Monday, November 10, 2008

သူခိုး ပေးပို့ လိုက်တဲ့ စာလေးတစောင်


သတင်းတိုလေးတပုဒ် ဖတ်မိပြီး သဘောကျလို့ ပြုံး၊ ပြုံးမိရာကနေ ဖြန့်တွေးကြည့်ရင်းနဲ့ ဒီစာလေးကို ရေးဖြစ်သွား တယ်။ သတင်းလေးက BBC News မှာပါတဲ့ သတင်းလေး အကြောင်းအရာက ဆန်းတယ်။ ခေါင်းစဉ်ကိုကြည့်ပါ။

“ဆိုင်ရှင်ထံသို့ သူခိုးမှ တောင်းပန်စာ ပေးပို့”

အင်္ဂလန်နိုင်ငံ ဘရစ်စတောလ်မြို့ရှိ အိန္ဒိယကုန်စုံဆိုင်ပိုင်ရှင် အီမရန် ဟာမက်ဟာ ထူးခြားတဲ့ တောင်းပန်စာ တစောင် လက်ခံရရှိခဲ့ပြီး။ စာနဲ့ အတူ အင်္ဂလန် ပေါင်စတာလင် ၁၀၀ ကိုပါလက်ခံရရှိခဲ့ပါတယ်။ စာပါ အကြောင်းအရာက…..

“ လေးစားရပါသော ဆိုင်ရှင်ခင်ဗျား ကျွန်တော်ဟာ ဒီစာကို နောင်တရခြင်းများစွာနဲ့ ရေးသားလိုက်တာပါ။ တချိန်တုန်းက ကျွန်တော်ဟာ ခင်ဗျားဆိုင်က ဆေးလိပ် အလိပ် ၄၀၀ ကို ခိုးယူခဲ့ဖူးပါတယ်။ ဒီစာနဲ့ အတူ ပူးတွဲပါ ပေါင်စတာလင်ငွေ ၁၀၀ ဟာ အဲဒီ ခိုးယူခဲ့ဖူးတဲ့ ဆေးလိပ် ၄၀၀ ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ငွေဖြစ်ပါတယ်။ လွန်ခဲ့သော ၇ နှစ် တုန်းက ကျွန်တော်ဟာ ဆေးအလွန် အကျွံ့စွဲနေသူတယောက်ဖြစ်နေပြီး တညမှာ ခင်ဗျားရဲ့ ဆိုင်နားကို ဖြတ်လျှောက်မိတုန်း ဆိုင်ကို တခြားတဦး ဖေါက်ထွင်းထားတာတွေ့ပြီး ပျက်စီးလို့ဟနေတဲ့ တံခါးကနေ ဆိုင်ထဲကို ဝင်ရောက်ခါ ဆေးလိပ် အလိပ် ၄၀၀ ကို ကျွန်တော်ခိုးယူခဲ့တာပါ။ အခုတော့ ကျွန်တော်ဟာ ဆေးဖြတ်လိုက်ပြီး ကျွန်တော့်ရဲ့ ဘဝကို ရိုးသားကောင်းမွန်စွာဖြတ်သန်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ရဲ့ အတိတ်က မိုက်ပစ်တွေကို ပြန်တွေးမိတိုင်းမှာ ကျွန်တော့်မှာ နောင်တရလို့မဆုံးပါဘူး။ ဒါကြောင့် အဲဒီအပြစ်တွေကို ဖျောက်ဖျက်လို့ ရအောင် ဒီတောင်းပန်စာနဲ့ အတူတူ ကျွန်တော် ခိုးယူခဲ့တဲ့ ဆေးလိပ်တွေရဲ့ တန်ဖိုးငွေသားကိုပါ ခင်ဗျားဆီပို့လိုက်ရတာပါ။ ခင်ဗျားရဲ့ ပစ္စည်းတွေပျောက်သွားလို့ တချိန်က ခင်ဗျားခံစား ရတဲ့ ခံစားချက်တွေ အတွက် ဒီစာနဲ့ အနည်းငယ်မျှလောက်သက်သာအောင် လုပ်ပေးနိုင်တယ်ဆိုရင်ဖြင့် ကျွန်တော်အထူးပင် ဝမ်းမြောက်မိမှာပါ ခင်ဗျာ။ ”


စာပါအကြောင်းအရာကတော့ ဒီလောက်ပါပဲ ဆိုင်ရှင်ဖြစ်တဲ့ အီမရန် ဟာမက် ကတော့ သူလက်ခံရရှိတဲ့ ပေါင်စတာလင် ၁၀၀ ကို မူးယစ်ဆေးစွဲသူများကုသရေး ရံပုံငွေ အဖြစ်လှုတမ်းလိုက်မယ်လို့ ပြောဆိုပါတယ်။


ကဲ သတင်းဖတ်ပြီးတော့ ပြုံးမိသွားပြီလား။ သူတပါးရဲ့ ချွေးနည်းစာကို ခိုးယူတာဟာ ရေသာခိုအချောင်လိုက် သမားတွေရဲ့စိတ်ဓါတ်ပါ။ လောကမှာ မိမိကိုယ်ကျိုးအတွက်နဲ့ သူများရှာထားဖွေထား တဲ့ ပစ္စည်းကို ပိုင်ရှင်မသိ အောင်ခိုးယူခြင်းဟာ ကောင်းမွန်တဲ့ စာရိတ္တ မဟုတ်ပါဘူး။ ဒါဟာ မိမိရဲ့ ကိုယ်ကျင့်တရားကို တန်ဘိုးချ လိုက်ခြင်းလည်းဖြစ်ပါတယ်။


အပေါ်သတင်းထဲကလို သူခိုးမျိုးကတော့ တော်တော့ကို ရှားပါးတဲ့ စိတ်ဓါတ်ပါပဲ။ သူဟာ အမှားကို အမှားမှန်းသိပြီး သူ့ကိုယ်သူ ပြုပြင် လိုက်နိုင်တယ်။ သူများပစ္စည်းကို အလကားယူမိခဲ့တဲ့ အတွက်လည်း နောင်တရကာ ပြန်တွေးလိုက်တိုင်း တနှံ့နှံ့ခံစားနေရပြီး မနေနိုင်တဲ့အဆုံးမှာ တောင်းပန်စာရေး လိုက်တာပါ။ သူဒီစာကို မရေးရင် ဆိုင်ပိုင်ရှင်ဖြစ်တဲ့သူက ခိုးသူဘယ်ဘယ်ဝါဆိုတာ သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။ သူခိုးရဲ့ တချိန်က မိမိကျူးလွန်လိုက်တဲ့ အမှုအပေါ် ဝန်ခံလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ခိုးယူမိတဲ့ပစ္စည်း အတွက် ပိုင်ရှင်ရဲ့စိတ်သောကကို ကိုယ်ချင်းစာစိတ် နဲ့ အတူ သူတပါးပစ္စည်းကို အချောင်မရယူ လိုတဲ့ စိတ်ထားကောင်းလေးတွေကို သတင်းလေးဖတ်ရင်း ဆက်စပ်တွေးမိသွားပါတယ်။ အကယ်၍သာ ဒီ သတင်းထဲက သူခိုးလို စိတ်ဓါတ်ကောင်းလေး သူခိုးကြီးတွေ သူခိုးလေးတွေ အားလုံးဆီမှာသာ ရှိခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ ခိုးချင်တယ်ဆိုတဲ့ အကျင့်၊ သူခိုးဆိုတဲ့ စကားလုံး ပျောက်ကွယ်သွားမယ်ထင်ပါရဲ့။


စိုးသင့်ဆွေ
နိုဝင်ဘာလ ၉ရက်၊ ၂၀၀၈
ည ၁၁း၅၀


5 comments:

လူလ said...

မင်္ဂလာ မဇင်ယော်

၂ နာရီကျော်ကျော် နောက်ကျသွားတယ်။ ဟားဟား
စကားမစပ် www.true-myanmar.co.co
မှာလည်း ဒီပို့်စ်ကို တွေ့လိုက်တယ်

ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုအောင် said...
This comment has been removed by the author.
ကိုအောင် said...

သူခိုးအနေနဲ့ ပိုက်ဆံပြန်ပို့ပေးတဲ့ စိတ်ဓါတ်က လေးစား
စရာပါ။ သို့ပေမဲ့ 7နှစ်ကြာသွားပြီး ဆိုတော့ အတိုး
သဘောဖြစ်ဖြစ် သို့မဟုတ် နစ်နာကြေး ဖြစ်ဖြစ် ပိုပြီး
တိုးပေးသင့်တယ်လို့ ကျနော်တော့ ထင်တယ် ...
အမ ရေ။

Moe Cho Thinn said...

အမတို့ဆီမှာတော့ အတိုး မပြောနဲ့၊ အရင်းတောင် စုံးစုံးမြုပ်တဲ့အပြင် လူပါ လိုက်ရတဲ့ အဖြစ်။ ထောင်ထဲကိုလေ..။

တက်လူငယ် said...

ဒီစာဖတ်ရင်း မဆီမဆိုင် မြန်မာရာဇဝင်က သူခိုးကြီး ငတက်ပြားတောင်မှ သွားပြီး အမှတ်ရမိတယ်။ မွန်မြတ်တဲ့စိတ်ဓါတ်နဲ့ ခိုးနေတဲ့ သူတွေလည်းရှိကြတယ်ဗျာ။ ရှားတော့ရှားပါတယ်။
အဖြူနဲ့အမည်း၊ အလင်းနဲ့ အမှောင်ဆိုတာ သဘာဝအဖြစ် ဆက်လက်တည်ရှိနေဦးမှာ အမှန်ပဲ။
လူကောင်းရှိသလို၊ မကောင်းတဲ့လူလည်းရှိနေဦးမှာပဲ။