေကို လက်ဖဝါးထဲ ထည့်ပေးရင်း သောက်ရေခွက်လေးကိုပါလှမ်းပေးလိုက်ပါသေးတယ်။ ပြီးတော့ အဘွားအိုကို ဘီးတပ် ကုလားထိုင်ပေါ်ရွေ့ပြောင်းပေးကြတယ်။

သူရဲ့တဦးတည်းသောသားလေးကို တွေ့ရမယ်ဆိုတဲ့ အသိကြောင့် ပါးပြင်လေးတောင် ပန်းသွေးရောင် တောက်ပြီး လန်းဆန်းတက်ကြွနေတယ်။ သူ့ကို ခါတိုင်းထက်ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ပေးဖို့ အကူအမျိုးသမီးကို ပြောလိုက်တယ်။ အမျိုးသမီးက အဘွားအိုရဲ့ ငွေရောင်တောက်နေတဲ့ ဆံပင်ကြိုးတိုးကြဲတဲ တွေကို ငြင်ငြင်သာသာလေးဖီးပေးနေတယ်။

အားလုးံပြင်ဆင်ပြီးတော့ ခေါင်းရင်းနားက တိုင်မှာချိတ်ထားတဲ့ အဖြူရောင်ဖဲကြိုး နဲ့ ဦးထုပ်ပြာလေး ကိုဆောင်းပေးလိုက်တယ်။ အဘွားအိုက သူ့အရိပ်ကို မှန်ထဲမှာကြည့်ရင်းနဲ့ တစုံတရာကိုသတိရသွားတဲ့ပုံစံနဲ့ မှန်တင်ခုံထဲက နှုတ်ခမ်းနီပန်းသွေးရောင်လေးကို တုန်ရင်တဲ့ လက်ချောင်းလေးတွေကို ထိန်းရင်းဆေးချယ် လိုက်သေးတယ်။ သားလေး အမြင်မှာ သူဟာ သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အရေးကြီးတယ် မဟုတ်လား။

အဘွားအိုရဲ့ ဘီးတပ်ကုလားထိုင်ကို အကူအမျိုးသမီးက နားနေဆောင်ဘက်ကိုတွန်းလာချိန်မှာ အဘွားအို က လမ်းမှာတွေ့တဲ့ ဘဝတူလူအိုတွေကို ပြုံးပြနှုတ်ဆက်ရင်းလိုက်ပါခဲ့တယ်။ နားနေဆောင်ရောက်တော့ လမ်းလေးကို သေချာမြင်ရတဲ့ ပြူတင်းပေါက်နားမှာ သူ့ကို ထားပေးဖို့ပြောလိုက်တယ်။ ဒါမှ လမ်းလေးဘက်က လျှောက်လာတဲ့ လူတွေကို မြင်ရမယ်မဟုတ်လား။

ဘေးနားမှာ ထိုင်နေတဲ့ မာရီ ဆိုတဲ့ အဘွားအိုက စကားတွေ ဖောင်ဖောင်ဖွဲ့အောင်ပြောနေလို့် အဘွားအိုက အလိုက်တသိ ရယ်မောပြန်လည်ပြောဆိုနေပေမဲ့သူ့ရဲ့ မျက်လုံးတွေကို လမ်းလေးရှိရာဘက်က မခွာဘူး။ ဟုတ်တယ်လေ ဒါမှ လမ်းလေးဆီက လျှောက်လာတဲ့ သူ့သားလေးကို သူအရင်မြင်ရမယ် မဟုတ်လား။ သားလေးလာရင် အရင်တခါကလိုပဲ သူအရင် လက်ပြနှုတ်ဆက်လိုက်ချင်သေးတယ်လေ။

အရင်တခါ သားလေးလာတုန်းက သူသိပ်ကြိုက်တဲ့ နှင်းဆီပန်းအနီရောင်လေး လက်ဆောင်အဖြစ်ယူခဲ့တယ်။ ဒီတခါရော ဘာတွေယူလာခဲ့ဦးမလဲဆိုတာ သူသိပ်သိချင်နေပြီး စိတ်လှုပ်ရှားလာတယ်။ တကယ်တမ်းက သားလေးယူလာမဲ့ လက်ဆောင်ထက် သားရဲ့မျက်နှာလေးကို တွေ့ရဖို့က ပိုအရေးကြီးလှတယ်။

မျက်လုံးတွေကို လမ်းလေးဆီက မခွာတန်း စိုက်ကြည့်နေလို့ သူ့မျက်လုံးတွေ နည်းနည်းညောင်းညာလာတယ်။ နားနေဆောင်ထဲမှာတော့ အလည်လာတဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ စကားသံ၊ ရယ်မောသံတွေနဲ့ အသက်ဝင် လှုပ်ရှားလာနေပြီ။ လမ်းလေးဘက်ဆီကလာတဲ့ လူတယောက်အရိပ်ကိုတွေ့တိုင်း အဘွားအိုရဲ့ နှလုံးခုန်သံ မြန်သွားလိုက် မျှော်နေတဲ့သူ မဟုတ်မှန်းသိရင် စိတ်ပျက်သွားလိုက၊် လမ်းလေးဘက်ဆီ ထပ်မျှော်ကြည့်လိုက်နဲ့ သူ့စိတ်တွေဗျာများလို့နေတယ်။

ဒီလူအိုရုံကိုစရောက်လာတဲ့နေ့တည်းက ဒီအဝင်လမ်းလေးကို သူသတိထားမိခဲ့တယ်။ အဘိုးးကြီး နဲ့ သားလေး သူ့ကို ထားရစ်ပြီးပြန်သွားတုန်းက အဝင်ဝလမ်းလေးဘက်ကိုမျှော်မျှော်ကြည့်ရင်း မျက်ရည်ထွေထွေကျ ခဲ့ရတယ်။ နောက် တပတ် ဧည်သည်တွေ့ရတဲ့ရက် ရောက်သည်အထိ သည်လမ်းလေးကို သူငေးကြည့်နေခဲ့မိတာ တရက်မှ မပျက်။

သုံးယောက်ထဲရှိတဲ့ မိသားစုလေးမှာ လေဖြတ်ပြီးအောက်ပိုင်းသေသွားတဲ့ သူ့ကို ပြုစုဖို့ ခင်ပွန်း အဘိုးကြီးနဲ့ ခရီးမနားတမ်းသွားရတဲ့ အဝေးပြေးကုန်ကားမောင်းတဲ့ သားလေးအတွက် ကရိကထမများအောင် ဒီနည်းလမ်း ကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ အဘိုးအိုကို ခွဲချန်ရစ်ထားခဲ့ရတာတော့ စိတ်မှာ အတော်ထိခိုက်မိတယ်။ ဒါပေမဲ့ သူ့ကို ပြုစုရင်း ပင်ပန်းပြီး အဘိုးအို အိပ်ရာထဲလဲသွားတာမျိုး ကိုတော့ နောက်တကြိမ် သူ အဖြစ်မခံနိုင်တော့။

ဒီမှာက တကိုယ်ရေသန့်ရှင်းရေးကအစ အစားအသောက်အဆုံး စနစ်တကျနဲ့ ပြုစုပေးကြတယ်။ တာဝန်ဆိုတဲ့ ဝတ္တရားအောက်မှာ မိသားစုလို နွေးထွေးမှုတော့ ပျောက်ဆုံးနေသည်သာ။ ဒီလမ်းလေးပေါ်မှာပဲ အဘိုးအို သူ့ကိုလာတွေ့ပြီး နောက်ဆုံးအကြိမ် လက်ပြနှုတ်ဆက်ခဲ့တာဟာ သူ့ကို အပြီးတိုင်ခွဲထားခဲ့ပြီး မမြဲတဲ့ခရီးကို ထွက်ခွာသွားလိမ့်မယ်လို့ထင်မထားခဲ့။ ကြိုများသိခွင့်ရခဲ့ရင် အဘိုးအိုဟာ သူ့ဘဝ အတွက် အရေးပါဆုံး သူဆိုတာ ပြောပြလိုက်ချင်သေးတယ်။

သူ့အတွက်တော့ ဒီလမ်းလေးဟာ အတိတ်ရဲ့ပုံရိပ်တွေကို အမှတ်ရတမ်းတစရာ၊ အနာဂတ်အတွက် မျှော်လင့်ခြင်း တည်ရာလည်းဖြစ်တယ်။ လမ်းလေးရဲ့ အဆုံးတဘက်မှာ ပြင်ပလောကဟာ လှပသစ်လွင်တဲ့ ဘဝပေါင်းများစွာ နဲ့ ဆက်လကအသက်ဝင်နေစဲဆိုတာ သူအာရုံထဲမှာမြင်ယောင်ကြည့်နေမိတယ်။

လမ်းလေးရဲ့ အဆုံးတဘက်မှာ ပျိုမြစ်လတ်ဆတ်တဲ့ သူ့ရဲ့ ငယ်ဘဝအတိတ်ဟောင်းတွေရှိခဲ့ဖူးသလို၊ ချိုမြတဲ့ အချစ်လည်းရှိခဲ့ရဲ့။ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ဖူးသလို၊ ဘာသာစကားတူ ချစ်ခင်ရင်းနှီး ရတဲ့ မိတ်ဆွေတွေရှိခဲ့ဖူးတယ်။ အောင်မြင်မှုတို့ရဲ့ အချိုဓာတ်ကို ခံတွင်းလိုက်ခဲ့ဖူးသလို၊ ခါးသီးတဲ့ ကျရှုံးမှုတွေ ကိုလည်း ကျိတ်မှိတ်မျိုချခဲ့ဖူးရဲ့။

လမ်းလေးရဲ့ ဒီမှာဘက်အဆုံးမှာတော့ ပါးရည်တွန့်လိပ်နေတဲ့မျက်နှာ၊ ငွေရောင်ဖြူလွလွဆံပင်၊ သေးကွေးပိန်လှီလှ တဲ့ ခန္ဓာကိုယ်ပိုင်ရှင် အကူမပါရင် အသက်ဆက်ဖို့အတော်ခဲယဉ်းတဲ့ အခြေအနေနဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အဘွားအိုတယောက်။ အမြင်အာရုံတွေ ဝေသီနေပြီဖြစ်ပေမဲ့ မျှော်လင့်ခြင်း အရောင်တွေသန်းနေတဲ့ မျက်လုံးလေး တစုံကတော့ လမ်းလေးရဲ့ အဆုံးတဘက်ကို မျှော်ငေးကြည့်လျက်သာ။ ဘုရားသခင်ရဲ့ ခေါ်ယူခြင်းမခံရခင် အချိန်အထိတော့ ဒီလမ်းလေးကို သူငေးကြည့်ခွင့်ရှိနေဦးမှာပါ။ ။


စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၀၈
နံနက် ၃း၀၀

(ဓာတ်ပုံကို http://www.sxc.hu/photo/1110606 မှယူပါတယ်။ Free Photo Download Site ဖြစ်ပါတယ်။)

Read More...

Wednesday, December 10, 2008

တောင်းပန်စကား ၏ နောက်ဆက်တွဲ ကျေးဇူးတင်စကား

ခုတလော စာရေးဖို့ အာရုံမရ၊ စိတ်တွေကို ဖမ်းလို့ မမိဖြစ်နေတာနဲ့ ပို့စ် အသစ်မတင်နိုင်တာ နားလည်ပေးပါလို့ အလည်လာသူတွေကို တောင်းပန်ချင်ပါတယ်။ .....

(ကျေးဇူးတင်စကားလေးကို ဒီနေရာလေးမှာ မှတ်တမ်းတင်ချင်ပါတယ်။ စာဖတ်ဖို့အကြံပေးတဲ့ အကိုဆောင်းယွန်း၊ အပြောင်းအလွဲလုပ်ဖို့ အကြံပေးတဲ့ အကိုဒူုကဘာ၊ ညီမလေး Mirror၊ မောင်လေးပီတိ နဲ့ CBOX မှာ ရေးသွားတဲ့ မောင်နှမတွေ၊ ခြေရာချန်မထားခဲ့ပဲ အလည်လာသွားတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။)



Read More...

Monday, December 8, 2008

မုန်းရခြင်း ၁၀ချက်

အကိုဆောင်းယွန်း နဲ့ ညီမ Mirror က တပြိုင်နက် တက်ဂ် ထားလို့ ရေးချလိုက်တာ မြန်မှမြန်ပဲ။ ဘာလို့ဆိုတော့ ကိုယ့်ကို ကိုယ် အမြဲ ဘာလိုလို့လိုမှန်း မသိတာတွေ ကို အမြဲတွေးဖြစ်နေတဲ့ သူဆိုတော့။ ဖတ်ကြည့်ပါဦး။

၁- အားနာတတ်တာ
အားနာတတ်လွန်းတော့၊ ကိုယ့်ကို နင်ပဲငဆ ပြောလာတဲ့သူကို လက်တုန့်ပြန်လိုက်ရမှာတောင် အားနာနေတာ။

၂- လက်လွယ်တာ
လက်ထဲမှာ ငွေရှိလို့ကတော့ သနားအောင်ပြောတတ်တဲ့သူတွေကိုရော၊ မပြောတတ်တဲ့သူတွေကိုရော ရှိတာတွေကုန်အောင်ကို ကူညီတတ်တာ။

၃- စိတ်ဝင်စားတာတွေပဲလုပ်ချင်တာ
ကျောင်းစာကလွဲလို့ အားလုံးစိတ်ဝင်စားနေတော့ တခါတခါ တိုးတက်သင့်သလောက် မတိုးတက်ဘူး။

၎- စိတ်ဝင်စားလို့ကတော့ ထမင်းမစား မအိပ်မနေ တစိုက်မတ်မတ်လုပ်တာ
ခုတလော ဘလော့ကိုက်နေလို့ အအိပ်အနေနည်းတော့ ခေါင်းကိုက်ရောဂါပြန်ဝင်လာပြန်ပြီ။

၅- လုပ်နေရင်းတန်းလန်းနဲ့ လုံးဝပြန်မကြည့်ချင်တော့ရင် လှည့်ကို မကြည့်တာ
သိပ်စိတ်ဝင်စားပါတယ်ဆိုပေမဲ့ လုပ်နေရင်းဗြုန်းဆိုရပ်ချင်ရပ်ပစ်လိုက်တာမျိုး။ (စာရေး၊ စာဖတ်ခြင်းမပါ)

၆- သူငယ်ချင်းတွေ ကို သိပ်ချစ်တာ (သူတို့ အနိုင်ကျင့်တာမှန်သမျှ ခံနေရတဲ့ ဘဝ)
သူငယ်ချင်းတွေဆိုလို့ကတော့ ယုံလွယ်၊ လက်လွယ်၊ စုပုံချစ်။ တယောက်ယောက်နဲ့ မခေါ်မပြောဖြစ်ပြီ ဆိုလည်း တသသနဲ့ နမြော မဆုံးတော့။ (ခင်မင်ခဲ့တာတွေ)

၇- စကားမပြောချင်တော့တဲ့သူဆို ဟန်ဆောင်ပြီးတောင် မပြုံးတတ်တော့
မမုန်းတတ်ပါ။ ဒါပေမဲ့ စကားမပြောချင်တော့ဘူးဆိုရင် ဟန်ဆောင်ပြုံးခြင်းဆိုတာ အဘိဓာန်မှာ မရှိစေရ။

၈-ကိုယ့်ကိုကိုယ် ငါလို့ဘယ်တော့မှ မထင်တာ
ငါတော်တယ်၊ ငါတတ်တယ်၊ ငါလုပ်တာကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်မိ။ ငါလိုတယ်၊ လိုသေးတယ် လို့ထင်လွန်းပြီး လူတွေကို အောက်ကဝင်လွန်းတော့။ ခဏခဏ လူအထင်သေးခံရပြီး စော်ကား သွားကြသေး။

၉- အတ္တနည်းတာ
ပိုက်ဆံတွေ အများကြီးရှာမယ်၊ တိုက်ကြီးနဲ့ နေမယ်၊ ကားကောင်းကြီးစီးမယ်ဆိုတာတွေ တခါတလေမှပဲ စဉ်းစားဖြစ်တယ်။ ကိုယ့်အတွက် အတ္တနည်းလွန်းတော့လည်း မတိုးတက်။

၁၀- ချစ်တတ်တာ
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလွန်းတော့ ခဏခဏ လူလိမ်ခံရတယ်။

အကိုဆောင်းယွန်း နဲ့ ညီမ Mirror ကျေနပ်မယ်ထင်ပါတယ်နော်။



Read More...

Friday, December 5, 2008

မိတ်ဆွေများ ထံမှ ပေးအပ်လိုက်သောအရာ


မိတ်ဆွေကောင်းဆိုတာ လောကမှာတန်ဖိုးမဖြတ်နိုင်တဲ့ အရာပါတဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါများဟာ ရေသတ္တဝါ တွေဖြစ်ဖြစ်၊ ကုန်းနေသတ္တဝါတွေပဲဖြစ်ဖြစ် မျိုးတူရာစုပေါင်း နေထိုင်တဲ့ စရိုက်သဘာဝရှိကြတယ် မဟုတ်လား။

ကျမတို့တွေဟာ လူ့ဘဝသက်တမ်း တလျှောက်လုံး မိမိရဲ့ ရောက်ရှိနေတဲ့ အသက်ထက်များပြားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရရှိခဲ့တယ် မဟုတ်ပါလား။ လူဆိုတာ တဦးတည်း အထီးကျန် မနေတတ်တဲ့ သတ္တဝါထဲမှာ ထိပ်ဆုံးက ပါတယ်လေ။

ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းဟာ မိတ်ဆွေ အပေါင်းအသင်းကို လိုလားကြပါတယ်။ မိတ်ဆွေ သူငယ်ချင်း ဖြစ်အောင် တဦးနှင့်တဦး မိတ်ဖွဲ့ကြ၊ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ကြပါတယ်။ မိတ်ဆွေ နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာဟာ တယောက်ကို တယောက် ယုံကြည်မှုနဲ့ တိုက်ရိုက်အချိုးကျ တယ်ဆိုရင် လည်းမှားမယ် မထင်ပါဘူးနော်။

အရစ်စ် တိုတယ် (Aristotle) ရဲ့ အဆိုအမိန့်ကတော့ ခင်မင်ရင်းနှီးမှုဆိုတာ နှစ်ကိုယ့်တစိတ် လို့ဆိုပါတယ်။ ဟုတ်တယ်နော် မိတ်ဆွေ ဆိုတာ စရိုက်တူ အကြိုက်တူတွေမှ ရင်းရင်းနှီးနှီးပေါင်းဖြစ်ကြတာမဟုတ်လား။ တချို့ဆို ဘယ်လောက် အကြိုက်တူလည်းဆိုရင် အသုံးအဆောင်ပစ္စည်းတွေ က အစ အကြိုက်ခြင်းတူ နေတတ်ကြ တယ်လေ။

နောက်ပြီး မိတ်ဆွေကောင်းတွေဖြစ်ဖို့က တဦးကို တဦးက လေးစားမှုလည်းရှိဦးမှဖြစ်မှာလေ။ တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှု မရှိတော့တဲ့ ဆက်ဆံရေးဟာ အက်ကွဲနေတဲ့ မှန်တချပ်လိုပါပဲ။ အမြင်အရလည်း မကြည်လင် ထိခိုက်မိဖို့ အန္တရယ်လည်းရှိနိုင်တယ်ဆိုတော့ လွင့်ပစ်လိုက်တာကမှကောင်းသေး တယ်လေ။

မိတ်ဆွေ သူငယ်ချင်းကောင်းတွေမှာ ဘယ်သူက နောက်လိုက် ဘယ်သူကတော့ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ကင်းရှင်းပြန်သေးတယ်။ ဟုတ်တယ်လေ ငါကတော့ ဗိုလ်လုပ်မယ် မင်းကတော့ ငါ့လောက်မှမတော်လို့ ငါ့တပည့်လုပ်ဆိုရင်တော့ ဒီလို အထက်စီးဆံတဲ့ ဆက်ဆံရေးမျိုးဟာလည်း ဘယ်မှာလာပြီး တော့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးဖြစ်လာပါတော့မလဲ။

ဒါကို အယ်လ်ဘတ် ကမြူး (Albert Camus) က ဒီလိုဆိုမိန့်ခဲ့တယ် ငါ့နောက်က မင်း လိုက်နေလို့လည်း ငါဦးဆောင်လိမ့်မည် မဟုတ်၊ မင်းရှေ့ကသွားနေလို့လည်း မင်းနောက်လိုက် ငါဖြစ်လိမ့်မည် မဟုတ်၊ ငါ့ နံဘေးမှာ သူငယ်ချင်းအဖြစ်နဲ့ အတူတူလျှောက်စမ်းပါ၊ သူပြောတာလည်း ပညာရှိစကားမို့ မှန်လိုက် တာနော် ။

နောက်ပြီးတော့ မိတ်ဆွေကောင်းတို့ မည်သည် ဝေဖန်ပိုင်းခြား အကြံပေးမှုလည်းလုပ်ရပါသေးတယ်။ အမုန်းမခံ နိုင်လို့ဆိုပြီး မိမိ မိတ်ဆွေမှားနေတာကြီးကို မပြောပဲ သူဘာသူနောက်မှားတော့မှ သိသွားလိမ့်မယ် ဆိုတဲ့ အတွေးမျိုးရှိတဲ့ ဆက်ဆံရေးဟာလည်းကောင်းမွန်တဲ့ မိတ်ဆွေစစ်တို့ဆက်ဆံရေးမဟုတ်ပြန်ဘူး။

အဲ….ဒါပေမဲ့ မှားနေတယ်လို့ထင်တဲ့ အကြောင်းကိုတော့ တေ့တေ့ဆိုင်ဆိုင် ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန် လိုက်ပါ။ မျက်နှာချင်းဆိုင်မပြောချင်လို့ ကိုယ့်မိတ်ဆွေ နားထဲပြန်ပေါက်အောင်ဆိုပြီး တဖက်လှည့်နဲ့ တခြား သူတွေကို ပြောပြလိုက်တာဟာ သင့်မိတ်ဆွေ အမြင်မှာ သင်ဟာ နောက်ကွယ်မှာ အတင်းအဖျင်းပြော တတ်တဲ့သူဆိုပြီး အမြင်စောင်း သွားနိုင်သေးတယ်။

ဒါကို မာတင်လူသာကင်း ဂျုနီယာ (Martin Luther King Jr.) က ကျွန်ုပ်တို့ဟာ ရန်သူတို့ရဲ့ စကားသံတွေကိုသာ အမှတ်ရသင့်သည် မဟုတ်၊ မိတ်ဆွေတို့ရဲ့ ဆိတ်ဆိတ်နေမှုကိုလည်း အမှတ်ရသင့် ပေသည်။ ဒီတော့ မပြောမဆို ခပ်မဆိပ်မနေကြနဲ့နော်။

မိတ်ဆွေ လိုလို သူငယ်ချင်းလိုလို နဲ့ နောက်ကြော ဓါးနဲ့ ထိုးတဲ့သူတွေကိုတော့ နောက်နောက်ပြောင်ပြောင်နဲ့ "Frenemies" Half Friend, Half Enemy လို့ နာမည်သစ်ထွင်ထားသေးတယ်။ မှတ်သားစရာပေါ့လေ။ ဘဝမှာ သိက္ခာမရှိတဲ့ မိတ်ဆွေနဲ့ စီးချင်းထိုးရတာမျိုးထက်စာရင် ရန်သူနဲ့စီးချင်းထိုးရတာ ပိုပြီး ဂုဏ်ယူဖို့ ကောင်းတယ် မဟုတ်ပါလား။ သိက္ခာမရှိတဲ့ မိတ်ဆွေတွေနဲ့ စီးချင်းထိုးရတာ ဝမ်းနည်းရင်နာစရာ လည်းကောင်း တန်ဖိုးရှိတဲ့ အချိန်တွေကို လည်းဖြုန်းပစ်သလိုဖြစ်တာမို့ ဘာအကျိုးမှမရှိပါဘူး။

ရန်သူ့ရဲ့ ရန်သူ ဟာ မိတ်ဆွေ ပါတဲ့ ဒါဆှို ရန်သူ့ ရန်သူဟာကိုယ့်မိတ်ဆွေပေါ့။ ဒါကလည်း ပုံသေတော့ မဟုတ်ဘူးနော် ရန်သူ့ရဲ့ ရန်သူ ဟာ မိတ်ဆွေဆိုပေမဲ့ အဲဒီ မိတ်ဆွေက ဘယ်အတိုင်းအတာ အထိ ယုံကြည်ရမလဲ ဆိုတာစောင့်ကြည့်ရမယ်လေ။ ဘယ်အတိုင်းအတာအထိ ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင် မလည်းဆိုတာ အရေးကြီးသေးတယ်။

အပေါ်က အဆိုအမိန့်နဲ့ ပြောင်းပြန်က ရန်သူ ရဲ့ မိတ်ဆွေ ဟာရန်သူ တဲ့။ ဒါကတော့လုံးဝ မှန်တာပေါ့ ရန်သူ့ မိတ်ဆွေပါဆိုမှ ကိုယ့် အကျိုးလိုလားတဲ့ သူဘယ်ဖြစ်ပါတော့မလည်း။

အဲ .. မိတ်ဆွေစစ်တို့မည်သည် တကိုယ်ကောင်းဆန်လို့လည်းမရသလို စွန့်လွှတ်အနစ်နာခံမှုလည်းရှိရသေး တယ်။ ကိုယ့် အတွက်ကြီးပဲ ကြည့်နေရင်လည်း ကောင်းမွန်အောင်မြင်တဲ့ ဆက်ဆံရေးဖြစ်လာမှာ မဟုတ်ဘူးပေါ့။ ကမ္ဘာကျော် ဟဲဗီးဝိတ်ချံပီယန် မိုဟာမက် အလီ (Muhammad Ali) ရဲ့ အဆိုအမိန့်ကတော့ ရင်းနှီးမှုဆိုတာ ကျောင်းသင်္ခန်းစာမှာ ပြဒါန်းမထားဘူး ၊ ဒါပေမဲ့ ရင်းနှီးမှု ရဲ့ အနှစ်အဓိပ္ပါယ်ကို မလေ့လာရသေးဘူး ဆိုရင် ခင်ဗျားဘာတခုမှ မလေ့လာထားသေးဘူးဆိုတာ သိသာပါတယ် တဲ့။

ခင်မင်ရင်းနှီးမှုဆိုတာ လူသားတယောက်ရဲ့ စိတ်ဓါတ်ရှင်သန်ဖို့ အရေးပါတဲ့အရာဆိုတာကိုတော့ ကမ္ဘာကျော် ကဗျာဆရာ လည်းဖြစ် ပန်းချီကျော်ကြီးလည်းဖြစ်တဲ့ ဝီလျံမ် ဘလိတ် (William Blake) က ဌက် အတွက် အသိုက်မြုံ၊ ပင့်ကူ အတွက် ပင့်ကူမျှင် ၊လူသား အတွက် ခင်မင်ရင်းနှီးမှု လို့ ဆိုမိန့်ခဲ့ပါတယ်။

ကျမတို့ရဲ့ ဘဝမှာ ကိုယ့်အသက်ထက်များပြားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိခဲ့ကြတယ်ဆိုတာ အမှန်ပါပဲ။ ငယ်ဘဝတုန်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ကြီးတော့မှ သိကျွမ်းတဲ့ မိတ်ဆွေတွေ၊ အလုပ်ထဲမှာ ကျောင်းခန်းထဲမှာ၊ အပြင်လောကမှာ၊ အလွှာစုံ အသက်အရွယ်မျိုးစုံ က လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသလို အသက်မသေဆုံးခင် အချိန်အထိလည်း အသစ် အသစ်သော မိတ်ဆွေ သူငယ်ချင်းတွေ ထပ်၍ပို၍ တွေ့လာဦးမှာ အသေအချာပဲလေ။

မိတ်ဆွေ သူငယ်ချင်းတွေ အခြင်းခြင်းကြားက နွေးထွေးတဲ့ခင်မင်ရင်းနှီးမှု၊ အကြံဥာဏ်တွေ နားလည်မှုတွေ ဟာ ကျမတို့ အတွက် စိတ်ဓါတ်ကို အားဆေးတိုက်ကျွေးသလို အရေးပါအရာရောက်ပါတယ်။ တဦးနဲ့ တဦး သူငယ်ချင်း ဖြစ်အောင်လုပ်ဖို့က လွယ်ကူသလောက် ခင်မင်ရင်းနှီးမှုခိုင်မြဲဖို့အတွက်တော့ အချိန်အတော်ကြာ တည်ဆောက် ယူရပါမယ်။

ကျမတို့တွေ ဟာ တယောက်ကိုတယောက် မိတ်ဖွဲ့ကြ နှုတ်ဆက်ကြ ဒီက တဆင့်တိုးပြီး အကြိုက်တူ၊ ဝါဒတူ၊ စရိုက်တူတွေဖြစ်တဲ့ လူတွေဆို ပိုလို့ ခိုင်မြဲတဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်တဲ့ အချိန်မှာ။ အခန့်မသင့် လို့ မိတ်ဆွေက ရန်သူဖြစ်သွားရတာတွေ၊ လမ်းခွဲလိုက်တာတွေ ရှိလာတဲ့ အခါမှာ ခွင့်လွှတ်တတ် ဖို့လည်း အရေးကြီးပြန်ပါသေးတယ်။
အမေရိကန် သမတဟောင်း ဂျွန်အက်ဖ် ကနေဒီ (John F. Kennedy) ကတော့ ဒီလိုဆိုပါတယ် သင့် ရန်သူကို ခွင့်လွှတ်လိုက်ပါ၊ ဒါပေမဲ့ သူတို့ နာမည်များကို သင်ဘယ်တော့မှ မမေ့ပါနဲ့ ။

ကျမတို့တွေဟာ ဒီလောကကြီးထဲကို ခဏတာရောက်ရှိလာသူတွေပါ ဒီလောကထဲက ပြန်ထွက်သွားရတဲ့ အချိန်မှာလည်း ပိုင်ဆိုင်သမျှတွေ အားလုံးကို ထားခဲ့ကြရမှာပါ။ ကျမတို့ယူသွားနိုင်တာ အနည်းငယ်ပဲရှိပါတယ် အဲဒါကတော့ ကျမတို့ ချစ်သောမိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာတရား နဲ့ လွမ်းဆွတ်မှုတို့ ပဲဖြစ်ပါတယ်။ ။





စိုးသင့်ဆွေ
ဒီဇင်ဘာလ ၃ရက်၊ ၂၀၀၈
ည ၈း၄၅ မိနစ်

(ဓါတ်ပုံကို www.sxc.hu/profile/shirmpzaa မှ ယူပါသည်။ Free Photo Download ဆိုက်တခုဖြစ်ပါတယ်။)

Read More...