Friday, February 13, 2009

ချစ်သူများနေ့ အမှတ်တရ

ဓာတ်ပုံကို ဒီက ယူပါတယ်

Valentine's Day ဆိုရင်တော့ အားလုံးက တညီတညွတ်ထဲ ချစ်သူများနေ့ လို့သိထားကြပါတယ်။ ငယ်ငယ်တုန်း ကတော့ ချစ်သူများနေ့ဆိုတာ သမီးရည်းစားတွေ ဇနီးမောင်နှံတွေအတွက်ပဲ ရည်ရွယ်တယ်လို့ထင်ခဲ့မိတာပါ။ နောက်တော့မှ ချစ်သူများဆိုရာမှာ ချစ်သူခင်သူများအားလုံးအကြုံးဝင်တယ် ဆိုတာသိလာခဲ့ရပါတယ်။ မိခင် ဖခင်တွေကအစ၊ အိမ်မှာမွေးထားတဲ့ ခွေးလေး ကြောင်လေးတွေကအဆုံး ကိုယ်ကချစ်ခင်တဲ့သူ မည်သူကိုမဆို Valentine's Day မှာ အမှတ်တရလက်ဆောင်ပေးခြင်းဟာ အဲဒီလူအပေါ် မိမိကဘယ်လောက် အလေးထားတယ် ဆိုတာကိုဖော်ပြခြင်းသင်္ကေတတခုပါ။

လောကကြီးမှာ ခင်မင်တဲ့အပေါင်းအသင်းတွေက ကိုယ့်အပေါ်အလေးထားတယ်ဆိုတာကို သဘောမကျတဲ့ လူ မရှိနိုင်ပါဘူး။ လူဆိုတာ အလေးထားခံချင်တဲ့သတ္တဝါထဲမှာ ထိပ်ဆုံးကပါတယ်မဟုတ်ပါလား။ ပေးလာတဲ့ လက်ဆောင်ရဲ့ တန်ဖိုးနည်းခြင်း၊ များခြင်းနဲ့ မဆိုင်ပဲ ခင်မင်မှုရဲ့သင်္ကေတ၊ အပြန်အလှန် လေးစားမှုရဲ့အတိမ်အနက်၊ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတတွေအဖြစ်နဲ့ လက်ဆောင်ကိုလက်ခံရရှိသူကလည်း ကျေကျေနပ်နပ်နဲ့ ပျော်ရွှင်ရသလို သူတို့ နှစ်ဦးကြားမှာရှိတဲ့ နှောင်ကြိုးများဟာလည်း ပိုမိုခိုင်မာလာစေပါတယ်။

Valentine's Day လက်ဆောင်အမျိုးမျိုးတွေထဲမှာ အထင်ရှားဆုံးက နှင်းဆီပန်း နဲ့ ဒုတိယ တခုကတော့ ချောကလက်ပါ။ ဒီမှာတော့ တီဗီတွေမှာ ကုန်ပစ္စည်းအမျိုးမျိုးကိုကြော်ငြာနေတာလည်းတွေ့ရပါတယ်။ ရေမွေး၊ လက်ဝတ်ရတနာ၊ အမွေးပွဝက်ဝံရုပ်တွေအဆုံး….လက်ဆောင်တွေရွေးချယ်စရာအများကြီးပေါ့။ ကိုယ့်သင်္ကေတ နဲ့ကိုယ်ပေးချင်တာကိုရွေးချယ်ပေးရုံပါပဲ။

မနှစ်ကတော့ နယူးယောက်မှာ တရုံးထဲအတူတူလုပ်ဖော်ကိုင်ဖက် ဂျပန်မ မယ်ဂူမီစံကို ချောကလက်တဗူး လက်ဆောင်အဖြစ် ပေးခဲ့ဖူးတယ်။ သူနဲ့က ရုံးမှာ ဟိုဖက်စားပွဲ ဒီဖက်စားပွဲထိုင်ပြီးအတော်လေး အဖွဲ့ကျ စိတ်တူ ကိုယ်တူဖြစ်ခဲ့သူပါ။ နောက်ပြီး ကိုယ်ဝန်စရှိတဲ့အချိန်ထဲက နောက်ဆုံးအချိန်ရုံးကခွင့်ယူခဲ့စဉ်အထိ သူပဲအားလုံး ဖေးဖေးမမ ကူညီခဲ့သူပါ။ သူကသားနှစ်ယောက်ရဲ့မိခင်ဖြစ်တော့ ကိုယ်ဝန်ဆောင်တဲ့အတွေ့အကြုံ ဆောင်ရန် ရှောင်ရန်တွေကို အမတယောက်လိုပဲပြောပြသင်ပြပေးခဲ့ပါတယ်။ ကိုယ်ကလည်း သူ့ကို Accounting Software တမျိုးကို စာရင်းကိုင်အတွေ့အကြုံ မရှိတဲ့သူ့ကို စိတ်ရှည်စွာနဲ့ သင်ပေးခဲ့တယ်။ (သူကခုတော့ ကိုယ်သင်ပေးလိုက် တဲ့ ပညာတွေနဲ့ လခပိုကောင်းတဲ့အလုပ်တခုမှာလုပ်နေပါတယ်..မုဒိတာပွားစရာပါ)

ဒါနဲ့ မနှစ်က ချစ်သူများနေ့မှာ အမှတ်တရ သူ့ကို ကိုယ့် အနှစ်သက်ဆုံး ဖြစ်တဲ့ Leonidas ချောကလက်တဗူး လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ Leonidas ချောကလက်ဟာ စားဖူးသမျှ ချောကလက်ထဲမှာ အနှစ်သက်မိဆုံး လည်းဖြစ် ကိုယ်တိုင်လည်း လန်ဒန်မှာနေစဉ်က အဲဒီဆိုင်ခွဲတခုမှာအလုပ်လုပ်ခဲ့ဖူးတော့ ချောကလက်တွေရဲ့ နာမည်၊ အမျိုးအစားတွေကိုပါသိနေလို့လည်း တန်ဖိုးထားစွာလက်ဆောင်ပေးဖို့ ရွေးချယ်ခဲ့တာပါ။ ကိုယ်ပေးတဲ့ လက်ဆောင်ကို သူရော သူ့မိသားစုပါကြိုက်နှစ်သက်ကြတယ်ဆိုလို့ အတော်လေးကို ပျော်ရွှင်မိခဲ့တယ်။

ဒီနှစ် Valentine's Day အတွက်ကတော့ သူငယ်ချင်းစာရေးဆရာမ Molly တို့ဇနီးမောင်နှံက ပို့ပေးလိုက်တဲ့ လက်ဆောင်ပါ။ ထူးထူးခြားခြားပါပဲ .. သူတို့လင်မယားပို့ပေးလိုက်တာက ကိုယ့်အကြိုက်ဆုံး Leonidas ချောကလက်တွေဖြစ်လို့နေပါတယ်။ ဒါကြောင့် ဒီနှစ်ရတဲ့ Valentine လက်ဆောင်ကို အမှတ်တရအဖြစ် စာလေးရေးပြီးသိမ်းထားချင်တာနဲ့ ဒီပို့စ်လေးကိုရေးလိုက်တာပါပဲ။

(ချောကလက်တွေကျွေးချင်ပေမဲ့ ကျွေးခွင့်မရလို့ ဓာတ်ပုံလေးတွေပဲကြည့်လိုက်ကြပါတော့ ပရိတ်သတ်ကြီးရေ.. စိတ်တော့မဆိုးကြနဲ့နော်။ သူတို့ပို့ပေးတာက ၂ပေါင်ဗူးကြီးဆိုတော့ ဝါရှင်တန်ကိုအမှီလာနိုင်မယ်ဆိုရင်တော့ တဝကြီး ကျွေးချင်ပါတယ်....းD)



Gift Wrap ကိုဖယ်လိုက်ပြီးမှ ဓာတ်ပုံရိုက်ဖို့သတိရတာနဲ့ ဖဲကြိုးလေးပဲပြန်ချည်ပြီးရိုက်ထားတာပါ...။ မူရင်းပုံစံကိုကြည့်ချင်ရင်တော့ အပေါ်ခေါင်းစီးမှာတင်ထားတဲ့ပုံလေးကိုသာကြည့်ပါတော့။



အထဲမှာဘယ်လိုပုံစံချောကလက်တွေပါမလဲ...???




သုံးနေရာလပ်နေတာက ဘုရားတင်ဖို့မြန်မြန်ဖယ်လိုက်ပြီးတော့ သူတခု ကိုယ်တခု စားလိုက်ကြတယ်း) အောက်မှာနောက်နှစ်ထပ်ကျန်သေးတယ်။

9 comments:

Zephyr said...

လူကြုံရှိရင်ပို့ပေးလိုက်ပါဗျာ ...။

:)

ဆောင်းယွန်းလ said...

လက်ဆောင် ချောကလက်လေးတွေကို လာငေးသွား
တယ် ညီမရေ...
ညီမတို့မိသားစု ချစ်သူများနေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

P.Ti said...

မမယော ကျွန်တော်လည်းစားချင်တယ်...

ံHappy Valentine's Day

လူလ said...

အပေါ်က လူကြီး လာစားဦးသွားပြီ။ ကုန်သွားပြီပေါ့ ဒီလူကြီးက ၀ ၀ နဲ့ အစားကြီးမဲ့ပုံ ..း)

ကိုအောင် said...

အမရေ ချောကလက်တွေ လာငေးသွားတယ်။
မိသားစုပျော်ရွှင်ပါစေ။

April said...

ချောကလက်စားချင်တယ်ဗျို့.. သရေတွေ သိမ်းသွားတယ်..

ပျော်ရွှင်ပါစေ.
မိုးနေ

ပုံရိပ် / Pon Yate said...

အမှီလာချင်ပါတယ်။ ချစ်သောသူများနှင့် ပျော်ပါစေ အစ်မရေ။

Anonymous said...

ကောင်းလိုက်တဲ့ ချော့ကလက် အကို့ပိုတော့ ပေးမယ့်သူမရှိလို့ ကိုယ့်ဘာသာကိုယ်ဘဲ ဒီမှာဝယ်စားပစ်လိုက်တယ်၊ ဘယ်ရမလည်း..ဟဲ..ဟဲ

မေ့သမီး said...

သူများလည်းချောကလက်စားချင်လိုက်တာ။ အစ်မနေကောင်းလား။