Monday, October 27, 2008

အလင်းစားမိုးတိမ်

ညီလေးရေ..
စိတ်ထွေရှုပ်
စတုတ္ထမြောက်ဝသန္တ
ပုဒ်ဖြတ်ချလိုက်ရပြန်ပေါ့။

ညီလေးရေ…
မှတ်မိလေမလား
မင်းနဲ့ငါ့ ကြား
ငါးသုံးလုံး နှစ်ဗူးကုန်သွားခဲ့
မင်းရဲ့ နမိတ်ပုံစကား
“ကိုကြီး… ပြန်လာမှာလား..” တဲ့။

ညီလေးရေ…
မိတ်ကပ်ဖုံလမ်းမဟာ
မှန်သေတ္တာထဲကဒိန်ခဲ
ငြင်းပယ်စွန့်ရဲသူကို
နှုတ်ခမ်းစူကဲ့ရဲ့လို့
ဝမ်းစာချို့ အက်စ်အီးကလဲ
စိတ်ထဲကြိတ်ပြီး
“ကြီးပွားမဲ့ကောင်မဟုတ်..” ဆိုပဲ
အဲ….. နောက်
အငြိုးကြီးမိုးတိမ်တွေ
လေရိုင်းသရဲစီး
ငါ့အလင်းသီးကိုဝါးမြိုကိုက်စား
အား….. ………
ဂစ်တာအို အသံဝင်
စာအုပ်စင်မိုးမိ
လက်ချောင်းလေးတွေချိခဲ့။

ညီလေးရေ….
မေမေ့ကို
“အမေသီချင်း” တွေဖွင့်ပြပေးပါကွာ
ငါတော့လေ…
မေမေရေ… … လို့ ယောင်ရမ်းခဲ့
ခေါင်းအုံးမဲ့ညတွေ
ဆန္ဒဌက်ရဲ့ တောင်ပံခတ်သံတွေ
ညီမလေးတွေရဲ့
သောကမျက်ရည်တွေ
နေခြည်ထွေးပက်စေချင်ပ။

ညီလေးရေ….
မဲပြာပုဆိုးညနေမှာ
ကိန်းသေအလျင်နဲ့
မျက်မှန်စိမ်းတပ်တိမ်တွေ
အတ္တခရီးဆက်နေရဲ့….. ….
ရိုးထဲရေထဲ
သင်းကွဲဗျိုင်းတွေ
လည်ပင်းရှည်နေကြလေရဲ့
မာယာရှင်ညမျက်ခုံးမှာ
ကြယ်တာရာတွေ
ဒီရေစောင့်နေရဲ့။

ညီလေးရေ…..
နာရီရဲ့ ရင်ခုန်ခြင်း
သံ, သံချင်းထိသံဟာ
ငါတို့ရွှေအိပ်မက်ခရီး
ပိုနီးလာစေပေါ့
ပလပ်စတစ်ညှော်သင့် အဆုတ်တွက်တော့
မိုးငွေ့သက် မုတ်သုန်လေ
တလှေကြီးရှိုက်ရဦးမယ်လေ။

ညီလေးရေ….
မင်းရဲ့ ခြေထောက်များ
ကံစမ်းမဲ ဝင်္ကဘာကြား
မကစားမိစေနဲ့ကွာ
ကမ္ဘာမြေကိုခြေဆန့်မယ့်
မင်းရဲ့တာတွက်, သွက်ဖို့
ကြွက်သားတွေသန်မာပစေ
ကိုယ်ခံစွမ်းအားကောင်းပစေ
ကမ္ဘာမြေကိုချစ်တတ်ပစေပေါ့။

ညီလေးရေ…..
နောက်ဆုံးတော့
အစာမကြေ ဒိုင်ယာရီဟောင်း
မြင်းစောင်းထဲထားလိုက်စမ်း
မိုးဦးပန်းပျိုများက
ဆန္ဒမိုးကြိုး
ဇိုးဇတ်, ဖြတ်ကနဲ
ထိုးခွဲလိုက်တဲ့ခါ
ဒေါင်းဖန်ဝါရောင်စဉ်ကို
တကိုယ်စာလက်ဝါးကြီးအုပ်
အလင်းစားတိမ်ရိုင်း
အပြိုင်းပြိုင်းပြိုကျ
မိုးစဲရင်လှတော့မယ်။ ။


လင်းနွေးအိမ်
(၁၉၉၅)

(ကြိုက်နှစ်သက်သောကဗျာတပုဒ်ဖြစ်လို့ ကဗျာဆရာ့ထံ ခွင့်တောင်း၍ဖေါ်ပြလိုက်ပါတယ်)

Read More...

Tuesday, October 21, 2008

မိဘကျေးဇူး တရားဟောဆရာ

ဒ်ီထမင်းဆိုင်ကို ဒီအချိုန်ဆိုသူလာနေကျ၊ ဒီအချိန်ဆိုတာက နေ့လည် ၃နာရီလောက်ကိုပြောတာ နေ့လည်စာ စားသောက်တဲ့လူတွေလည်းရှင်းပြီ။ ပြီးတော့ဟင်းတွေကို လျော့ဈေးနဲ့ စရောင်းတဲ့အချိန်။ ဆိုင်ကညနေ ၆နာရီကျော်ရင် ပိတ်ပြီဆိုတော့ မနက်ပိုင်းရောင်းမကုန်တဲ့ ဟင်းတွေကို နောက်နေ့ထိဆက်ထားလို့မဖြစ် ဒီတော့ ၂နာရီခွဲကျော်ရင် စပြီးလျော့ရောင်းတော့တာပဲ။ ဆိုင်ကလည်း ခန်းခန်းနားနားမဟုတ် အိမ်ရှေ့မှာ ဓနိမိုးအဖီိထိုးပြီး ရောင်းတဲ့ဆိုင်။ ခုံတန်းလျားရှည်ပေါ်မှာ ဟင်းအိုးတွေတင်ထားမယ်၊ ခုံနဲ့တဆက်ထဲမှာ ပျဉ်ပြားတချပ်ကို ပတ္တာနဲ့တွဲရိုက်ပြီး မလိုချင်ရင်ဖြုတ်ထားလို့ရမယ် စားပွဲလုပ်ချင်ရင်ပျဉ်ပြားကိုဆွဲမ ပြီးအောက်က တုတ်နဲ့ထောက် ထားလိုက်ယုံအလွယ်လုပ်ထားတဲ့စားပွဲ။ ဒီစားပွဲပေါ်မှာပဲ လာစားတဲ့သူတွေက ပန်းကန်တင်စားတယ်၊ ပြီးတော့ ငပိရည်တို့စရာ ပန်းကန်ရှိမယ်၊ ငရုတ်သီးစိမ်း ကြက်သွန်ဖြူခွက်ရှိမယ် ဒါပဲ ဆိုင်အပြင်အဆင်က။

သူက ဒီအချိန်ဆိုလာနေကျဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် ဈေးလျော့ရတာလည်းတကြောင်းပေါ့ ပြီးတော့ သူအလုပ်က ညပိုင်းဆင်းရတဲ့အလုပ်။ ဒီတော့ တမနက်လုံးသူအိပ်နေပြီး နိုးလာတော့ ရေမိုးချိုးဝေရာဝစ္စလုပ် ပြီးတာကပဲ နေ့လည်၁၂နာရီရှိသွားပြီ။ ပြီးရင် လက်ဘက်ဆိုင်ဘက်ကိုထွက် လက်ဘက်ရည်သောက်ရင်း ဆိုင်ရှင်နဲ့ နည်းနည်းပါးပါး ရပ်ကြောင်းရွာကြောင်းလေးပြော။ အိမ်ကိုပြန်ဝင်တော့၁နာရီ သတင်းစာလေး၊ ဂျာနယ်လေးတွေ နည်းနည်းပါးပါးဖတ် ပြီးလို့ နာရီကြည့်လိုက်ရင် ၂နာရီကျော်ပြီ။ အလုပ်သွားဖို့ပြင်ဆင်တာနဲ့ ၂နာရီခွဲကျော်တော့ ဗိုက်က အသံပေးလာပြီ။ ဒါနဲ့ပဲ အမြဲ နေ့တိုင်း ၃နာရီ နီးပါးမှ ဒီဆိုင်ကို အမြဲရောက်လေ့ရှိတာ။

ဆိုင်ကိုသူရောက်တော့ လူရှင်းစပြုနေပြီ ဒီနားမှာအစိုးရရုံးတရုံးရှိတော့ နေ့လည်ထမင်းစားချိန်ဆိုလူရှုပ်တယ်။ ၆ပေတောင် မပြည့်ချင်တဲ့စားပွဲလေးမှာပဲ လူတွေကကျပ်ကျပ် သိပ်သိပ်ထိုင်၊ ဟင်းချိုပန်းကန်၊ ငပိတို့စရာ ပန်းကန်တွေနဲ့ပြည့်ပြီး လက်တွေက ယောက်ယက်ခက်နေ ဒါတွေကို သူစိတ်ညစ်လို့ မနက်တိုင်းပိုက်ဆံ အကုန်ခံပြီး လက်ဘက်ရည်သွားသောက်ထားပြီး ဗိုက်ကို ချွေးသိပ်ထားရသည်။ လူရှင်းချိန်နဲ့ သူဗိုက်ဆာလာတဲ့ အချိန်ကအံကိုက်။ နေ့စဉ်လာနေကျဖြစ်တဲ့သူ့ကို မနက်ပိုင်းတာဝန်ပြီးဆုံးသွားတဲ့ ဆိုင်ရှင်အဒေါ်ကြီးက ဝတ်ကျေတမ်းကျေ ပြုံးပြရင်း အိမ်ပေါ်ကိုတက်သွားတယ် သူ့သမီးအကြီးမက ညနေဆိုဆိုင်ထိုင်နေကြ။ ဟင်းအိုးတွေကို သူ တခုစီလှန်ကြည့် နေမိတယ်။

ဟင်းတွေကသိပ်တောင် ကောင်းကောင်းမကျန်ချင်တော့ အသားတွေတောင် ကျေတဲ့ဟာကကျေနေပြီ။ ဒီဆိုင်ကဟင်းကောင်းကောင်းရောင်းလို့မရဘူး လက်လုပ်လက်စားတွေ ဝယ်စားတဲ့ ဆိုင်ဆိုတော့ တော်ယုံသင့်ယုံ ဟင်းမျိုးကိုပဲ ချက်ရောင်းမှရောင်းရတာ။ ဘဲဥ၊ကြက်ဥနဲ့ ငါးဆိုလည်းပင်လယ်ငါးလောက်ပဲ တင်နိုင်တာ။ အမဲသား၊ကြက်သားဆိုလည်းအသားကောင်းမဟုတ် အမြစ်လောက်၊ အရွတ်လောက်ပဲရောင်းတာ။ လူတွေက လည်း တခြားဆိုင်တွေထက် ပိုဈေးချိုတော့ သိပ်မကောင်းတဲ့ဟင်းတွေကိုပဲမညီးမညူ ဝယ်စားနေတာပဲ။ ထမင်းနဲ့ဟင်းမှာရင် ဟင်းချိုတစ်ခွက် အလကားပေးသေးတယ်။ ဟင်းချိုကတော့ ဘာဟင်းချိုဆိုတာပြောရခက်တဲ့ ဈေးပေါပေါရတဲ့ ဟင်းသီး၊ ဟင်းရွက်တွေကိုဖြစ်သလိုပြုတ်ထားတော့ ကျဲတဲ့အခါလည်းကျဲတောက်လို့ ပြစ်ချွဲတဲ့ အခါလည်းပြစ်ချွဲလို့။ အင်း ဒါတွေကိုပဲသူနေ့တိုင်းစားဖြစ်နေကျ။

"ဒီနေ့လည်း ခါတိုင်းလိုပဲ ဘဲဥကြော်ပဲလား" ကလေးမလေးက သူ့ကိုလှမ်းမေးလိုက်တယ်။ သူကမနေ့က လခထုတ်ထားတဲ့ အားကိုးနဲ့ "ဟင့်အင်း ကြက်မြစ်နဲ့ပေးပါ"လို့ပြောလိုက်တော့ ကောင်မလေးက အံသြသလို မျက်လုံးဝိုင်းနဲ့ ကြည့်ရင်း ထမင်းပြင်နေတယ်။ ခနနေတော့ သူ့ရှေ့မှာ ထမင်းနဲ့ ဟင်းရယ် ဟင်းချိုပန်းကန်တွေရယ် စီရီလို့။ ပထမဆုံးပါးစပ်ထဲထည့်တဲ့ ထမင်းတလုပ်ဟာ အရသာအရှိဆုံးဆိုတဲ့ သူ့အယူအဆက ဒီနေ့ကျလုံးဝမှန်သွားတယ်။ ဒါတောင် ကြက်မြစ်က သိပ်မနူးချင်လို့ တော်တော် လေးဖိဝါးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် စားလို့တော့ ကောင်းသား ကောင်မလေးက စေတနာပိုပိုနဲ့ ဟင်းဆီများများလေးထည့် ပေးထားသေးတယ် စားနေကျ ဖေါက်သည်မို့ဖြစ်မယ်။ စားရင်းနဲ့နင်လာလို့ ဟင်းချိုသောက်မလို့ လက်လှမ်းလိုက်ချိန်မှာ သူလက်တွေလေထဲမှာ တန့်သွားတယ်။

"ကာလနာလေး…နင်လုပ်လိုက်ရင်..ဒီလိုချည်းပဲ…ဘယ်တော့မှစိတ်မချရဘူး..ပိုက်ဆံဘယ်ကရတယ်ထင်နေ လည်း" "ခွေးမျိုးလေး..@#&!!!!လေး…….မျိုးမစစ်လေး…မသာလေး"

ဟင်းချိုသောက်ဖို့ မပြောနဲ့ခုနကအရသာရှိနေတဲ့ ထမင်းလုပ်တွေတောင် လည်ပင်းမှာတစ်သွားတယ်။ လာပြီ.. ဒီဆိုင်အကြောင်း သူပြောပြဖို့မေ့နေတာတခုရှိတယ် ဒီလိုပဲဈေးရောင်းမကောင်းတဲ့နေ့ဖြစ်ဖြစ်၊ လင်မယားရန် ဖြစ်တဲ့နေ့ဖြစ်ဖြစ်၊ မွန်းကျပ်မှုတွေကိုထွက်ပေါက်ရှာတာပဲဖြစ်ဖြစ် ဆိုင်ရှင်အဒေါ်ကြီးရဲ့ ဖရုသဝါစာ တွေကိုသူ ကြားနေကျ။ ဆိုင်မှာ လူရှင်းနေတော့ အော်ချင်တိုင်းအော်လိုက် ဆဲချင်တိုင်းဆဲလိုက်နဲ့ ထင်တိုင်းကိုကြဲလို့။ လူရှင်းတဲ့အချိန်အမြဲ လာနေကျ သူ့အတွက်တော့ ဒီမရိုးနိုင်တဲ့သံစဉ်နဲ့ ရှောင်လို့မရ။ ဒီလိုပေါက်ကွဲသံစဉ်တွေနဲ့ ထမင်းစားလာတာ ရက်ပေါင်းတောင်တော်တော်ကြာပြီ။

" ထမင်းအိုးလေးကြည့်ထားပါဆိုပြီး စိတ်မချလို့ ရေချိုးရတာတောင် မဖြောင့်ဘူး … ပြန်လာတော့တူးချစ်နေပြီ"
"ပိုက်ဆံကိုဘယ်ကရတယ်ထင်လည်း ဈေးရောင်းမကောင်းလို့ အရင်းတောင် အနိုင်နိုင်လုနေရတာ နင်တို့က အိမ်မှာ စားလိုက်သောက်လိုက်နဲ့ ဘာသောက်သုံးကျလို့တုန်း…" " မိဘကိုကျေးဇူးလေးတော့သိတတ်ဦးမှပေါ့ မောင်တူးရယ်..."

အဒေါ်ကြီးကတော့ မီးကုန်ယမ်းကုန် ကျိန်လည်းကျိန် ဆဲလည်းဆဲနဲ့။ သူဘယ်လို ကလေးတွေကို ပုလုကွေးအရွယ်ထဲက ထိမ်းခဲ့ရတာ အလွန်ပင်ပန်းကြောင်း၊ ဖျားနာရင်ဘယ်လို ပိုက်ဆံကုန်ခဲ့ရကြောင်း။ ရာဇဝင်နဲ့ကို ချီပြီးတော့ မိဘကျေးဇူးအထူးသိဖို့ မြည်တွန်တောက်တီးနေတယ်။ သူ့ရဲ့ ၁၂နှစ်အရွယ်သားကတော့ မျက်ရည်တွေနဲ့ ရှိုက်လို့။ ကလေးကိုရိုက်လည်း ရိုက်ထားပုံပဲ။ ဒီကလေးလေးလည်း တကယ်တော့ အားရတယ်ကို မရှိအောင် အရွယ်နဲ့မလိုက် အမေကိုကူပြီးဟင်းရွက်ချွေပေးလိုက်၊ ဟင်းအိုးကြည့်လိုက်လုပ်ပေးနေတာ သူ့အမြင်ပဲ ဒါပေမဲ့ အဒေါ်ကြီးက ဘယ်တော့မှစိတ်တိုင်းမကျနိုင်။ ဆိုင်မှာထိုင်နေရတဲ့ ကလေးမလေးကလည်း သူ့ဘက်ကိုလှည့် အမဲ ခံရမှာစိုးလို့ သူ့မောင်လေးငိုနေတာကိုပဲ ကွက်ကြည့်ကွက်ကြည့်နဲ့ သွားလည်းမဆွဲရဲဘူး။

"ဟိုကောင်မလည်းဒီလိုပဲ..ကျောင်းထားတော့လည်းစာကောင်းကောင်းမသင်..အိမ်မှာနေတော့လည်း အလှ လေး ပြင်ပြီး လမ်းသလားချင်…လင်မြန်မြန်ရသွားလည်း ကောင်းတယ်ကျွေးရသက်သာတယ်..မိဘကျေးဇူး ဘာဆိုတာ တနေ့ကျ ကောင်းကောင်းသိမယ်…ငါတို့မရှိမှသိမယ်..အဲဒီချိန်ကျမှ အမေဆိုလာမခေါ်နဲ့.."

ကောင်မလေးခင်မျာလည်းမလွတ်ပါဘူး သူ့အမေကြီးက မမေ့မလျော့ လှမ်းတွယ်လိုက်လို့ မျက်နှာလေးကို ပျက်လို့ သူ့ကိုတော့ နေ့တိုင်း အမေကြီး တရားနာနေကျလူမို့ထင်တယ် သိပ်ရှက်မနေတော့။ ဒီတရားကလည်း ခုတလောမှ နေ့တိုင်းစိတ်စိတ်လာသလိုပဲလို့ သူသတိထားမိတယ် ကုန်ဈေးနှုန်းနဲ့လည်း တိုက်ရိုက်ပတ်သက် နေပုံပဲ။ မွန်းကျပ် နေတဲ့ဘ၀တွေကဒီလိုပဲလေ ထွက်ပေါက်ကိုမရရတာနဲ့ရှာတာ။

"မိဘကို စိတ်ဆင်းရဲအောင်လုပ်တဲ့ဟာတွေ….ငါလိုစိတ်မဆင်းရဲရပါစေနဲ့တော်…" ဒီလိုကျိန်လိုက်တာကလည်း အခါခါ။

သူလည်းထမင်းကို မိဘကျေးဇူးတရားနားထောင်ရင်းနဲ့ ဘယ်လိုဝင်သွားမှန်းကို မသိတော့။ နောက်ဆုံးတလုတ် ကို အပြီးသတ်ရင်း ဟင်းချိုကိုလှမ်းခတ်တော့ ဟင်းချိုကအေးနေပြီ။ ကောင်မလေးကို ညစာအတွက်ဟင်းနဲ့ထမင်း ဗူးထဲတည့်ခိုင်းရင်း ပိုက်ဆံဘယ်လောက်လည်းတွက်ခိုင်းရတယ်။ ကောင်မလေးလှမ်းပေးတဲ့ ထမင်းဗူးကို ယူပြီးပြန် ထွက်တော့ ၃နာရီခွဲကျော်ပြီ။ ကားဂိတ်ကို မြန်မြန်ရောက်မှဖြစ်မယ် ရုံးဆင်းချိန်နဲ့တိုးနေရင် ကားတွေ အရမ်းကျပ်မှာစိုးရတယ်။ ဆိုင်ကထွက်ပြီး ခပ်ဝေးဝေးရောက်တော့ ဘာရယ်မဟုတ် ဆိုင်လေးကို ပြန်လှည့် ကြည့်မိတယ်။ ဒီမှာ သူတခု သတိထားမိသွားတယ်။

ဒီဆိုင်မှာ ဆိုင်းဘုတ်တွေဘာတွေ ရှိလိမ့်မယ်လို့ ထင်မထားမိ။ ခုမှသေချာသွားတွေ့တယ် ကြိုးတိုး ကြဲတဲ ဓနိမိုးပေါ်မှာ အရောင်လွင့်ဆေးပြယ် ယိုင်နဲ့နေတဲ့ ဆိုင်းဘုတ်တခု။ စာလုံး တွေက အပြာရောင်အခံပေါ်မှာ အဖြူနဲ့ရေးထားတယ် လေတွေရေတွေဒဏ်ကြောင့် ဆေးကွာပြီးမှုန်ဝါးနေပေမဲ့ ဘာရေးထားတယ် ဆိုတာတော့ ဖတ်လို့ရသေးတယ်။ ဆိုင်းဘုတ်မှာရေးထားတာက "မိဘမေတ္တာ"တဲ့။ ဘာရယ်မဟုတ်ပါဘူး သူအတွေးပေါက်ပြီး တယောက်ထဲပြုံးမိသွားတယ်။ မိဘကျေးဇူးတရားကို ဟောဟောနေတဲ့ အဒေါ်ကြီးရဲ့ဆိုင်နာမည် က မိဘမေတ္တာတဲ့လေ။

စိုးသင့်ဆွေ

အောက်တိုဘာလ ၂၁ရက်၊ ၂၀၀၈
ညနေ ၆း၁၀ မိနစ်။


Read More...

Monday, October 13, 2008

မျောလွင့်နေခဲ့

မျောလွင့်နေခဲ့

ခြေထောက်မဲ့ အတွေးများနဲ့လမ်းလျှောက်
ဒီခရီး....လမ်းပျောက်မှာ မပူရ
စိတ်တွေနဲ့ စကားစမြည်ပြောရင်း..။

လမ်းမှာ..
နောက်ကျိတဲ့ စမ်းချောင်းကိုဖြတ်
ချောင်းနံဘေးက ခရာဆူးချုံကိုကျော်
ပြီးတော့မှ..
မညီမညာ ကျောက်စရစ်ခဲကမ်းပါး
တခါတခါ အံချော်သွားခဲ့။

ဝေးလာလိုက် နီးလာလိုက်
ပျောက်သွားလိုက် မှုန်ဝါးလိုက်နဲ့
ဖုန်ထူထူ လှည်းလမ်းကိုဖြတ်
ရေမဲ့ မြက်ခင်းပေါ် ဖ၀ါးမဲ့လျှောတိုက်ရင်း
မျောလွင့်နေခဲ့……။


စိုးသင့်ဆွေ
(၁၀၊ ၁၃၊ ၂၀၀၈)
ညနေ ၆း၅၅

Read More...

Saturday, October 11, 2008

အမြင့်တက်စက်လှေကားများ နဲ့ ကြောက်စိတ်

တချို့လူတွေမှာတစုံတရာကိုအလွန်အမင်းကြောက်လန့်တဲ့စိတ်(phobia)ရှိကြတယ်။ တချို့က ပင့်ကူကြောက်တယ်၊ တချို့ကဖားကိုကြောက်တယ်၊ တချို့ကတော့မြွေကိုကြောက်ကြတယ်။ ကျွန်မကတော့ အမြင့်တက်လှေကားတွေကိုကြောက်လန့်တတ်တယ်။ တော်တန်ယုံအမြင့်ကိုတော့ ကြောက်လေ့မရှိပါဘူး အမြင့်စောက်နက်နက်လှေကားတွေပေါ်မှာရောက်နေတဲ့အခါ လိမ့်ကျသွားမှာကိုစိုးရိမ်ရင်း နဲ့ ဒူးတွေတုန်ပြီး ခြေမမြဲလက်မမြဲ ဖြစ်တတ်တာပါ။

လှေကားဆိုတာကလည်း ဆိုင်းဘုတ်တွေ မျက်နှာကျက်မီးဆိုင်းတွေ ကို ပြုပြင်တဲ့ အခါ အသုံးပြုလေ့ ရှိတဲ့ နှစ်ချောင်းထောက်လှေကားတွေကိုအကြောက်ဆုံးပေါ့။ အဲဒီ လှေကားတွေကို တက်ရရင် တက်ရင်းနဲ့ နောက်ကို ပြန်လှန်ကျသွားတော့မယ်လိုလို ခြေထောက်တွေအကုပ်မမိချင်တော့။ လက်ကလည်းလှေကားဘောင်တွေကို လွတ်ကျမှာစိုးလို့ပိုပိုပြီးဖက်တွယ်၊ဒူးတွေကမခိုင်ချင်နဲ့ ပြုတ်ကျမှာစိုးလို့ပိုဖက်တွယ်လေ ပိုဆိုးလေပေါ့။ ဒီလိုနှစ်ချောင်းထောက်လှေကားတွေတက်ရဖို့ကလည်းတော်တော်လေး အခွင့်အရေးနည်းပါတယ်။ မျက်နှာကျက်ကမီးလုံးတွေကျွမ်းသွားတဲ့ အခါမျိုးမှ ခဏတက်လဲတာလောက်ပါပဲ။ ဒါကလည်း တယောက်ယောက် ကို အကူအညီတောင်းလိုက်ရင် ဖြစ်တာပဲ။ မီးလုံးလေးလဲချင်လို့ ခဏကူညီပါနော်...ဆိုပြီး။ အဲ….မရတာက “စက်လှေကား“စက်လှေကားကတော့ ဘယ်လိုမှမရ အကူအညီပေးပါ ဆိုပြီး ဘယ်သူ့ကိုမှ ကိုယ့်အစားလှေကားကိုတက်စီးခိုင်းလို့မရဘူးလေ။ ကိုယ်သွားချင်တဲ့ခရီးကို ကိုယ်တိုင်သွားမှရမှာကိုး။ ရန်ကုန်မှာတုန်းကဆိုရင် ရွှေတိဂုံဘုရားကို စက်လှေကားနဲ့ဘယ်တော့မှ မတက်ဘူး။ သူများတွေကတော့ ထင်မှာ သူ့ခမျာတော်တော် ကုသိုလ်လိုချင် ရှာတယ်ပေါ့။ (လူကြီးတွေပြောတာ ကြားဖူးတာပါ ဘုရားဖူးရင်ခြေထောက်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး တက်ရင်ကုသိုလ်ရတယ်လို့)

အဲဒီကြောက်တတ်တဲ့စိတ်က နိုင်ငံခြားလည်းရောက်တော့ တော်တော်လေးကို စိတ်ညစ်ရရော၊ ဒီမှာက ဘယ်နားသွားသွား စက်လှေကားတွေနဲ့ ရှောင်လို့မလွတ်။ လူတွေကိုလှေကားတက်ရတာ သက်သာအောင်ရယ၊် မြန်ဆန်အောင်ရယ်ပေါ့လေ။ သူတို့က အဆင်ပြေအောင် လုပ်ပေးပေမဲ့ ဒီမှာ က ဘယ်လိုမှ အဆင်မပြေချင်။ သူတို့ခေတ်မှီတာက ဒီမှာ ဒုက္ခတွေ့တော့တာပဲ။ ခေတ်မမှီဘူး တုံးတယ်ပဲပြောကြပါစေတော့ ဘယ်လိုမှကို မစီးချင်။တော်ယုံတန်ယုံအမြင့်ဆိုရင်တော့ကိစ္စမရှိ။ မြင့်လည်းမြင့်မတ်လည်းမတ်တဲ့ စက်လှေကားတွေ ဆိုရင်တော့အော်တောင်ငိုချင်တယ်။စက်လှေကားတွေကကုန်တိုက်တွေ၊ရုံးတွေ နဲ့ မြေအောက်ရထား ဘူတာရုံတွေမှာတွင်တွင်ကျယ်ကျယ်လေးသုံးကျတာကိုး။ ဒီတော့လည်း ဘာခက်တာလိုက်လို့ ဓါတ်လှေကားတွေရှိတာပဲ စက်လှေကားနဲ့တက်ရဖို့ကြုံလာပြီဆိုရင် ဓါတ်လှေကားကိုရှာပေါ့လို့ စောတက တက်ချင်မှာပဲ။ အဲဒီဓါတ်လှေကားတွေကလည်း အစဉ်အမြဲကောင်း မနေတတ်ကျဘူးလေ သူတို့လည်း စက်ကိရိယာဆိုတော့ ပျက်တဲ့အခါရှိတာပေါ့၊

အဲလိုမျိုးကြုံရမှာကိုတော့တွေးတော့တွေးမိသား..အဲ တကယ်ကြုံရတော့မှတော်တော်ကို အကြပ်ရိုက်တော့တာပဲ အဲဒီနေ့က ခုနေနေတဲ့မြို့ကိုပြောင်းခါစ သမီးလေးကိုယ်ဝန်နဲ့ဆေးရုံရက်ချိန်းသွားရတဲ့နေ့ အမျိုးသားကလည်း အလုပ်သွားတော့ တယောက်တည်း ဆေးရုံသွားတဲ့နေ့ပေါ့။ အဲဒီ ဘူတာရုံကနေရထားတခါမှ မစီးဖူးဘူးလေ ဒီတော့ လှေကားအခြေအနေကို လုံးဝမသိဘူးပေါ့။ ဖြစ်ချင်တော့ အိမ်ကထွက်တည်းက မိုးတွေကရွာနေတယ် နည်းနည်းလည်း နောက်ကျနေလို့ လမ်းကို သုတ်သုတ်လျှောက်လာတာ ဘူတာလည်းရောက်ရော အမောကို ဆို့ရောပဲ။ လှေကားထိပ်မှာ ရပ်နေရင်းနဲ့ အောက်ကိုတောင် သေချာမကြည့်ရဲတော့။ ဒါနဲ့ ဓါတ်လှေကားကို လိုက်ရှာတော့.. ဘေးကလူတွေညွှန်တာနဲ့ တွေ့တော့တွေ့ပါရဲ့ တံခါးဝမှာ စာကပ်ထားတယ် ပျက်နေသည်တဲ့။ အဲဒါမှဂွကျပြီ ဆေးရုံကအချိန်လည်းနီးနေ ပြီ တက္ကစီဌားဖို့ ကလည်း ငွေသား (Cash)ကမပါ။ အင်း ဒုက္ခတော့ရောက်ပြီ အနီးနားမှာလည်း ပိုက်ဆံထုတ်လို့ရတဲ့ ATM ကမရှိ။ လမ်းကလည်း ကိုယ်တင်မက ဗိုက်ကိုပါသယ်နေရတော့ ခုလောက်ဝေးဝေးလျှောက်တာနဲ့တောင် မောနေပြီ။ ကဲ.. ရွေးစရာ နှစ်လမ်းပဲရှိတယ် .. စက်လှေကားကိုစီးမလား၊ ဆရာဝန်နဲ့ ချိန်းထားတာကို ဖျက်မလား။ ဆရာဝန်ကလည်း ဖျက်လို့မဖြစ် နောက်တခါ ရက်ချိန်းရဖို့ဆို တော်တော်ပြန်စောင့်ရမယ် ကိုယ်ဝန်ကလည်း ဒီမြို့ပြောင်းပြီးမှ တခါမှ ဆရာဝန်နဲ့ မပြရသေး။ လှေကားကိုကြည့် ပြန်တော့လည်း မြင့်ရုံတင်မကဘူး မတ်စောက်လိုက်တာမှ ကြောက်ရွံ့ဖို့် လုံလောက်တဲ့ အဆင့်ထက်တောင်မှပိုသေး။ မတတ်နိုင်ဘူး စိတ်ကိုတင်းပြီးသွားရတော့မှာပဲ။ လှေကားထိပ်မှာရပ်ရင်းနဲ့ သတ်မှတ်ထားတဲ့ အ၀ါရောင်အကွက်ထဲ ခြေထောက်လှမ်းဖို့ ခြေတုံချတုံ ဖြစ်နေလို့ နောက်ကလူတွေကို လမ်းပိတ်သလိုတောင် ဖြစ်သွားသေးတယ်။ တယောက်က မေးသွားတယ် မင်းအဆင်ပြေရဲ့လားလို့ ဆိုပြီးတော့ “အင်း“လို့သာ ပြန်ဖြေလိုက်ရတယ် မျက်စိမျက်နှာကပျက်လို့။

ကဲ.. လေကို၀၀ရှုသွင်းလိုက်ပြီးတော့ လှေကားထစ်တွေပေါ်ကိုခြေချလိုက်တယ် စိတ်ထဲမှာလည်းငါဖြစ်တယ် ငါလုပ်နိုင်မှာလို့စိတ်သွင်းလိုက်တယ်။ လှေကားကတော့ ကိုယ့်ခြေထောက်အောက်မှာ တရွေ့ရွေ့နဲ့ခန္ဓာကိုယ်ကို စပြီးသယ်ဆောင်သွားနေတယ်။ အောက်ကိုလုံးဝငုံမကြည့်ဖြစ်အောင်ကြိုးစားပြီး မျက်လုံး တွေကိုကောင်းကင်ရှိရာပို့ စိတ်ကိုလည်း လှေကားပေါ်မှာ ရပ်နေတယ်လို့ မတွေးပဲ မြေပြင်ပေါ်မှာ ရပ်နေသလိုမျိုးတွေးရင်း နဲ့ လက်ကလည်း စက်လှေကား လက်ရန်းတွေကို တင်းတင်းဆုပ်ကိုင်ရင်းပေါ့။ အရေးထဲ ဗိုက်နဲ့ဆိုတော့ ရှေ့ကို ငိုက်ကျသွားမှာ စိုးရိမ် ရသေးတယ်။ ဘေးဘီကလူတွေကတော့ သတိတောင်မထားမိ သူတို့ဘာသာ အေးလူလူ။ စိတ်ထဲမှာ အောက်ကို မြန်မြန်ရောက်ပါတော့လို့ ဆုတောင်းနေမိရင်း အသက်ကိုမှန်မှန်ရှုပြီးစိတ်ကို တခြားကိုပို့ နေရတယ်။ တ၀က်ကျော်ရောက်တော့မှ စိတ်အေးသွားရော အမြင့်ကသိပ်မကြောက်တဲ့ အနေအထားကို ရောက်နေပြီလေ။ စက်လှေကားကတော့ မှန်မှန်ရွေ့လျားရင်းနဲ့ သူ့ပေါ်မှာရှိတဲ့ ၀န်ထုတ်ဝန်ပိုးခန္ဓာကိုယ်တွေကို သယ်ပိုးလို့။ အောက်ဆုံးအဆင့် ရောက်လို့ ခြေထောက်က စက်လှေကားပေါ်ကနေခွာရတော့မှပဲ ခန္ဓာကိုယ်တခုလုံးမှာ ရှိတဲ့ အကြောတွေအားလုံး ဖြေလျှော့လိုက်ပြီး လွတ်လပ်ပေါ့ပါးသွားလိုက်တာ။ အင်း..ဒီလိုတော့ ဘယ်ဆိုးလို့လည်း ကြောက်တယ်ဆိုပြီး လှည့်သာပြန်ခဲ့ရင် ဆရာဝန်ရက်ချိန်းလည်းပျက်၊ နောက်အခေါက်တွေမှာ ဒီလိုမကြုံရဘူးလို့ ဘယ်ပြောနိုင်ပါ့မလည်း။ ဒီလိုပဲစိတ်ကိုထိန်းပြီး ရင်ဆိုင်လိုက်တော့လည်း ဖြစ်သွားတာပဲ။ အဓိက..စိတ်ပဲပေါ့။ ကြောက်တယ်ဆိုတာလည်း စိတ်ပဲ၊ အဲဒီကြောက်တဲ့စိတ်ကို ပြန်ထိန်းဖို့ တတ်နိုင်တာလည်း စိတ်ပါပဲ။

ဒီလိုဆိုတော့ ဘာမဟုတ်တဲ့ အမှတ်မထင်ဖြစ်ရပ်လေးကနေ အသိတရား တခုကို ခရီးသွားဟန်လွဲလေး ရလိုက်တာပေါ့လို့ ရထားစီးသွားရင်းနဲ့ စဉ်းစားနေမိတယ်။ အပြန်လမ်းကိုလည်း ရထားစီးပြီးပဲ အိမ်ကိုပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မြင့်မြင့်မတ်မတ် စက်လှေကားကြီးတခုကို အပြန်လမ်းမှာမလွှဲမသွေစီးရဦးမှာ သိသိနဲ့ပေါ့။ ဒီဖြစ်ရပ်လေးဖြစ်ပြီးတဲ့ နောက်ပိုင်း အမြင့်တက်စက်လှေကားတွေဟာ ကြောက်စရာမကောင်းတော့ပဲ စိန်ခေါ်နေတဲ့ ကစားပွဲ တခုလိုခံစားလာရတော့တယ်။ စက်လှေကားတွေကို အနိုင်ရလိုက်တယ်လို့မထင်ပဲ ဘာမဟုတ်တဲ့ ကြောက်လန့်စိတ်တခုကို စိတ်နဲ့ပြန်အနိုင်ယူရတာကိုပဲ ပျော်စရာဖြစ်လာပါတော့တယ်။

Read More...