Monday, February 23, 2009

အသိမဲ့ရစ်နှောင်တွယ် (၂)

Photo Credit to Lars Sundström



(၃)

ငါတို့နှစ်ယောက်ကို အမြဲတတွဲတွဲတွေ့ဖန်များတော့ ချစ်သူစုံတွဲဖြစ်သွားပြီလို့ အားလုံးက သတ်မှတ်လာကြတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေကတောင် နားမလည်နိုင်ပဲ နောက်ပြောင်လာကြတဲ့အခါ၊ နှစ်ယောက်လုံး တန်ဖိုးထား တဲ့ အရာတခုကို ကာကွယ်တဲ့ ဖြေရှင်းချက်မျိုးထပ်တလဲလဲပေးနေရတာကြာတော့ စိတ်ကုန်ခမ်းလာတဲ့အခါ ထင်ချင်သလိုသာထင်ဆိုပြီး နေသာသလိုငါတို့ပျော်ခဲ့ကြတယ်။

တနေ့တော့…ပန်းချီပြခန်းမှာတွေ့လာခဲ့တဲ့ ကောင်မလေးတယောက်အကြောင်းကို ပြန်ပြောပြနေတဲ့ အသံထဲ မှာ နင့်ရဲ့အချစ်တွေကို ငါမြင်လိုက်ရတယ်။ နင့်ရဲ့နှုတ်ခမ်းတွေဟာ စိတ်လှုပ်ရှားရလွန်းလို့ တုန်ရီနေတာကို အဲဒီ ကောင်မလေး မြင်စေချင်လိုက်တာ။ ငါကတော့ ကောင်မလေး သွားလေရာနောက်ကို တကောက် ကောက်လိုက် ပါတော့မဲ့ ကတ္တီပါဖိနပ်အမည်းရောင်ဝတ် ခြေထောက်ဖွေးဖွေးလေးတစုံကို မဆီမဆိုင်နှမြောနေမိတယ်။

နောက်များမကြာမီမှာ နင်တို့နှစ်ယောက် ချစ်သူတွေဖြစ်သွားခဲ့တယ်.. သိပ်ကိုလှပတဲ့ချစ်သူလေးကို နင့်မှာ ထားစရာနေရာမရှိအောင်ဖြစ်နေခဲ့တယ်။ ငါ့မှာတော့ အပျော်တွေကူးစက်ရင်း တပြိုင်နက်ထဲမှာ တခုခုကိုဆုံးရှုံး သွားရမှန်း သိရက်နဲ့မသိချင်ဟန်ဆောင်ထားခဲ့တယ်။ အနားမှာ အရင်ကလို နင် အမြဲတမ်းရှိမနေတဲ့ရက်တွေ နောက်ပိုင်း ပိုများများလာခဲ့တယ်။ ဒီလိုနဲ့ အသည်းကွဲသွားတဲ့မိန်းကလေးတယောက်လို့ လူတွေရဲ့ စုတ်သပ်သံ တချို့ကိုကျောခိုင်းရင်း မလွမ်းပဲနေတတ်အောင်ကြိုးစားခဲ့တယ်။ လွမ်းတယ်ဆိုတာ သမီးရည်းစားတွေအတွက်သာ သီးသန့်ထားတဲ့စကားလုံး မဟုတ်တဲ့အတွက် နင့်ကိုငါ .. တမ်းတမ်းတတ… လွမ်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။

နင်လည်း ပန်းချီကားတွေကိုပြပွဲတင်ဖို့ကြိုးစားဆဲ…တခါတခါ နင်တို့နှစ်ယောက် ငါ့ဆီရောက်ရောက်လာတယ်။ အရင်ကလို မဟုတ်ပဲ နင်နဲ့ငါ့ကြားမှာ တစိမ်းဆန်သွားစေတဲ့ ကောင်မလေးကို ဟန်ဆောင်ပြုံးပြရတာ ပင်ပန်းလွန်း လို့ နင်ငါ့ဆီဘယ်တော့မှ မလာပါစေနဲ့လို့ တိတ်တိတ်ဆုတောင်းမိတယ်။ နောက်ပြီး ငါ့ကို ပြိုင်ဘက်တယောက်လို့ သတ်မှတ်ထားတဲ့ ကောင်မလေးရဲ့မျက်ဝန်းတွေဟာ ငါ့ကိုအနေရခက်စေတယ်။ ငါကတော့ ပြိုင်ဘက်မဟုတ်ပါပဲနဲ့ ရှုံးနှိမ့်လိုက်ရတာကို မကျေမနပ်ဖြစ်မိတယ်။ ယှဉ်ပြိုင်ခွင့်လေးတောင်မှမရပဲ ဘောင်ခတ်ခံလိုက်ရတဲ့ ဆက်ဆံရေး တခုကို တကယ်မလိုချင်တော့တဲ့ အဆုံး နင်နဲ့ မတွေ့အောင်ငါရှောင်တတ်လာတယ်။

နင်ကတော့ .. ပြပွဲအတွက် မအားတဲ့ကြားထဲက အတန်းထဲအထိလိုက်လာပြီး ငါ့ကိုလာရှာတတ်တယ်။ ပန်းချီကား အသစ်တွေဆွဲထားတာကို လိုက်ကြည့်ဖို့ အိမ်လည်ခေါ်တာကို ငါ မလိုက်ပဲငြင်းဆန်နေတော့။ ပန်းချီကားချပ်ကြီး ကို ကျောင်းအထိ တကူးတကသယ်လာတဲ့အခါမှာ တစိမ်းဆန်လိုက်မိတဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။ အဲဒီတုန်းက နင်ရေးသမျှကားတွေမှာ ပန်းခရမ်းရောင်တွေများလှချေလားလို့ ဝေဖန်တော့ အဝေးကို ငေးရင်း ဖြေရှင်းချက်မပေးပဲ နင် နှုတ်ခမ်းကွေးညွတ်ရုံသာပြုံးခဲ့တယ်။ အချစ်ဆိုတာ အရာအားလုံးကိုပြောင်းလွဲသွား အောင် ဖမ်းစားနိုင်တယ်နော်။


ချမ်းသာတဲ့ အသိုင်းအဝိုင်းက ကောင်မလေးဟာ ဘဝဆန်တဲ့ နင့်ကို နားမလည်ပေးနိုင်တဲ့ အခါ… နင်ငြီးငြူသမျှ ကို မငြီးငွေ့ပဲ နားထောင်ပေးတတ်တဲ့ ငါ့ဆီကိုအပြေးလာပြီးရင်ဖွင့်လေ့ရှိတယ်။ ဟိုကစိတ်ကောက်ပြီး စကားမပြော ရင် ကောင်မလေးဆီကိုဖုန်းဆက်ပြီးပြေရာပြေကြောင်းပြောဖို့ ကြားဝင်ခိုင်းတတ် ပြန်သေးတယ်။ ကောင်မလေး ရဲ့ မာဆပ်ဆပ်ပြောဆိုသံကို နားကလောလှတဲ့ငါက ဖုန်းမဆက်ချင်ပေမဲ့လည်း .. ခံစားနေရတဲ့ နင့်မျက်နှာကို ကြည့်ပြီး မဆက်ပေးဘူးလို့ ပြောမထွက်ခဲ့ဘူး။ နင်ကသိပ်ချစ်လို့ အလျော့ပေးလိုက်တဲ့အခါ အနိုင်ယူတတ်တဲ့သူ့ ဆီက နားလည်မှုရဲ့ ဆန့်ကျင်ဘက် အနိုင်ကျင့်မှုတွေသာ ထပ်ရရှိခဲ့တာမဟုတ်လား။

ငါက စည်းဝိုင်းအပြင်ကလူဆိုတော့ ပွဲကြည့်ပရိသတ်အဖြစ်နဲ့ နင့်အပေါ်အားမလိုအားမရတွေဖြစ်လို့ပေါ့။ ဒါပဲ တတ်နိုင်တာရှိတော့တယ်.. နင့်ရောဂါက ကျွမ်းနှင့်ပြီးဖြစ်သလို၊ အနာနဲ့တည့်တဲ့ဆေးကလည်း နင့်နားမှာပဲရှိတယ် မဟုတ်လား။ ငါကပါဝင်ကပြလို့လည်းမရ ဘီလူးဆိုင်းတီးပေးလို့လည်းမသင့်တော့နင်တို့နှစ်ယောက် စိတ်ကောက် သမျှကို ခေါင်းရှုပ်ခံပြီးတော့ စဉ်းစားနေဖို့ ငါ့မှာအချိန်မပေးနိုင်ဘူးလို့ပြောပစ်လိုက်တယ်။ ဒီနောက်ပိုင်း နင့် အကြောင်းတွေ င့ါကိုသိပ်မတိုင်ပင်တော့ဘူး .. ငါလည်းစိတ်ညစ်တာနဲ့ နင်နဲ့ဝေးဝေးမှာ ခဏသွားနေလိုက်တယ်။


(၄)

တစိမ်းဆန်သွားတဲ့ကာလတွေမှာ နင့်အကြောင်းကိုတော့ အမြဲနားစွင့်ခဲ့တယ်ဆိုတာ ယုံပါ။ ဝေးဝေးသွားနေမယ် စိတ်ကူးတဲ့ငါဟာ ကျောင်းထဲမှာ အင်းလျားမှာ အပန်းဖြေရိပ်သာထဲမှာ အဓိပတိလမ်းပေါ်မှာ ဖျတ်ကနဲများတွေ့ လိုက်လေမလားလို့ ငါ့မျက်လုံးတွေက လိုက်ရှာတတ်ပြန်တယ်။ စာထဲမှာပဲကျိုးစားပြီးစိတ်ကိုနှစ်ထားလိုက်တယ် အတန်းပြန်မှန်လာတဲ့ငါ့ကို သူငယ်ချင်းတွေက အံသြနေတယ်။ အတန်းမရှိချိန်တွေမှာ ကင်တင်းကိုမသွားပဲ စာကြည့်တိုက်ထဲဝင်ပြီး စာဖတ်နေလိုက်တယ်။

တနေ့ အတန်းပြီးချိန်မှာ ကော်ရစ်တာမှာရပ်စောင့်နေတဲ့ နင့်ကိုတွေ့တော့ သတိလက်လွတ် ငါမျက်ရည်ဝိုင်း မိတယ်။ ငါ့ရင်ထဲမှာ နင့်ကိုပြောချင်တဲ့စကားတွေခုန်ပေါက်နေပြီး နှုတ်ကတော့ဆွံ့အနေခဲ့တယ်။ တယောက်ကို တယောက် ပြုံးပြရုံကလွဲလို့ ငါတို့စကားစဖြစ်ခဲ့ကြဘူးနော်။ နှစ်ယောက်သား မတိုင်ပင်ပဲ နဲ့ ကင်တင်း ကို ခြေဦးလှည့်ခဲ့တာကိုကြည့်ခြင်းဟာ ငါတို့ အတွေးတွေတူနေကြတုန်းပဲဆိုတာသိသာတယ်။ ကင်တင်းမှာထိုင်ဖြစ် တဲ့ အထိ ငါတို့စကားစရှာမရသေးဘူး… ပြောမဲ့ပြောတော့လည်း နှစ်ယောက်စလုံးနှုတ်က ပြိုင်တူစကားသံထွက်လာလို့ …ရှက်ကိုးရှက်ကန်း ရယ်မိကြသေးတယ်။

မတွေ့တာကြာပြီဆိုတော့ ငါတို့စကားသံတွေထဲမှာ အမေးဝါကျတွေပဲများနေတယ်။ ခဏလေးကြာတော့ လွယ်အိတ်ထဲက စက္ကူနဲ့ပတ်ထားတဲ့ပန်းချီကားလေးကို နင်က ထုတ်ပြီး ငါ့အတွက်ဆွဲထားတာလို့ပေးတယ်။ နောက်တော့ ဖိတ်စာတစောင်လည်းထုတ်ပေးပြန်တယ်။ စားပွဲပေါ်မှာ ယှဉ်ပြီးချထားတဲ့ ဖိတ်စာနဲ့ ပန်းချီကားကို ကြည့်ပြီး ဘယ်ဟာကိုအရင်ဖွင့်ရမယ်မှန်း ငါဝေခွဲမရဖြစ်နေတယ်။ တကယ်တမ်းက့ ဖိတ်စာကို ဖွင့်ကြည့်ဖို့ ငါ စိတ်မခိုင်ဘူးဖြစ်နေခဲ့တယ်။ ဒါနဲ့ ပန်းချီကားကို ချည်ထားတဲ့ကြိုးကို သတိမထားလိုက်မိခင် ငါ့လက်တွေက ဖြည် လျှက်သားဖြစ်နေတော့တယ်။

နင်ဆွဲထားတဲ့ ငါ့အတွက်ပန်းချီကားလေးထဲမှာ အစိမ်းရောင်တွေလွန်ကဲနေတယ်။ အစိမ်းကို အနုအရင့်မျိုးစုံသုံး ထားတဲ့ပန်းချီကားလေးကို ဘယ်လိုစိတ်ကူးနဲ့ နင်ဆွဲခဲ့တယ်ဆိုတာ ဒီတခါ ငါမမေးချင်တော့ဘူး။ အဖြေသိ ပြီးသားပုစ္ဆာတပုဒ်ရဲ့ မေးခွန်းကို လှစ်လှူရှုလိုက်တာဟာ ဒီတကြိမ်တော့ ငါတို့အတွက် အကောင်းဆုံးဖြစ် မယ်ထင် တယ်။

ဖိတ်စာလေးကိုသေချာကြည့်မိတော့မှ မင်္ဂလာဆောင်ဖိတ်စာမျိုးမဟုတ်ဘူးဆိုတာ သတိထားမိတယ်။ တကယ် တမ်းက နင့်ရဲ့ပန်းချီပြပွဲ ဖိတ်စာလေးပါ။ နင်ကတော့ နင့်ပန်းချီကားတွေကို စံတစ်ခုအဖြစ်လူတွေကြားမှာ မှတ်ကျောက်တင်ခံဖို့ မေးခွန်းလွှာမရှိတဲ့ စာမေးပွဲကိုဖြေဆိုဖို့ကြိုးစားခဲ့ပြီ။ ငါက နင့်အတွက် ဂုဏ်ယူပါတယ် ဆိုတော့။ ဒါဆို စားထား သမျှ ရှင်းလိုက်တော့လို့ပြောလိုက်တဲ့ နင့်စကားအဆုံးမှာ မတိုင်ပင်ပဲ ပေါ့ပေါ့ပါးပါး ရယ်မောဖြစ်ကြသေးတယ်။

(၅)

ပန်းချီပြပွဲနေ့မှာ ပြခန်းကို ငါအစောကြီးရောက်သွားတော့ ညက တမှေးမှအိပ်ခဲ့ပုံမပေါ်တဲ့ နင့်မျက်လုံးတွေက ဒီပြပွဲအတွက်ဘယ်လောက် စိတ်စောနေလည်း ဆိုတာသိသာစေတယ်။ ပန်းချီဆရာကြီးတွေ၊ ဖိတ်ကြားထား တဲ့ ဧည့်သည်တွေတဖွဲဖွဲရောက်လာပေမဲ့ နင်မျှော်နေတဲ့သူကတော့ အရိပ်အယောင်တောင်မပေါ်လာဘူးနော်။ နင့်မှာ ပန်းချီကားတွေကို ရှင်းပြလိုက်၊ ဧည့်ခံလိုက်၊ ဆရာကြီးတွေရဲ့မှတ်ချက်တွေကိုနာခံလိုက်နဲ့ အလုပ်တွေ ဒီလောက်ရှုပ်နေတာတောင် တချက်တချက် အဝင်ဂိတ်တံခါးဖက်ကို မျှော်မျှော်ကြည့်တတ်သေးတယ်။

ငါ့မှာတော့ နင့်အတွက်စိတ်မောလွန်းလို့ အအေးတခွက်သွားယူပြီး နင့်လက်ထဲကိုထည့်ပေးလိုက်မိတယ်.. နင့် ရင်ထဲကအပူ ပြေကောင်းပြေပါစေတော့ဆိုတဲ့ စိတ်နဲ့ပေါ့။ ပြပွဲခန်းလေးဟာ ချီးမွမ်းသံ နှုတ်ဆက်သံ အကြံပေးသံ တွေနဲ့ နွေးထွေးအသက်ဝင်လာနေသလောက်။ နင့် မျက်နှာက တဖြည်းဖြည်းအသက်ကင်းမဲ့ လာတယ်။ ဧည့်သည်တွေကုန်သလောက်ရှိတော့မှ ရောက်လာတဲ့ ကောင်မလေးကို ပြာယာခပ်ပြီး အဖြစ်သည်း ပြတော့ နင့်ဟာက တဆိတ်လွန်လွန်းလိုက်တာလို့ ငါတွေးမိတယ်။

ထူးခြားမှုက ဇာတ်လမ်းထဲပါဝင်ကပြမဲ့ တတိယဇာတ်ကောင်ကို ကောင်မလေး အဲဒီနေ့မှာ စတင် အသက်သွင်း သွားတာပါပဲ။ ဒီတတိယလူကြောင့်လည်း နင်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ အထွတ်အထိပ်ကို ပိုရောက် သွားခဲ့တယ်။ အဲဒီနေ့က ပြပွဲကို ကောင်မလေးက သူမရဲ့ အဖေကိုပါခေါ်လာခဲ့တာကို ရိုးသားလွန်းတဲ့ နင်ကတော့ လိုရာကိုဆွဲတွေးပြီး စိတ်ကူးနဲ့ရူးနေခဲ့တယ်မဟုတ်လား။

ပြပွဲပြီးတဲ့နောက်ပိုင်းမှာ ငါလည်း နောက်ဆုံးနှစ်စာမေးပွဲအရမ်းနီးလာလို့ စာတွေပဲဖိကျက်နေရတယ်။ နင်ကတော့ ကျောင်းဘက်ကိုခြေဦးမလှည့်တာအတော်ကြာနေပြီ…။ တခါတလေတော့ ကျောင်းထဲက နင့်သူငယ်ချင်း ပန်းချီဆရာတွေနဲ့ စာတိုပေစပါးတတ်လို့ နင်ကျန်းမာတယ်၊ နောက်ပြပွဲထပ်လုပ်ဖို့ အလုပ်ရှုပ်နေ တယ်ဆိုတာတွေရယ်၊ ပြပွဲအတွက် နင့်ကောင်မလေးအဖေက စပွန်ဆာလုပ်ပေးတယ်ဆိုတာ တွေပါသိရတော့… နင့်စိတ်ကူးတွေတကယ်ဖြစ်လာခဲ့တယ်လို့ ငါ့မှာကြည်နှုး မိတယ်။

နင့် ပန်းချီကားတွေအကြောင်း ပန်းချီဝေဖန်ရေးသမားကြီးတယောက်က ချီးမွှန်းထားတဲ့ ဆောင်းပါး နာမည်ကြီး မဂ္ဂဇင်းမှာပါလာတဲ့အချိန်ကတော့ နင့်ဘဝရဲ့ အနုပညာဖန်တီးမှုမှော် အအောင်ဆုံးအချိန်ပဲလို့ ငါကချီးကျူးရင် ရှက်ရယ် ရယ်နေမဲ့ နင့်မျက်နှာကို မျက်စိထဲမြင်ယောင်မိတယ်။ အောင်မြင်ပါစေ သူငယ်ချင်း… ဒီထက်ထိ ပိုလို့အောင်မြင်ပါစေ။ ငါမှာတော့ တယောက်တည်း နင်မပါလဲ စာအုပ်ဟောင်းတန်းသွားမြဲ.. နင်ကြိုက်တတ်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကို ကူးမြဲ…. အလွမ်းတွေနဲ့နေသားကျနေတဲ့ ဘဝထဲမှာ နင့်ကိုလွမ်းဆဲ။


စိုးသင့်ဆွေ


~~~~~~~~~~~~~~~~~~~~
(စာလာဖတ်တဲ့သူတွေကို ကျေးဇူးလည်းတင် အားနာလည်းနာပါတယ်။ နောက်တပိုင်းဆိုရင် ဇာတ်သိမ်းခန်းရောက်ပါတော့မယ်ဆိုတာ အာမခံပါတယ်ရှင့်း))

6 comments:

MANORHARY said...

ပြီးလည်းပြီးသေးဘူး..း(
ညှော်နေတယ်နော်...း)

မေငြိမ်း said...

တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ၀တ္ထုလေးပါ.. မျှော်ပါ၏...

ဆောင်းယွန်းလ said...

ဖတ်လို့ပိုပိုကောင်းလာတယ် ညီမရေ...တကယ်ပြောတာ
စွဲဆောင်မှုအပြည့်ရှိတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ....
ဆက်ရန်မျှော်ရဦးမှာပေါ့နော်...

P.Ti said...

မြန်မြန်လေးဆက်ရေးပါ အမရေ...

ပုံရိပ် / Pon Yate said...

နားလည်တယ် အစ်မ။ အားမနာပါနဲ့။ ပုံရိပ်လည်း လုပ်နေကျလေ။ ဟီး။ ဆက်ရေးပါ။ မျှော်နေတယ်။

မေ့သမီး said...

ဇင်ယော်ကြီး မြန်မြန်ရေးနော်။ :P