Sunday, December 28, 2008

မျက်နှာဖုံးများဖြင့် ကခုန်ခြင်း


လေယာဉ်တံခါးက ထွက်လိုက်တော့ အေးချမ်းတဲ့ လေအေးက သူ့ခန္ဓာကိုယ်ကို တိုးဝှေ့သွားတယ်။ သူလာခဲ့တဲ့ အရပ်ဒေသနဲ့မတူတဲ့ ရာသီဥတု၊ အပြင်အဆင်တွေက မြင်ကွင်းကို အသစ်အဆန်းဖြစ်နေစေတယ်။ သူလာခဲ့တဲ့ ဒေသမှာတော့ လူတွေကားတွေ မနားတမ်းလှုပ်ရှားရုန်းကန်နေကြတယ်။ သစ်ပင်ကြီးကြီးမားမားတွေလည်း မြို့ထဲ မှာသိပ်မရှိ၊ ပန်းမာန်တို့ရဲ့စိမ်းလမ်းစိုပြေမှုမရှိဘဲ ခြောက်သွေ့လို့နေတယ်၊ ကားတွေ စားသောက်ဆိုင်တွေက ထွက် တဲ့မီးခိုးငွေ့ရနံ့တွေလှိုင်နေတဲ့ လေထုလည်းရှိရဲ့။ ခုရောက်ရှိနေထိုင်မဲ့ မြို့လေးမှာတော့ ထိုအရာများကို တွေ့မြင် ခံစားရမှာ မဟုတ်တော့ပေ။

အသင့်စောင့်ကြိုနေတဲ့ကားပေါ်မှာ သူစီးနှင်းလိုက်ပါလာတော့မှ မြို့လေးကိုသူ သေချာစိတ်ကြိုက် လေ့လာ ခွင့်ရသွားတယ်။ မြို့လေးမှာ ကားတွေ၊ ယာဉ်တွေသိပ်မရှုပ်ထွေး၊ ထူးခြားတာက လူတိုင်းလိုလိုပင် စက်ဘီးတွေကို အားကိုးပြီး ခရီးသွားလာနေကြခြင်းပင်။ ပြီးတော့မြို့ပြမှာမြင်ရခဲသော မြင်းလှည်းများ။ ထို့နောက် ထူးခြားလှပတဲ့ မြင်းရထားလုံးများ။ မြင်မြင်သမျှ အရာအားလုံးသူ့အတွက်တော့ အသစ်တွေဖြစ်လို့နေသည်။

သူစီးလာတဲ့ကား လမ်းမကြီးဆီကနေ လမ်းသွယ်ထဲကိုဝင်လာတော့ မြင်ကွင်းတွေကတမျိုးပြောင်းသွားတယ်။ အိမ်ပုံစံတွေက ခေတ်မှီပုံစံတွေ မဟုတ်ပေမဲ့ ခန်းငြားထည်ဝါမှုကြောင့် အမြင်မှာတင့်တည်လှသည်။ ခြံဝင်းကျယ် များကြောင့် အိမ်၏ပုံစံကိုခြံဝက မမြင်သာအောင် ဂိတ်တံခါးနှင့် အိမ်ဆင်ဝင်တို့အလှမ်းကွာဝေးသည်။ သူပင်စင်ယူ ရတော့မယ်ဆိုတည်းက ဒီမြို့လေးကို ခေါင်းချရာမြို့လေးအဖြစ်ရွေးချယ်ခဲ့သည်။ တိတ်ဆိတ်မှုကို နှစ်ချိုက်လွန်း သော သူ့အတွက်တော့ အတော့်ကိုစိတ်ကျေနပ်ဖွယ်ကောင်းသော ရွေးချယ်မှုတခုပင်။

တသက်လုံး အစိုးရတရားသူကြီ်း အဖြစ်အမှုထမ်းခဲ့ရ၍ ဝန်ထမ်းများအတွက်ပေးတဲ့ အိမ်တွေမှာနေခဲ့ရလို့ မိမိစိတ်ကြိုက် အိမ်ဖွဲ့စည်းမှုမျိုး ရွေးချယ်ခွင့်မရခဲ့။ ပင်စင်ယူဖို့ နှစ်အနည်းငယ်အလိုကမှ ဒီမြို့လေးကို သူ့စိတ်ကူး ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူလိုချင်တဲ့ ပတ်ဝန်းကျင်အနေအထားကို ပွဲစားဖြစ်သူအားပြောပြပြီး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ပွဲစားပို့ပေးတဲ့ ဓာတ်ပုံကြည့်ပြီး ပတ်ဝန်းကျင်အနေအထားကို သူငယ်ချင်း ဆရာဝန်ကြီးထံမှာ စုံစမ်းပြီးတဲ့နောက် ချက်ချင်းပင် ငွေချေကာ ဒီအိမ်ကြီးကို သူဝယ်ယူခဲ့သည်။

ခြံဝင်းတံခါး အမည်းရောင်မှာ ကနှုတ်ပန်းလေးတွေကို ရွှေရောင်သုတ်ထားတဲ့ ခြံဝင်းကျယ်တခုရှေ့မှာ စီးလာတဲ့ ကားရပ်လိုက်တယ်။ ခြံစောင့်ကောင်လေးက ဝင်းတံခါးကို အသင့်စောင့်နေတဲ့ပုံနဲ့ ဖွင့်ပေးလိုက်တယ်။ ခန်းနားလှ တဲ့ တိုက်အဝင်ပေါက်က ဆင်ဝင်တိုင်လုံးကြီးကို ခြံဝကနေတောင်လှမ်းမြင်နေရတယ်။ ခြံအဝင် ဂိတ်တံခါးနဲ့ ဆင်ဝင်အောက်ကို သွားတဲ့ လမ်းလေးရဲ့ တဖက်တချက်မှာတော့ နှင်းဆီပန်းတွေကို ရောင်စုံစိုက်ထားတာတွေ့ခဲ့ရ လို့ အတော်လေးကြည်နှုးခဲ့မိသေးတယ်။

အိမ်ကြီးရဲ့ ထည်ဝါခန့်ငြားမှုကို အုပ်ကျွပ်မိုးနီနီတွေက ပံ့ပိုးထားသည်။ အိမ်ထဲကို မဝင်သေးပဲနဲ့ အိမ်ကြီးကို သူတပတ်ကြည့်နေမိသည်။ အိမ်ကြီး က စစ်ပြီးခေတ်မှာဆောက်လုပ်ထားပုံရပေမဲ့ အဆက်မပြတ် ကောင်းမွန်စွာ ပြုပြင်မွန်းမံ့ထားတဲ့အတွက် အိုဟောင်းမသွားပဲ ပိုလို့ထည်ဝါနေသေးသည်။ ဆက်လျှောက်လာရင်း အိမ်နောက် ဘက်ကိုရောက်လာသည်။ အိမ်နောက်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ ကြောင်လိမ်လှေခါး တခုရှိသည်။ တွေ့ရမြင်ရသမျှတော့ အတော်လေးကို သူသဘောနှင့်တိုက်ဆိုင်သောအိမ်ကြီးပေပဲ။

အိမ်ရှေ့ဘက်ကိုပြန်ရောက်တော့ ခြံစောင့်ကောင်လေးနှင့် ကားမောင်းသူအပါအဝင် အခြားသူမတွေ့ဘူး သေးတဲ့သူများကိုတွေ့လိုက်ရသည်။

"မင်္ဂလာပါ ဦးမင်းထင် ခင်ဗျား .. ကျနော်က ဦးဘိုးခင်ပါ။ ဒီအိမ်အတွက် အစစအရာရာ လိုအပ်တာတွေလုပ်ပေးဖို့ ဆရာဝန်ကြီး ဦးအေးမောင်က မှာထားပါတယ်။ ဒါကတော့ ခြံစောင့်တာဝန်ယူတဲ့ မောင်ကိုပါ။ ဒါကတော့ ထမင်းချက် ဒေါ်နော်။ ဒါကတော့ ဦးမင်းထင် သိပြီးတဲ့ အတိုင်း ယာဉ်မောင်း မောင်မြပါ။"

သူနဲ့ အသက်ရွယ်တူရှိမဲ့ ဦးဘိုးခင် ရဲ့ တယောက်ခြင်း မိတ်ဆက်ပေးသမျှကို သူ ပြုံးရင်းနှုတ်ဆက်လိုက်တယ်။ ခရီးပန်းလာလို့ အနားယူချင်နေပြီဖြစ်တာကို ရိပ်မိတဲ့ ဦးဘိုးခင်ကပဲ ဦးဆောင်ပြီးသူ့ကို အိမ်ထဲကိုခေါ်လာခဲ့တယ်။ အိမ်အဝင်ဝက တရုတ်ကြွေပန်းအိုးကြီး နှစ်လုံးက သူ့အမြင်ကိုစွဲဆောင်နေတယ်။ ဧည့်ခန်းကိုဖြတ်ပြီးတော့ သူတို့ လျှောက်လာတော့ တံခါးပိတ်ထားတဲ့ အခန်းတခုကို သူသတိထားမိသွားတယ်။ ဘာအခန်းလဲ လို့မေးကြည့် မိတော့ စာကြည့်ခန်းဖြစ်နေသည်။

အပေါ်ထပ်ကိုတက်တဲ့လှေကား ပေါ်ကိုခြေချလိုက်မိတော့မှ လှေကားရဲ့ ထိပ်နံရံမှာ ထူးခြားတဲ့ မျက်နှာဖုံးတခုကို ချိတ်ထားတာတွေ့လိုက်ရလို့ မေးကြည့်လိုက်တော့။

"ဟုတ်ပါတယ် ဆရာ … အရင်အိမ်ပိုင်ရှင်က ဒီလိုမျက်နှာဖုံးတွေ စုဆောင်းရတာ ဝါသနာပါတယ်။ ဒါမျိုးမျက်နှာဖုံးတွေ အခန်းတိုင်းနီးပါးရဲ့ နံရံတွေပေါ်မှာရှိတယ်ဆရာ။ အရင်ပိုင်ရှင်က သံတမာန်ဟောင်းတဦး ဆိုတော့ မျက်နှာဖုံးတွေကို နိုင်ငံပေါင်းစုံက လက်ရာတွေစုဆောင်းထားလေ့ရှိတယ်။ ဆရာ မကြိုက်ရင် ဖြုတ်ပစ်လိုက်ရမလား…"

ဦးဘိုးခင်ကို သူလက်ကာပြလိုက်တယ်.. "မဖြုတ်ပါနဲ့ သူဘာသူကြည့်ကောင်းနေသားပဲ" မျက်နှာဖုံးပုံစံကို ကြည့်တာနဲ့တင် ဂျပန်ပြည်က လက်ရာဆိုတာတော့ သတိထားလိုက်မိတယ်။ ပြဇာတ်ကရာမှာ ဝတ်ဆင်လေ့ရှိတဲ့ မျက်နှာဖုံးမျိုး။ မျက်နှာဖုံး အသွင်က အနည်းငယ် အကျည်းတန်သည်။

အရင်အိမ်ပိုင်ရှင် သေဆုံးသွားလို့ ကျန်ရစ်သူမိသားစုဆီက ဒီအိမ်ကို သူပြန်ဝယ်လိုက်တာပဲ။ သူတို့ကလည်း အိမ်ထောင်ပရိဘောဂ ပစ္စည်းများအားလုံးကို တပါတည်းထားပစ်ခဲ့ကြသည်။

အပေါ်ထပ်ကိုရောက်တော့ လှေကားထိပ်က အခန်းကို ဦးဘိုးခင်က ဖွင့်ပေးသည်။ အခန်းထဲမှာ သူ့ရဲ့ အိတ်ကို ကုတင်ခြေရင်းမှာချထားတာတွေ့ရသည်။ သူ့ကိုထားခဲ့ပြီး ဦးဘိုးခင်ပြန်ဆင်းသွားတော့ အခန်းကိုလိုက်ကြည့်မိ တော့… ။ ကုတင်ရဲ့ ခေါင်းရင်းတည့်တည့်နံရံပေါ်မှာ လှပတဲ့ အမျိုးသမီးအသွင် မျက်နှာဖုံး တခုကို ထပ်တွေ့ ရပြန်တယ်။

ဒီတခါမျက်နှာဖုံးကတော့ ကြည်လဲ့တဲ့ အပြာရောင်နဲ့ ရွှေရောင်ရောစပ်အသုံးပြုထားပြီး။ ဦးခေါင်းထိပ် မှာ အပြာရောင်ရင့်ရင့်ဌက်မွေးတောင်တွေနဲ့အလှဆင်ထားသည်။ နီညိုရောင်ကတ္တီပါ နောက်ခံနံရံ နှင့် ကြည်ပြာ ရောင် မျက်နှာဖုံးလိုက်ဖက်မှုကိုကြည့်ရင်း အရင်အိမ်ရှင်ရဲ့အနုပညာဆန်မှုကို သူ မလေးစားပဲမနေနိုင်အောင် ဖြစ်ရသည်။ အခန်းကို စိတ်ကြိုက်လှည့်ပတ်ကြည့်ရှုပြီးတော့မှ သူရေချိုးခန်း ဘက်ကိုခြေလှမ်းပြင်လိုက်သည်။

ရေချိုးခန်းထဲမှာတော့ မျက်နှာဖုံး တခုမှ ချိတ်ဆွဲထားခြင်းမရှိတာကို သတိထားမိလို့ တကိုယ်တည်းပြုံးမိလိုက် တယ်။ ရေချိုးပြီးတော့ ခုတင်ပေါ်မှာ လှဲလိုက်ရင်း လေယာဉ်ပျံစီးခဲ့ရလို့ ညောင်းညာနေတဲ့ ခန္ဓာကိုယ်ကိုဆန့်ရင်း အိပ်မောကျသွားခဲ့တာ ညစာစားဖို့ ဦးဘိုးခင်လာနိုးမှပဲ နိုးတော့တယ်။

ညစာကို စားပွဲမှာ အဆင်သင့်ခူးထားသည်။ ညစာစားပြီးတော့ သူ စာကြည့်ခန်းဘက်ကို လျှောက်လာလိုက်တယ်။ အခန်းကို ဝင်ဝင်ခြင်းတွေ့လိုက်ရတဲ့ အပြင်အဆင်နဲ့တင် သူစိတ်ကြိုက်ဖြစ်နေတယ်။ သူ မရောက်ခင်ထဲက ကြိုတင်ပို့ထားတဲ့ သူ့တသက်တာ စုဆောင်းထားတဲ့ စာအုပ်တွေက ဦးဘိုးခင် စီစဉ်ထားမှုကြောင့် နံရံကပ်ဘီဒို တွေထဲမှာ စနစ်တကျရှိလို့နေတယ်။

အခန်းရဲ့ အလယ်ကကျွန်းစားပွဲကြီးဆီကို လျှောက်လာပြီး ကုလားထိုင်မှာဝင်ထိုင်လိုက်တယ်။ စားပွဲရဲ့ မျက်နှာချင်း ဆိုင်နံရံပေါ်တွင် မျက်နှာဖုံးတွေ ချိတ်ဆွဲထားတယ်။ အီတာလီနိုင်ငံ ဗင်းနစ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့မျက်နှာဖုံးတပ် ပွဲတော်မှာ ဝတ်ဆင်လေ့ရှိတဲ့ ဂျိုကာပုံစံမျက်နှာဖုံး၊ ဌက်မွေးတွေနဲ့လှပတဲ့ ရွှေရောင်အနားကွပ် မျက်နှာဖုံးတွေ အပြင်၊ သူတခါမှမမြင်ဘူးတဲ့ ဘယ်နိုင်ငံတွေကမှန်း မသိနိုင်တဲ့ မျက်နှာဖုံးပုံများကို နံရံမှာချိတ်ဆွဲထားတယ်။ အမည်းရောင်ကတ္တီပါ နောက်ခံနဲ့မို့ မျက်နှာဖုံးတွေကို ရုပ်လုံးပိုကြွနေစေတယ်။

ဒီအိမ်ပိုင်ရှင်က ဘာလို့ မျက်နှာဖုံးပုံတွေကိုမှ ရွေးချယ်စုဆောင်းခဲ့တာလဲဆိုတာကို သူ ပထမဆုံးအကြိမ် စဉ်းစားဖြစ်သွားတယ်။ ဒီမျက်နှာဖုံးပုံတွေက ထူးခြားနေတာတော့ အမှန်ပင်။ လှပတယ် ထည်ဝါတယ် ခန့်ညား တယ်။ တွေ့မြင်လိုက်သူတွေရဲ့ စိတ်ကိုလှုပ်ရှားသွားစေတယ်။ ဒါပေမဲ့ မျက်နှာဖုံးတွေရဲ့ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ မျက်လုံးနေရာတွေကတော့ သိပ်နှစ်မျို့စရာမကောင်းလှ။ ဘာလို့ မနှစ်မျို့တဲ့ ခံစားမှုဖြစ်တယ်ဆိုတာ သူကိုယ်တိုင်လည်း သေချာမသိ။ မျက်လုံးနေရာတွေက သူ့စိတ်ကို မသိုးမသန့်ဖြစ်စေသည်ဟု ခံစားနေရသည်။

သူ စာကြည့်စားပွဲမှာထိုင်ပြီး စာအုပ်တအုပ်ကို ဖတ်နေလိုက်သည်။ စာသာဖတ်နေသည် စိတ်က စာထဲမှာသိပ်မရှိ တစုံတယောက်က သူ့ကိုကြည့်နေသလိုလိုခံစားနေရသည်။ စာဖတ်နေလက်စကိုရပ်ပြီး ဦးခေါင်းကို မော့ကြည့်ပြီး မျက်နှာတူရှုကိုကြည့်လိုက်မိတော့ နံရံပေါ်က မျက်နှာဖုံးများရဲ့ မျက်လုံးဟောက်ပက်များနှင့် သူ့မျက်လုံးတွေ သွားဆုံလေသည်။ မဖြစ်တော့ သူစာဆက်ဖတ်လို့ ဘယ်လိုမှဖြစ်မည်မထင်တော့။

ဒီလှပသော မျက်နှာဖုံးတွေက ထင်ထားတာထက် သူ့ကို အနှောင့်အယှက်ပေးနေပြီ။ အသက် ၆၀ ကျော် ပင်စင်ယူပြီး အိုကြီးအိုမကျခါမှ သူရဲတစ္ဆေကို မယုံကြည်သောသူ့ အတွက် ဘာများ စိတ်မသိုးမသန့်ဖြစ်နေရတာ ပါလိမ့် သူကိုယ်သူ မကျေနပ်ပြန်တွေးမိသည်။ သူစိတ်ပျက်စွာထိုင်ရာမှ ထလိုက်သည်။ ခရီးလည်း ပန်းလာတယ် ဆိုတော့ စောစောအိပ်လိုက်တာက အကောင်းဆုံးဖြစ်မည်။

အပေါ်ထပ်ကိုတက်တဲ့ လှေကားထိပ်မှာ ချိတ်ထားတဲ့ မျက်နှာဖုံးပုံကိုတော့ သူမျက်နှာချင်းမဆိုင်ဖြစ်အောင် လှေကားထစ်တွေကို ငုံကြည့်ပြီးတက်လာခဲ့သည်။ အခန်းထဲရောက်တော့ ခေါင်းရင်းနံရံမှာ ချိတ်ထားတဲ့ ကြည်ပြာ ရောင်မျက်နှာဖုံး ရဲ့ မျက်လုံးများကိုလည်း မကြည့်ဖြစ်အောင် ရှောင်တိမ်းနိုင်လိုက်သည်။ ညသောက်စရာရှိတဲ့ ဆေးသောက်ပြီး။ ကိုယ်လက်ဆေးကြောသုတ်သင်ကာ သူ အိပ်ရာဝင်သည်။ အိပ်ရာပြောင်းဖြစ်လို့ အတော်နဲ့ သူအိပ်မပျော်…. ဟိုဒီတောင်စဉ်ရေမရ အတွေးတွေလျှောက်တွေးနေမိသည်။ သူ အခြေချတော့မဲ့ မြို့လေး အကြောင်းရော .. အိမ်သစ်အကြောင်း.. ပင်စင်ယူခဲ့တဲ့ အလုပ်အကြောင်းတွေပါ တောင်စဉ်ရေမရ စဉ်းစားနေမိ သည်။

လေပြေလေးညင်ညင်သာသာ တိုက်ခတ်သလိုခံစားရတဲ့ အခိုက်မှာ မှေးကနဲတချက်ဖြစ်သွားသည်။

သူ့မျက်လုံး တွေကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်အခန်းတခုထဲမှာရောက်နေသည်။ ရှေ့တည့်တည့်ရှိ တံခါးချပ် ကို ဆွဲဖွင့်လိုက်တော့ တရားစစ်ဆေးနေသည့် တရားခွင်ဖြစ်နေသည်။ သူကပရိသတ်တွေထိုင်သည့် နေရာတွင် ဝင်ထိုင်လိုက်သည်။ ထူးခြားနေသည်က တရားစစ်ဆေးသူများအားလုံး မျက်နှာဖုံးများ ဝတ်ဆင်ထားခြင်းပင်။ တရားသူကြီး ရဲ့ ရှေ့တည့်တည့် တရားစစ်ခံသောနေရာတွင် တရားခံတယောက်ရှိနေသည်။

ထိုသူသည် သူခိုးမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ထိုသူသည် အပြစ်ဒဏ်ကျခံရမည်ကို ကြောက်ရွံ့နေရမည့် အစား လူအားလုံးကိုမထေမဲ့မြင်ပုံစံနှင့်ခါးထောက်ပြီး တရားစီရင်ချက်ကို နားထောင်နေလေသည်။ တရားခံဖြင့် မတူသောတရားခံတယောက်ပင်။ ပို၍ထူးခြားသည်က တရားသူကြီးသည် ရွှေရောင်နှင့် ငွေရောင်ရောစပ်ထားပြီး ကျောက်မျက်ရတနာတွေ စီချယ်ထားတဲ့ ချောမောလှပသော မိန်းမပျိုမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ဂျူရီ လူကြီးမင်းများသည်လည်း အမျိုးမျိုးသော မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။

ဂျူရီလူကြီးမင်းများက တီးတိုးတိုင်ပင်ပြီးနောက် သူတို့၏ ဆုံးဖြတ်ချက်ပါစာအိတ်ကို တရားသူကြီးထံ လူရွှင်တော် မျက်နှာဖုံးတပ်ထားသူ ဂျူရီလူကြီးမင်းက လှမ်းပေးလိုက်သည်။ တရားသူကြီးသည် တရားခံအားအမှုမှ ကွင်းလုံး ကျွတ်လွှတ်လိုက်ကြောင်း ကြေညာလိုက်လေသည်။ တရားခံ၏မူလက မထေမဲ့မြင်ပုံစံမှာပို၍ ဆောင့်ကြွားကြွား နိုင်စွာဖြင့်အခန်းထဲမှထွက်ခွာသွားတော့သည်။ တရားသူကြီးနှင့်တကွ ဂျူရီလူကြီးများအားလုံးလည်း ထွက်ခွာ သွားကြသည်။

သူသည် နေရာမှမထပဲ စိတ်ညစ်ညူးလာသည်။ ပုံမှန်မဟုတ်သည့်တရားစီရင်ပုံကိုကြည့်ပြီး တရားသူကြီးနှင့်တကွ ဂျူရီလူကြီးမင်းမျာ်း ဘက်လိုက်စွာဆုံးဖြတ်ခဲ့သည်ကို အော်ကလီဆန်စွာတွေးမိလာပြီး ပျို့အန်မိတော့ မလိုဖြစ် လာသည်။ ခနနေတော့ ခုနက တရားသူကြီးပြန်ထွက်လာပြီး ကုလားထိုင်မှာ ထိုင်လိုက်ပြန်သည်။ ဂျူရီလူကြီး တွေလည်း သူတို့နေရာပြန်လာထိုင်နေကြပြန်သည်။ နောက်ထပ် အမှုတခုကို စီရင်ချက်ချဖို့ အတွက် တရားခံကိုခေါ်ထုတ် လာဖို့ တရားသူကြီးမှ အမိန့်ပေးလိုက်သည်။

ဒီတခါတော့ တရားသူကြီးသည် စုန်းကဝေတကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသော မျက်နှာဖုံးကိုဝတ်ဆင် ထားသည်။ မျက်နှာဖုံးအရောင်မှာသွေးကဲ့သို့ နီရဲနေသည်ကို ကြည့်ပြီး ရှေ့ဆက်ဘာတွေဖြစ်မလည်းဆိုပြီး သူ စိတ်စောနေသည်။ တရားခံကိုခေါ်ထုတ်လာကြသည်။ တရားခံသည် အဖြူနှင့်ရွှေရောင်ရောစပ်ထားသော တည်ကြည်လေးမြတ်သည့် သူရဲကောင်းလူငယ်တဦး၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ လူငယ်၏ မျက်နှာဖုံးမှ တောက်ပ သောအရောင်များကြောင့် တရားခွင်တခုလုံးပို၍ လင်းထိန်နေတော့သည်။

လူငယ်သည် တရားသူကြီးရှေ့တွင် ရဲရင့်စွာထည်ဝါသောကိုယ်နေဟန်ဖြင့် စီရင်ချက်ချမည်ကို စောင့်စားနေသည်။ ဂျူရီလူကြီးများက ထုံးစံအတိုင်းပင် တီးတိုးတွတ်ထိုးနေကြပြန်သည်။ တချို့က ဆုံးဖြတ်ချက်ချရမည်ကို ချီတုံ ချတုံဖြစ်နေကြပုံရှိနေသည်။ တခေါက်ထပ်၍တိုင်ပင်ကြပြန်သည်။ ဂျူရီလူကြီးများရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေ သော တရားသူကြီးက စိတ်မရှည်စွာဖြင့်ချောင်းတချက်ဟန့်လိုက်သည်။ ဗြုန်းဆို တံခါးရွက်များ လေခပ် ပြင်းပြင်း တိုက်ခတ်သကဲ့သို့ အရှိန်ပြင်းစွာပွင့်ထွက်သွားပြီး တကိုယ်လုံးအစိမ်းရင့်ရောင်ဝတ်စုံဖြင့် မြေခွေးမျက်နှာဖုံးတပ် ထားသူ လူတဦးဝင်လာသည်။ လက်ထဲတွင်လည်း အနက်ရောင်စာအိတ်ကြီး တအိတ်ကို ယူဆောင်လာသည်။

ထိုသူကိုတွေ့လိုက်သည်နှင့် တရားသူကြီးမင်းသည် ထိုင်နေရာမှထ၍ အရိုအသေပေးမိတော့မတတ် လှုပ်လှုပ် ရှားရှားဖြစ်သွားသည်။ ထိုအစိမ်းရောင်ဝတ်စုံနှင့်လူသည် မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ပန်ဖြင့် တရားသူကြီး နေရာသို့ သွား၍လက်ထဲ၌ကိုင်ဆောင်လာသော အနက်ရောင်စာအိတ်ကြီးကို တရားသူကြီးကိုပေးလိုက်သည်။ တရားသူကြီးသည် စာအိတ်ကိုဖွင့်ဖတ်ပြီးနောက် အားရကျေနပ်ဟန်ဖြင့်ခေါင်းကိုငြိမ့်လိုက်သည်။ ထို့နောက် သွားများကိုစေ့၍ထွက်လာသော အံကြိတ်သံဖြင့် စီရင်ချက်အမိန့်ကိုဖတ်လိုက်သည်။ ဂျူရီလူကြီးမင်းများသည် ဤအမှုတွင် အသုံးမဝင်တော့ချေ။ ဂျူရီလူကြီးတချို့၏ သက်ပြင်းချသံသဲ့သဲ့ကို သူကြားလိုက်ရသည်။

အခန်းထဲတွင် တရားသူကြီး၏ မနှစ်မျို့ဖွယ်ရာ စီရင်ချက်ဖတ်နေသံမှတပါး တိတ်ဆိတ်နေသည်။ သူသည်မိမိ၏ အသက်ရှုသံကို ပြန်ကြားနေရသည့် တိတ်ဆိတ်ငြိမ်သက်မှုမျိုးကြောင့် စိတ်မသက်မသာဖြစ်လာသည်။ တရားခံ လူငယ်၏ မတုန်မလှုပ်နားထောင်နေသည်ပုံမှာ သူ့အား မလေးစားပဲမနေနိုင်လောက်အောင်ဖြစ်လာသည်။ လူငယ် ၏ မျက်နှာဖုံးမှ ဝင်းဝါသောအရောင်များသည်လည်း ပို၍ထိန်လင်း တောက်ပလာနေသည်။

စီရင်ချက်ဖတ်ကြားပြီးအဆုံးတွင် အမိန့်ကိုဖတ်ကြားနေသော တရားသူကြီး ၏ မျက်နှာဖုံးအရောင်သည် သွေးပုပ် ရောင်ကိုပြောင်းလွဲသွားတော့သည်။ လူငယ်အား သေစားသေစေအမိန့်ချမှတ်လိုက်သည်။ တရားခွင် လာရောက် နားထောင်သောပရိသတ်၏ ကန့်ကွက်သံတို့ဖြင့် တရားခွင် တခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ တရားသူကြီး၏ စားပွဲကိုထုရိုက်သံသည် လူတို့၏ ဆူညံ့စွာ ငြင်းခုံမှုများအောက်တွင်ပျောက်ဆုံးနေတော့သည်။

တရားသူကြီးသည် လူများသူ၏ အမိန့်ကိုမနာခံသဖြင့်ပို၍ ဒေါသပေါက်ကွဲလာတော့သည်။ ဒေါသပိုပြင်းထန်လာ လေ စုန်းကဝေမျက်နှာဖုံးသည် သွေးများယိုစိမ့်ထွက်ကျလာတော့မည်ကဲ့သို့ နီရဲ လာနေသည်။ ဘေးပတ်ဝန်းကျင် ရှိ မြင်ကွင်းများကြောင့် သူ စိတ်မသက်မသာဖြစ်လာသည်။ ဆူညံ့သောအသံများကြောင့် အာရုံကြောတွေ ကိုက်ခဲလာသည်ကို ဆက်လက်၍ သည်းမခံနိုင်သည့် အဆုံး နေရာမှ ထရပ်လိုက်သည်။

တရားသူကြီး ၏ ကျယ်လောင်သော အမိန့်ပေးသံ အဆုံးတွင် မျက်နှာဖုံးတပ်လူများက သူ့ကို ဖမ်းချုပ် လိုက်ကြသည်။ သူအာခေါင်တွေကွဲမတတ် သူအပြစ်မရှိကြောင်းရှင်းပြနေသော်လည်း။ တရားခွင်ရဲ့ ပွက်လောရိုက် နေသော အသံများအောက်တွင် တိုး၍မပေါက်နိုင်ဖြစ်နေတော့သည်။ နောက်ဆုံးတော့ သူ ကိုယ်တိုင်လက်ကို ကြိုးများဖြင့်တုပ်နှောင်ခံထားရပြီး တရားအစစ်ခံရသောနေရာတွင် ရပ်နေလျက်သားဖြစ်နေသည်။ တရားသူကြီး သည် မျက်နှာအမူရာသုံးမျိုးပါရှိသော မျက်နှာဖုံးကို ဝတ်ဆင်ထားပြန်သည်။

သူသည် တရားစီရင်ရာတွင် မျှတမှုမရှိသောတရားသူကြီး ကိုကြောက်ရွံ့ပြီး ကိုယ်ခန္ဓာတခုလုံးတုန်ခါနေတော့ သည်။ မျက်နှာခြင်းဆိုင်မှာရှိသော တရားသူကြီး ကို မော့အကြည့်တွင် မျက်နှာဖုံးနောက်ကွယ် မှ မျက်လုံးများနှင့် သွားဆုံသည်တွင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားရသည်။

တရားသူကြီး၏မျက်လုံးများသည် သူ့မျက်လုံးများ ….. သူ၏မျက်လုံးများဖြစ်လို့နေသည်။ သူသေချာအောင် ထပ်ကြည့်သည်… အထပ်ထပ် .. အခါခါ … အခေါက်ခေါက်… မျက်လုံးများ … သူ့မျက်လုံးများ.. ရှက်ရွံ့ဝမ်းနည်းသည့်ခံစားချက်ကြောင့် ရင်ထဲ၌နာကျင်လာသည် …. အပြစ်မရှိသော လူငယ်လေးတဦးကို သေစားသေစေအမိန့်ချမှတ်ခဲ့သော ကြံရာပါ ကောက်ကျစ်စဉ်းလဲသော တရားသူကြီး … ….သူကိုယ်တိုင် ဖြစ်နေသည်ကို မယုံကြည်နိုင်စွာ ဦးခေါင်းများကို ခါရမ်းပစ်မိနေသည် … မျက်လုံးထဲတွင် မျက်နှာဖုံးတပ်လူများ ၏ အရိပ်များယိမ်းထိုးကခုန်နေကြသည်… ………. ခေါင်းများမူးနောက်အောင် ရှက်ရွံ့သိမ်ငယ်သည့် ခံစားချက်က သူ့ကိုထိုးနှက် တိုက်ခိုက်လာသည်…. ထိုခနမှာပင် သူ့ခန္ဓာကိုယ်သည် လေထဲမှ အောက်ကိုတလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်…….။

တကိုယ်လုံးချွေးများရွှဲစိုပြီးသူနိုးလာသည်။ ညလယ်ကြီးမှာတယောက်ထည်း အိပ်မက်တွေမက်ပြီး သူနိုးလာခဲ့ သည်ပဲ။ အိပ်မက်သည် ပြန်လည်တွေးတောချင်စရာမကောင်းအောင်ကို ချောက်ချားစရာကောင်းလှ သည်။

အကယ်၍သာ အိပ်မက်ထဲကလို တရားမျှတမှုမရှိသော ဘက်လိုက်တတ်သော အဂတိလိုက်စားသော ကြံရာပါ တရားသူကြီးအဖြစ် အပြင်မှာသူကိုယ်တိုင်ရော တကယ်ဖြစ်ခဲ့ဘူးပါလားလို့ သူ့ရဲ့ လုပ်သက်တလျှောက်လုံး စစ်ဆေးကြားနာခဲ့သော အမှုများကို သူပြန်လည် စမ်းစစ်ကြည့်နေမိသည်။

သူသည် ဂတိ၊ အဂတိ ဆိုသော တရားတွေကို ဘဝတလျှောက်လုံး ကောင်းမွန်စွာစောင့်ထိန်းခဲ့သော တရားသူကြီး တဦးသာဖြစ်ခဲ့ကြောင်း သူကိုယ်သူ သေချာသွားမှပဲ သက်ပြင်းငွေ့ငွေ့ကို ဆွဲဆွဲငင်ငင်ချ လိုက်ရင်း စိတ်ချလက်ချ ပြန်လည်အိပ်မောကျသွားတော့သည်။ ။





စိုးသင့်ဆွေ
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၀၈
နံနက် ၁း၆၅ မိနစ်

(ဓာတ်ပုံကို www.sxc.hu/profile/Slash41 ထံမှယူပါသည်



Read More...

Thursday, December 18, 2008

အမှတ်တရ ဒီဇင်ဘာည တစ်ည


မနက်စောစောနိုးလာတော့ အိပ်ယာကမထခင် နဖူးပေါ်လက်တင် စဉ်းစားရင်းနဲ့ နောက်အပတ်ဆိုရင် ခရစ္စမတ် ရောက်တော့မှာပါလားဆိုတာ တွေးပြီးပျော်လာတယ် အမှန်တော့ကိုယ်က ခရစ်ယန်ဘာသာဝင် တယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း ဒီဇင်ဘာလကိုရောက်ရင် စိတ်ထဲအလိုလို ပျော်လာတတ်တယ်။

ခပ်ငယ်ငယ်ပိစိကွေး ဘဝတုန်းကတော့ ဆောင်းတွင်းကို သိပ်မကြိုက်ချင်ဘူး။ ချမ်း လွန်းတယ်လို့ ထင်မိတာ ကလည်းတကြောင်း၊ ပြီးတော့ ဆောင်းတွင်းကိုရောက်ပြီဆိုရင် ခြေထောက်တွေ လက်တွေ အဆီခြောက်ပြီး ကွဲတတ်တာမို့ လုံးဝမကြိုက်။ ခြေတွေ လက်တွေကလည်း ကွဲပြီဆိုမှဖြင့် သွေး တောက်တောက်ကျအောင် ဖြစ်တတ်တာဆိုတော့ ဆောင်းတွင်းကို လုံးဝမကြိုက်။

နည်းနည်းကြီးလာတော့.. ဆောင်းတွင်းကိုချစ်တတ်လာရော။ ဘာလို့လည်းသိလား ဆောင်းတွင်းရဲ့ မြူနှင်းစိုင်းတဲ့ မနက်ခင်းတွေမှာ မောင်နှမတွေ အိပ်ယာစောစောထ အိမ်နဲ့မနီးမဝေးက အကြော်တဲလေးဆီကိုသွားပြီး စောစောစီးစီး အကြော်လေး နဲ့ ရေနွေးကြမ်းလေးကိုသောက်ရင်း နှင်းစက်တွေသစ်ရွက်တွေပေါ်ကျတဲ့ အသံကို နားထောင်ပြီး ဟိုတွေးဒီတွေးလုပ်ရတာ သိပ်အရသာရှိတာပဲ။ ကံကောင်းလို့ ကောက်ညှင်းပေါင်းသည် လာရင်တော့ အကြော်နဲ့ ကောက်ညှင်းပေါင်း အတူတူတွဲစားပြန်တော့ ပိုလို့တောင်ကောင်းပြန်သေး။

ဒီဇင်ဘာလဆိုရင် ကျောင်းတွေပိတ်တော့ ငယ်ငယ်က အဖေတာဝန်ကျတဲ့ ပျဉ်းမနားကိုလိုက်သွားရတာကိုလည်း ထည့်ပြောမှ ဆောင်းတွင်းကို ချစ်တတ်လာတာပြီးပြည့်စုံမယ်ထင်တယ်။ ပျဉ်းမနားမြို့ပြင်မှာရှိတဲ့ သကြားစက်မှာ အဖေတာဝန်ကျနေတုန်းက ကျောင်းပိတ်ပြီဆို အမေနဲ့အတူတူ အဖေ့ဆီအလည်သွားတာပေါ့။ အကိုကတော့ ရန်ကုန်ပျော်သူကြီးဆိုတော့ တော်ရုံဘယ်တော့မှမလိုက်ဘူး။ ကိုယ်ကတော့ အမေ့နားက မခွာတဲ့သူမို့လို့ အမြဲတမ်းပါတာပေါ့။

နောက်ပြီး ရွယ်တူအပေါင်းအသင်းတွေရှိတော့ မပျင်းရတာကြောင့် လည်းလိုက်သွားတာပါတယ်။ အဲဒီမှာရှိတဲ့ သူငယ်ချင်းတွေကလည်း ကိုယ်လာမယ်ဆိုတာ အဖေ့ဆီကသိရင် ဝမ်းပန်းတသာနဲ့စောင့်နေတာပဲ။ ကိုယ်ကလည်း ပျဉ်းမနားမြို့ထဲကနေ စက်ရုံအထိ ၈မိုင်လောက်မောင်းရတဲ့ ခရီးကို ကြာလှချေရဲ့လို့ထင်ပြီး ကားပေါ်မှာ ဂနာကိုမငြိမ်နိုင်ဘူး။

သကြားစက်စီမံကိန်းအတွက် ဆောက်ပေးထားတဲ့ တိုက်လုံးချင်းလေးတွေထဲမှာ ကိုယ်တို့အိမ်က ပထမဆုံး စက်ထဲဝင်လိုက်တာနဲ့တွေ့ရမယ့် ထောင့်ကအိမ်ပဲ။ အိမ်ဘေးမှာ ဖုန်ထူတဲ့လှည်းလမ်းကြောင်းရှိတယ်။ အမေက လှဲရကျင်းရတာ ဖုန်ရှုပ်တယ်ဆိုပြီးတော့ မကြိုက်ဘူး ကိုယ်ကတော့သဘောကျတယ်။ ဘာလို့လည်းဆိုတော့ သူငယ်ချင်းတွေရဲ့ အိမ်က နောက်ဘက် တိုက်တန်း တတန်းကျော်လိုက်တာနဲ့ ရောက်ပြီ။

အိမ်ရှေ့ကိုကားဆိုက်တာနဲ့ အဖေ့ကိုတောင် နှုတ်မဆက်နိုင်ဘူး။ သူငယ်ချင်းတွေအိမ်ကိုတန်းနေအောင် ပြေးတာပဲ သူတို့ကလည်း တခါတလေ အိမ်ကလာစောင့်နေကြတယ်။ သူတို့လည်းကျောင်းပိတ် ထားလို့ အပြတ်မီးကုန်ယမ်းကုန်ကဲဖို့တာဆူနေကြပြီး စောင့်နေတာပေါ့။ ရောက်တဲ့အချိန်ကစပြီး ကစားလိုက်တာ တနေ့မှဖမ်း လို့မမိလို့ အမေက အဖေကိုတွေ့ဖို့လာတာလား သူငယ်ချင်းတွေကို တွေ့ဖို့လာတာလား ဆိုပြီး ဆူယူရတဲ့အထိပဲ။

သူငယ်ချင်းတွေက အဖေ့ သူငယ်ချင်းသားသမီးတွေပါ။ တချို့က ကိုယ့်လိုပဲ ရန်ကုန်ကလာတာ။ တချို့ကတော့ ပျဉ်းမနားမှာနေတဲ့သူတွေ။ ကိုယ်တို့ အုပ်စုမှာက အသက်အရွယ်စုံတယ်။ ဆယ်တန်းဖြေထားလို့ အားနေတဲ့ အကိုကြီးတောင်ပါသေးတယ်။ သူ့နာမည်တော့မေ့သွားပြီ။ ကိုယ်နဲ့ရွယ်တူက " မိနီ" အဖေ့သူငယ်ချင်း ဦးဇော်မင်း ရဲ့သမီး။ သူ့မှာ မောင်လေးတွေ ညီမလေးတွေရှိသေးတယ် သူတို့တွေနာမည်လည်းမေ့သွားပြီ။ " မိနီ " ကတော့ မှတ်မိနေတယ် ရွယ်တူမို့လို့။ အဲဒီတုန်းက ကိုယ်တို့က ၄တန်းပဲရှိသေးတာ။

ရန်ကုန်မှာကျတော့ အိမ်ထဲမှာ အတူတူနေတဲ့ မောင်နှမဝမ်းကွဲတွေနဲ့ပဲ ဆော့ရတယ် ခြံအပြင်မှာ ပေးမဆော့ဘူး။ ဒီက ရန်ကုန်မှာလို ကားတွေဘာတွေ ရှောင်နေစရာမလိုဘူး အလွန်ဆုံးရှိမှနွားလှည်းနဲ့ မြင်းလှည်းပဲရှိတာ ဆိုတော့ လွတ်လွတ်လပ်လပ် အပြင်မှာပေးဆော့ထားတယ်။ သူတို့နဲ့ ဆော့မှပဲ ကစားနည်း အသစ်တွေ သိရတယ်။ ထုတ်စီးထိုးတာတို့၊ လိပ်ဥဖွက်တမ်းတို့၊ စုံနေတာပဲ။ နောက်ပြီး အညာမို့ ကုက္ကိုလ်ပင်ကြီး တွေကလည်းပေါ၊ မန်ကျည်းပင်တွေကလည်းပေါဆိုတော့ အပင်တက်တတ်လာတာလည်း သူတို့ကျေးဇူးပဲ။

နောက်ပြီးတောလည်ထွက်တယ်ဆိုပြီး အနီးပါးနားက နေရာလေးတွေကိုလည်းသွားကြသေးတယ်။ ဟိုဆယ်တန်း ဖြေထားတဲ့ အကိုကြီးပါတော့ လူကြီးတွေက စိတ်ချလက်ချနဲ့ လွှတ်ထားလိုက်တာပဲ။ အရင်သကြားစက်ဟောင်း ဆောက်တုန်းက ခေါင်းတိုင်ကို ရှေ့နဲ့နောက်မှားဆောက်မိလို့ ခေါင်းတိုင်ထိပ်ကခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေ သွားတဲ့ ဂျပန်ကြီးရဲ့ အုတ်ဂူနားလည်း အကြောက်အလန့်မရှိသွားတာပဲ။

ဖုန်တွေအလိမ်းလိမ်းနဲ့ ကိုယ့်ခြေထောက် တွေကို ငုံကြည့်ရင်း နဲ့ ရန်ကုန်က မောင်နှမတွေကို သိပ်ပြချင်တာပဲ။ လှည်းတွေနဲ့ စက်ထဲကြိတ်ဖို့ ကြံချောင်းတွေသယ်သွားတာကို လှည်းမောင်းတဲ့ ကြံတောင်သူတွေဆီက ကြံလိုက်တောင်းရင် စားဖို့လောက်ကိုတော့ လက်က လှည်းမောင်းရင်းတဖက် ဓားနဲ့ကြံချောင်းကိုခုတ်ပေးသွား တာကလည်း အညာဒေသ က လူတွေရဲ့ ရိုးသားမှု ကိုသိသာစေတယ်။

လက်ခုပ်ပင်ကြီးတွေအောက်မှာ လက်ခုပ်သီးတွေသွားကောက်ရတာလည်း ဘာမှန်းတော့မသိဘူး ပျော်နေတာ ပဲ။ နွယ်ရှည်ညောင်ပင်ကြီးကိုတွေ့တော့လည်း နွယ်ပင်တုတ်တုတ်ကို ဒန်းလုပ်ပြီးစီးကြ၊ တွဲလောင်း ခိုစီးလိုက်နဲ့ ညောင်ပင်ခမျာလည်း ဒီမျောက်မူးလဲတွေရဲ့ လက်ချက်နဲ့ နွယ်ကြိုးတောင်အကိုင်းက မချရဲလောက် အောင်ပဲ။

သူငယ်ချင်းတွေထဲမှာ ခရစ်ယာန်ဘာသာဝင်သူငယ်ချင်း မောင်နှမတစုရှိတယ်။ သူတို့ကတော့ ကိုယ်လိုပဲ ရန်ကုန်ကနေ သူတို့အဖေဆီ အလည်လာတာပေါ့။ သူတို့ကတော့ အဖေ့သူငယ်ချင်း အန်ကယ်ဦးအေးကို သားသမီးတွေ။ သူတို့နာမည်တွေကိုတော့အကုန်မှတ်မိတယ်။ အစဉ်အတိုင်းပြောရရင် သဲသဲ (ကိုယ့်ထက် ကြီးတယ်)၊ ကိုကို(အရွယ်တူ)၊ အိနှင်း၊ မျိုး နဲ့ အောင်ထက်ကြီးတို့ပဲ။ ကိုကိုကတော့ သိပ်ပြီးတော့ လာကစား လေ့မရှိဘူး သူကခုတော့ လေယာဉ်ပျံကြီးမောင်းတဲ့ ပိုင်းလော့ကြီးဖြစ်သွားတယ်ဆိုပဲ။ မမသဲသဲရယ်၊ အိနှင်းရယ် မျိုးရယ် ကတော့ ကိုယ်တို့နဲ့ အဖွဲ့ကျတယ်။ အောင်ထက်ကတော့ အငယ်လေးဆိုတော့ ဝင်ကစားတချက် မကစားရတချက်ပဲ။

ဒီလိုမျောက်မူးသေအောင်ဆော့လာတဲ့ အဖွဲ့မှာ ခရစ္စမတ်မတိုင်ခင်နှစ်ပတ်လောက်အလိုလဲကျရော စိတ်ဝင်စား စရာကိစ္စတခုဖြစ်လာတယ်။ အဲဒါကတော့ သဲသဲတို့အိမ်မှာ လူကြီးတွေ ခရစ္စမတ်နားနီးလာပြီဆိုတော့ ဘုရား သီချင်းတွေဆိုကြတိုက်ကြနဲ့ သူတို့အိမ်မှာလူတွေဝင်လိုက်ထွက်လိုက်နဲ့ပေါ့။ ရန်ကုန်မှာတော့ အိမ်ကိုအသိတွေ ခရစ္စမတ်မရောက်ခင်ရက်တွေမှာ ခရစ္စမတ်သီချင်းတွေလာဆိုတာတွေ့ဖူးတယ်။ မေမေတို့လည်း ဒီသီချင်း တွေလိုက်ဆိုတာတွေ့ဖူးတယ်။

အိမ်တွေမှာ ဘုရားသခင်ရဲ့မွေးနေ့အခါတော်မှာ ဆုတောင်းပေးတဲ့အနေနဲ့ သီချင်းတွေဆိုတယ်လို့ပဲ သိထားတာ။ ခရစ်ယန်ဘာသာဝင်မဟုတ်ခဲ့လို့လည်း တခါမှအုပ်စုနဲ့လိုက်မဆိုခဲ့ဘူးဖူး။ သဲသဲတို့အိမ်မှာ သီချင်းတွေတိုက်နေသံ ကြားတော့မှ မျောက်အုပ်စုက အိမ်ပေါက်ဝမှာပြူတစ်ပြူတစ်နဲ့သွားစပ်စုကြတော့တာပေါ့။ သူတို့မေမေ သီချင်း တိုက်ဖို့လာတဲ့သူတွေအတွက်ချကျွေးထားတဲ့ မုန့်တွေလည်းကိုယ်တို့တွေ ဝိုင်းစားပစ်လိုက်တာပဲ။

နောက်တော့ သဲသဲကပြောတယ် နင်တို့တွေလည်း သီချင်းလိုက်ဆိုပါလားတဲ့။ အားလုံးတညီတညွတ်ထဲ "အေး" ဆိုပြီး ကလေးအုပ်ပါ သီချင်းတိုက်တဲ့ အထဲရောဝင်ဆိုကြတော့တယ်။ လူကြီးတွေကတော့ ဒီမျောက်ကလေးတွေ ငြိမ်ဆေးရသွားလို့ စိတ်အေးချမ်းသာသွားကြတယ်။ ပထမတော့ သီချင်းတိုက်နေတဲ့ လူကြီးတွေ စိတ်ညစ်တာပေါ့ အသံတွေက ကြောင်တဲ့ဟာက ကြောင်၊ အသံချရမယ့်နေရာလည်း မသိ၊ တက်ရမယ့်နေရာလည်း မသိနဲ့။ နောက်တော့ လူကြီးတယောက်သင်ပေးလိုက်တာနဲ့ ကလေးတွေလည်း ကီးကိုက်အောင်ဆိုတတ်သွားတယ်။

ဘယ်နေ့ ရပ်ကွက်ထဲလည်ဆိုရမှာလဲ ဆိုတော့ ခရစ္စမတ်နေ့ ညတဲ့။ အညာဒေသတို့ရဲ့ ထုံးစံအတိုင်း ပူရင်လည်း အရမ်းပူ၊ အေးရင်လည်း အရမ်းအေးတော့ ညဘက်ကြီးသီချင်းလိုက်ဆိုမယ်ဆိုတော့ ကိုယ်တို့တွေ နည်းနည်း တော့တွန့်သွားတယ်။ ကလေးတွေဆိုတော့ ညဘက် အေးစက်စက်ကြီးထဲ သီချင်းလိုက်ဆိုရမှာ တွေးပြီးတော့ လန့်တာပေါ့။

အဲဒါနဲ့ ကိုယ်တို့တွေ အဲဒီညကျရင် ငါကတော့ဘယ်ဦးထုပ်ဆောင်းမယ်၊ ဟိုတယောက်ကလည်း ငါ့မှာ ဆွယ်တာ အသစ်လေးရှိတာဝတ်ရမယ်နဲ့ အတွေးတွေများလို့ ခရစ္စမတ်ညကိုမျှော်ရင်းမောနေကြတာ နေ့လည်နေ့ခင်း ကောင်းကောင်းမဆော့နိုင်ကြဘူး။ မိဘတွေကတော့ ကလေးတွေတယ်ငြိမ်ပါလားပေါ့။ ကိုယ်တွေကသီချင်းလိုက် ဆိုမဲ့ကိစ္စကို စစ်ဆင်ရေးကြီးတခုလိုသဘောထားနေကြတာ သူတို့မသိဘူးလေ။

ခရစ္စမတ်နေ့ ညနေပိုင်းရောက်တာနဲ့ ဘယ်သူမှ ချိန်းစရာမလိုအောင် စုနေကြနေရာမှာ ကလေးအုပ်စုမိကြရော။ မိဘတွေကလည်း ကလေးတွေပါတော့ ညသူတို့လည်း လိုက်မယ်ပေါ့လေ။ အောင်မယ် ကိုယ်တို့အုပ်က အတော့် ကိုဟုတ်နေတာပေါ့။ သီချင်းစာသားတွေ မေ့သွားမှာကလည်းစိုးရိမ်နေကြသေးတယ်။ ကိစ္စတော့မရှိဘူးပေါ့ လူကြီးတွေပါတာပဲ ကိုယ်တွေမေ့ရင် သူတို့ဆိုလိမ့်မယ်ဆိုပြီး တယောက်နဲ့ တယောက် အားပေးနေရသေးးတယ်။

ကဲ… အိမ်ကစထွက်ပါပြီ။ စက်ရုံဝင်းကြီးကအကျယ်ကြီး ဝန်ထမ်းအိမ်တွေကလည်း စီမံကိန်းအတွက်ရော အရင်စက်ရုံအဟောင်းက ဝန်ထမ်းတွေရောရှိတာ။ ဒါပေမဲ့ ခရစ်ယာန်အိမ်တွေကိုပဲသွားဆိုမှာဆိုတော့ အိမ်ပေါက် စေ့ဆိုစရာတော့ မလိုဘူးပေါ့။ လမ်းတော့ဝေးဝေးလျှောက်ရမယ် ဒါလည်းကိစ္စမရှိပါဘူး စက်ရုံတဝင်းလုံးတောင် လှည့်ပတ်ဆော့နေတာဆိုတော့ အသာလေးပေါ့။

"We Wish you a Merry Christmas, We wish you a Merry Christmas and a Happy New Year" "Silent Night, Holy night All is clam all is bright …." ဒီလိုအင်္ဂလိပ်သီချင်းတွေကို မပီတပီနဲ့ အပြတ်ဟဲကြတဲ့အပြင်။

"ဒီဇင်ဘာရဲ့ အေးချမ်းလွန်းတဲ့ ည အချိန်အခါဝယ် …. …" ""ဤ အိမ်ပေါ်သို့ကောင်းချီးမင်္ဂလာရောက်စေသော်… ….. ကျေးဇူးတင်ပါတယ် ..ကျေးဇူးတင်ပါတယ် အိမ်ရှင်များတို့ရယ်…" လိုမြန်မာသီချင်းတွေ အဆုံး အသံပြာဝင်သည်အထိ ကလေးတအုပ်အော်ဆိုရင်း။ သွားလည်သောအိမ်များမှ ကျွေးမွေးသောအစား အသောက် များ သကြားလုံးများကို တဝကြီးစားသောက်ပြီးနောက်။ ည ၁၂နာရီကျော်မှ သဲသဲတို့အိမ်ပြန်ရောက်ပြီးတော့ သူတို့မေမေချက်ထားတဲ့ ကြာဇံချက်ကို တဝကြီးသောက်ပြီး ကိုယ်စီကိုယ်စီ မိဘတွေနဲ့အိမ်ကိုပြန်ကြပါတယ်။

အဲလို ပျဉ်းမနားမှာ အဖေ့နောက်အလည်သွားရင်းနဲ့ ခရစ္စမတ်မှာ သီချင်းဆိုခဲ့ဖူးတာက အစပြုပြီးတော့။ နောက်နောင် ခရစ်ယာန်သူငယ်ချင်းတွေရှိလာတော့ သူတို့တွေနဲ့ ခရစ္စမတ်နေ့မှာ Carol Singing ထွက်ရတာ ကိုနှစ်သက်တတ်လာတယ်။ သူတို့တွေ သီချင်းဆိုပြီးလို့ ခေါင်းငုံဆုတောင်းပေးနေတဲ့ အခါတွေမှာတော့ ကိုယ်က နံဘေးမှာ ယောင်နန ဖြစ်နေတတ်တာ တခုကလွဲရင် သီချင်းဆိုရတာကြိုက်တဲ့ ကိုယ့်အတွက်တော့ပျော်စရာပါပဲ။

ခုလည်း ခရစ္စမတ် နားနီးလာတာနဲ့ တယောက်တည်း ခရစ္စမတ်သီချင်းတွေ ဖွင့်ပြီး လိုက်ဆို၊ တယောက်တည်း ဆိုရတာ အားမရတာနဲ့ ခရစ်ယာန်သူငယ်ချင်းတွေ ရဲ့ ဘလော့ CBOX မှာ စာရေးပြီး သွားသွား အော်ဆို မိပြန်ပါတယ်။ တကယ်တော့ ခရစ္စမတ်သီချင်းတွေက ဒီလိုခရစ်တော်မွေးဖွားတဲ့ ဒီဇင်ဘာလ ခရစ္စမတ် ရက်မြတ်မှာသီဆိုမှလည်း ပိုပြီး ခံစားမှုရသမြောက်တာပါ။ နောက်တပတ် အထိပဲစိတ်ကြိုက် သီဆိုခွင့်ရှိတော့မှာ လို့ တွေးမိပြီး တေးသွားတပုဒ်ကို တိုးတိုးလေးသီဆိုမိနေပြန်ပါတော့တယ်။ ။






စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၈
နံနက် ၁း၄၃ မိနစ်
(ဓာတ်ပုံကို
www.soycandlesbyphebes.com မှယူပါသည်)

Read More...

Monday, December 15, 2008

လမ်းကလေး၏ အစွန်းနှစ်ဘက်


နံနက်ခင်းနေခြည်ဟာခန်းဆီးလိုက်ကာကို ထိုးဖေါက်ပြီး အ ဘွားအိုရဲ့ မျက်နှာပေါ်ဖြာကျလာတယ်။ ဌက်ကလေးတွေရဲ့ အော်သံလေးကို ကြားလိုက်ရချိန်မှာတော့ အဘွားအို မျက်လုံး တွေကိုဖြေးလေးစွာဖွင့်လိုက်တယ်။ နေ့သစ်တခုကို ရောက်ပြီဆိုတဲ့အသိနဲ့အတူ ခါတိုင်းနေ့နဲ့မတူတဲ့နေ့ဆိုတာကို သတိထားမိပြီး အဘွားအို နိုရာ စိတ်တွေလန်းဆန်းတက်ကြွ လို့နေတယ်။

အိပ်ရာနံဘေးက ပြူတင်းပေါက်တွေကို ကာရံထားတဲ့ အဝါရောင်ခန်းဆီးစလေးကို အားအင်ချိနေတဲ့ လက်ချောင်း လေးတွေနဲ့ ပင့်တင်လိုက်ရင်း ပြူတင်းပေါက်အပြင်ကို အဘွားအို ငေးမောကြည့်လိုက်တယ်။ သူ့ အခန်းပြူတင်းပေါက်ကနေ လှမ်းကြည့်ရင် လူအိုရုံ အဝင်ဂိတ်တံခါးဝဆီသွားတဲ့ လမ်းလေးကိုမြင်ရတယ်။

လမ်းလေးရဲ့ တဖက်တချက်မှာတော့ ပန်းရောင်စုံလေးတွေကို လူ၊ တိရစ္ဆာန်တွေ ဘေးကကာကွယ်ဖို့ အဖြူရောင် သစ်သားတိုင်လေးတွေနဲ့ ခြံခတ်ထားတယ်။ နံဘေးက မြက်ခင်းစိမ်းလေးတွေရဲ့ အနောက်ဘက်မှာတော့ လူတဖက်ထက်ကျော်တဲ့ မေပယ်ပင်ကြီးတွေကို လမ်းလေးနဲ့အပြိုင် တဘက်တချက် အစီအရီပေါက်နေတာ တွေ့ရမယ်။

နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ရွက်ကြွေကျစပြုနေတဲ့ မေပယ်ပင်ကြီးတွေကို ပိုပြီးကြည့်ကောင်းစေတယ်။ တပင်လုံးမှာရှိတဲ့အရွက်တွေ ရွှေဝါရောင်သန်းနေတဲ့ မေပယ်ပင်တွေဟာ နံနက်ခင်းနေခြည်ထိုးလိုက်မှ ရွှေအို ရောင်ပိုတောက်ပပြီး မြင်ရသူတွေရဲ့ အမြင်ဓာတ်ကို သိမ်းကြူံးညို့ငင်နေတယ်။

လမ်းပေါ်ကရွက်ကြွေတွေ ဆောင်းလေမြူးဆော့ကစားလို့ ဟိုဒီရှပ်တိုက်ပြေးနေတာကိုကြည့်နေရင်း သူ့ပါးပြင် တလျောက် မွေးညှင်းနုလေးများလှုပ်ခတ်သွားသလားလို့တောင် ထင်မိယောင်မှားဖြစ်လို့နေတယ်။ လမ်းလေးပေါ် နေပျောက်လေးတွေ ကွက်တိကွက်ကြားထိုးနေပုံလေးက အဘွားအိုရဲ့ စိတ်ဓာတ်ကို နုပျိုလန်းဆန်း လာစေတယ်။

ပြင်ပမြင်ကွင်းကိုကြည့်ရင်း သူ့နှလုံးအိမ် အနက်ရှိုင်းဆုံးအထိ အနွေးဓာတ်တခု ဖြစ်ပေါ်လာတာကို ကြည်နှုးစွာ ခံစားနေလိုက်တယ်။ ဒီလိုဆောင်းဝင်ခါစ မနက်ခင်းများရဲ့ အလှကို ကြုံတွေ့ခဲ့ဘူးတာ အကြိမ်ပေါင်း အတော်များ ခဲ့ပြီ။ ဒီမြင်ကွင်းတွေကို အတူတကွ ခံစားခဲ့ဖူးတဲ့ ချစ်ခင်ရင်းနှီးရသော မိသားစုဝင်များ သူငယ်ချင်း မိတ်ဆွေများကို အဘွားအို လွမ်းဆွတ်တမ်းတမိလာတယ်။

ပင့်မထားတဲ့ ခန်းဆီးစလေးကို ပြန်ချလိုက်ရင်း သေးကွေးပိန်လှီတဲ့ ခန္ဓာကိုယ်လေးကိုအသာလေး ကုတင်ပေါ် ပြန်လှဲလိုက်တယ်။ မျက်လုံးတွေကိုအသာ မှိတ်ထားလိုက်တယ် အိပ်ပျော်သွားမှာတော့မဟုတ်ဘူး။ ခုနက နံနက်ခင်း အလှအပတွေကို မျက်စိလုံးထဲ ပြန်မြင်ယောင်ရင်း အခန်းထဲကိုဝင်လာမဲ့ ခြေသံတစုံကို နားစွင့် နေမိတယ်။

"မင်္ဂလာနံနက်ခင်းပါ …. နေကောင်းရဲ့လား မစ္စ နိုရာ" ဒီလို နှုတ်ခွန်းဆက်သံတွေကို မနက်ခင်းတိုင်းကြားနေကြ။ မနက်တိုင်း ဒီနေ့အတွက်တာဝန်ကျကူညီစောင့်ရှောက်ပေးမဲ့ သူတယောက်ယောက် က အခန်းထဲကို ဝင်လာ ပြီး ဝေရာဝစ္စတွေလုပ်ပေးဖို့ ခန်းဆီးလိုက်ကာတွေအားလုံးကို ဖွင့်လိုက်ရင်း အခုလိုပဲ ပိဋိသန္ဓာရစကားဆိုမယ်။ ပြီးရင် သူ့ကို မျက်နှာသစ်ဆေးကျောပေးပြီး နံနက်စာထည့်ထားတဲ့ လင်ဗန်းကို ကုတင်ပေါ်မှာ စားလို့ရအောင် ပြင်ဆင် ပေးမယ်။ သူ စိတ်စောနေလို့ နံနက်စာကို မြန်မြန်လက်စသတ်လိုက်တယ်။

မနက်စာကတော့ ထုံးစံအတိုင်း ကြက်ဥ မကျက်တကျက်တလုံး၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်တချပ်၊ နောက်ပြီး သစ်သီးဖျော်ရည်တခွက် ဒါမှမဟုတ် နွားနို့တခွက်။ တခါတလေတော့ ကော်ဖီ ပြင်းပြင်း ခပ်ပူပူတခွက် ကိုတောင်းတမိတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ကော်ဖီလုံးဝပေးမသောက်တော့တဲ့ အတွက် ဆန္ဒသာရှိပြီး သောက်ခွင့်မရ။

သူ့လို လူအိုတွေအတွက် ဆန္ဒရှိပြီးလုပ်ခွင့်မရတဲ့ အရာတွေကလည်းအများသားပဲ။ အသက်တချောင်းရှင်သန်မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့တချို့ ဆန္ဒတွေက ဖြည့်ဆည်းခွင့်မရကြတာများတယ်။ သူတို့ရဲ့ အခြေအနေက ရင့်မှည့်နေတဲ့ သစ်သီးတလုံးလို၊ ကြွေလုစဲစဲသစ်ရွက်တရွက်လို လေပြေလေးတချက်ဝေ့တာတောင် အထိအခိုက် မခံနိုင်ကြ။ ဘာကိုမှ အမှားအယွင်းခံလို့မရတဲ့ ကျန်းမာရေးအခြေအနေမျိုး။

စောင့်ရှောက်သူအမျိုးသမီးက အဝတ်အစားလဲလှယ်ပေးပြီးချိန်မှာ တာဝန်ကျသူနာပြု အခန်းထဲဝင်လာပြီး အဘွားအိုရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးတယ်။ သွေးပေါင်ချိန်တိုင်းတယ် သောက်ရမဲ့ဆေးတွေကို လက်ဖဝါးထဲ ထည့်ပေးရင်း သောက်ရေခွက်လေးကိုပါလှမ်းပေးလိုက်ပါသေးတယ်။ ပြီးတော့ အဘွားအိုကို ဘီးတပ် ကုလားထိုင်ပေါ်ရွေ့ပြောင်းပေးကြတယ်။

သူရဲ့တဦးတည်းသောသားလေးကို တွေ့ရမယ်ဆိုတဲ့ အသိကြောင့် ပါးပြင်လေးတောင် ပန်းသွေးရောင် တောက်ပြီး လန်းဆန်းတက်ကြွနေတယ်။ သူ့ကို ခါတိုင်းထက်ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ပေးဖို့ အကူအမျိုးသမီးကို ပြောလိုက်တယ်။ အမျိုးသမီးက အဘွားအိုရဲ့ ငွေရောင်တောက်နေတဲ့ ဆံပင်ကြိုးတိုးကြဲတဲ တွေကို ငြင်ငြင်သာသာလေးဖီးပေးနေတယ်။

အားလုးံပြင်ဆင်ပြီးတော့ ခေါင်းရင်းနားက တိုင်မှာချိတ်ထားတဲ့ အဖြူရောင်ဖဲကြိုး နဲ့ ဦးထုပ်ပြာလေး ကိုဆောင်းပေးလိုက်တယ်။ အဘွားအိုက သူ့အရိပ်ကို မှန်ထဲမှာကြည့်ရင်းနဲ့ တစုံတရာကိုသတိရသွားတဲ့ပုံစံနဲ့ မှန်တင်ခုံထဲက နှုတ်ခမ်းနီပန်းသွေးရောင်လေးကို တုန်ရင်တဲ့ လက်ချောင်းလေးတွေကို ထိန်းရင်းဆေးချယ် လိုက်သေးတယ်။ သားလေး အမြင်မှာ သူဟာ သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အရေးကြီးတယ် မဟုတ်လား။

အဘွားအိုရဲ့ ဘီးတပ်ကုလားထိုင်ကို အကူအမျိုးသမီးက နားနေဆောင်ဘက်ကိုတွန်းလာချိန်မှာ အဘွားအို က လမ်းမှာတွေ့တဲ့ ဘဝတူလူအိုတွေကို ပြုံးပြနှုတ်ဆက်ရင်းလိုက်ပါခဲ့တယ်။ နားနေဆောင်ရောက်တော့ လမ်းလေးကို သေချာမြင်ရတဲ့ ပြူတင်းပေါက်နားမှာ သူ့ကို ထားပေးဖို့ပြောလိုက်တယ်။ ဒါမှ လမ်းလေးဘက်က လျှောက်လာတဲ့ လူတွေကို မြင်ရမယ်မဟုတ်လား။

ဘေးနားမှာ ထိုင်နေတဲ့ မာရီ ဆိုတဲ့ အဘွားအိုက စကားတွေ ဖောင်ဖောင်ဖွဲ့အောင်ပြောနေလို့် အဘွားအိုက အလိုက်တသိ ရယ်မောပြန်လည်ပြောဆိုနေပေမဲ့သူ့ရဲ့ မျက်လုံးတွေကို လမ်းလေးရှိရာဘက်က မခွာဘူး။ ဟုတ်တယ်လေ ဒါမှ လမ်းလေးဆီက လျှောက်လာတဲ့ သူ့သားလေးကို သူအရင်မြင်ရမယ် မဟုတ်လား။ သားလေးလာရင် အရင်တခါကလိုပဲ သူအရင် လက်ပြနှုတ်ဆက်လိုက်ချင်သေးတယ်လေ။

အရင်တခါ သားလေးလာတုန်းက သူသိပ်ကြိုက်တဲ့ နှင်းဆီပန်းအနီရောင်လေး လက်ဆောင်အဖြစ်ယူခဲ့တယ်။ ဒီတခါရော ဘာတွေယူလာခဲ့ဦးမလဲဆိုတာ သူသိပ်သိချင်နေပြီး စိတ်လှုပ်ရှားလာတယ်။ တကယ်တမ်းက သားလေးယူလာမဲ့ လက်ဆောင်ထက် သားရဲ့မျက်နှာလေးကို တွေ့ရဖို့က ပိုအရေးကြီးလှတယ်။

မျက်လုံးတွေကို လမ်းလေးဆီက မခွာတန်း စိုက်ကြည့်နေလို့ သူ့မျက်လုံးတွေ နည်းနည်းညောင်းညာလာတယ်။ နားနေဆောင်ထဲမှာတော့ အလည်လာတဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ စကားသံ၊ ရယ်မောသံတွေနဲ့ အသက်ဝင် လှုပ်ရှားလာနေပြီ။ လမ်းလေးဘက်ဆီကလာတဲ့ လူတယောက်အရိပ်ကိုတွေ့တိုင်း အဘွားအိုရဲ့ နှလုံးခုန်သံ မြန်သွားလိုက် မျှော်နေတဲ့သူ မဟုတ်မှန်းသိရင် စိတ်ပျက်သွားလိုက၊် လမ်းလေးဘက်ဆီ ထပ်မျှော်ကြည့်လိုက်နဲ့ သူ့စိတ်တွေဗျာများလို့နေတယ်။

ဒီလူအိုရုံကိုစရောက်လာတဲ့နေ့တည်းက ဒီအဝင်လမ်းလေးကို သူသတိထားမိခဲ့တယ်။ အဘိုးးကြီး နဲ့ သားလေး သူ့ကို ထားရစ်ပြီးပြန်သွားတုန်းက အဝင်ဝလမ်းလေးဘက်ကိုမျှော်မျှော်ကြည့်ရင်း မျက်ရည်ထွေထွေကျ ခဲ့ရတယ်။ နောက် တပတ် ဧည်သည်တွေ့ရတဲ့ရက် ရောက်သည်အထိ သည်လမ်းလေးကို သူငေးကြည့်နေခဲ့မိတာ တရက်မှ မပျက်။

သုံးယောက်ထဲရှိတဲ့ မိသားစုလေးမှာ လေဖြတ်ပြီးအောက်ပိုင်းသေသွားတဲ့ သူ့ကို ပြုစုဖို့ ခင်ပွန်း အဘိုးကြီးနဲ့ ခရီးမနားတမ်းသွားရတဲ့ အဝေးပြေးကုန်ကားမောင်းတဲ့ သားလေးအတွက် ကရိကထမများအောင် ဒီနည်းလမ်း ကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ အဘိုးအိုကို ခွဲချန်ရစ်ထားခဲ့ရတာတော့ စိတ်မှာ အတော်ထိခိုက်မိတယ်။ ဒါပေမဲ့ သူ့ကို ပြုစုရင်း ပင်ပန်းပြီး အဘိုးအို အိပ်ရာထဲလဲသွားတာမျိုး ကိုတော့ နောက်တကြိမ် သူ အဖြစ်မခံနိုင်တော့။

ဒီမှာက တကိုယ်ရေသန့်ရှင်းရေးကအစ အစားအသောက်အဆုံး စနစ်တကျနဲ့ ပြုစုပေးကြတယ်။ တာဝန်ဆိုတဲ့ ဝတ္တရားအောက်မှာ မိသားစုလို နွေးထွေးမှုတော့ ပျောက်ဆုံးနေသည်သာ။ ဒီလမ်းလေးပေါ်မှာပဲ အဘိုးအို သူ့ကိုလာတွေ့ပြီး နောက်ဆုံးအကြိမ် လက်ပြနှုတ်ဆက်ခဲ့တာဟာ သူ့ကို အပြီးတိုင်ခွဲထားခဲ့ပြီး မမြဲတဲ့ခရီးကို ထွက်ခွာသွားလိမ့်မယ်လို့ထင်မထားခဲ့။ ကြိုများသိခွင့်ရခဲ့ရင် အဘိုးအိုဟာ သူ့ဘဝ အတွက် အရေးပါဆုံး သူဆိုတာ ပြောပြလိုက်ချင်သေးတယ်။

သူ့အတွက်တော့ ဒီလမ်းလေးဟာ အတိတ်ရဲ့ပုံရိပ်တွေကို အမှတ်ရတမ်းတစရာ၊ အနာဂတ်အတွက် မျှော်လင့်ခြင်း တည်ရာလည်းဖြစ်တယ်။ လမ်းလေးရဲ့ အဆုံးတဘက်မှာ ပြင်ပလောကဟာ လှပသစ်လွင်တဲ့ ဘဝပေါင်းများစွာ နဲ့ ဆက်လကအသက်ဝင်နေစဲဆိုတာ သူအာရုံထဲမှာမြင်ယောင်ကြည့်နေမိတယ်။

လမ်းလေးရဲ့ အဆုံးတဘက်မှာ ပျိုမြစ်လတ်ဆတ်တဲ့ သူ့ရဲ့ ငယ်ဘဝအတိတ်ဟောင်းတွေရှိခဲ့ဖူးသလို၊ ချိုမြတဲ့ အချစ်လည်းရှိခဲ့ရဲ့။ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ဖူးသလို၊ ဘာသာစကားတူ ချစ်ခင်ရင်းနှီး ရတဲ့ မိတ်ဆွေတွေရှိခဲ့ဖူးတယ်။ အောင်မြင်မှုတို့ရဲ့ အချိုဓာတ်ကို ခံတွင်းလိုက်ခဲ့ဖူးသလို၊ ခါးသီးတဲ့ ကျရှုံးမှုတွေ ကိုလည်း ကျိတ်မှိတ်မျိုချခဲ့ဖူးရဲ့။

လမ်းလေးရဲ့ ဒီမှာဘက်အဆုံးမှာတော့ ပါးရည်တွန့်လိပ်နေတဲ့မျက်နှာ၊ ငွေရောင်ဖြူလွလွဆံပင်၊ သေးကွေးပိန်လှီလှ တဲ့ ခန္ဓာကိုယ်ပိုင်ရှင် အကူမပါရင် အသက်ဆက်ဖို့အတော်ခဲယဉ်းတဲ့ အခြေအနေနဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အဘွားအိုတယောက်။ အမြင်အာရုံတွေ ဝေသီနေပြီဖြစ်ပေမဲ့ မျှော်လင့်ခြင်း အရောင်တွေသန်းနေတဲ့ မျက်လုံးလေး တစုံကတော့ လမ်းလေးရဲ့ အဆုံးတဘက်ကို မျှော်ငေးကြည့်လျက်သာ။ ဘုရားသခင်ရဲ့ ခေါ်ယူခြင်းမခံရခင် အချိန်အထိတော့ ဒီလမ်းလေးကို သူငေးကြည့်ခွင့်ရှိနေဦးမှာပါ။ ။


စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၀၈
နံနက် ၃း၀၀

(ဓာတ်ပုံကို http://www.sxc.hu/photo/1110606 မှယူပါတယ်။ Free Photo Download Site ဖြစ်ပါတယ်။)

Read More...

Wednesday, December 10, 2008

တောင်းပန်စကား ၏ နောက်ဆက်တွဲ ကျေးဇူးတင်စကား

ခုတလော စာရေးဖို့ အာရုံမရ၊ စိတ်တွေကို ဖမ်းလို့ မမိဖြစ်နေတာနဲ့ ပို့စ် အသစ်မတင်နိုင်တာ နားလည်ပေးပါလို့ အလည်လာသူတွေကို တောင်းပန်ချင်ပါတယ်။ .....

(ကျေးဇူးတင်စကားလေးကို ဒီနေရာလေးမှာ မှတ်တမ်းတင်ချင်ပါတယ်။ စာဖတ်ဖို့အကြံပေးတဲ့ အကိုဆောင်းယွန်း၊ အပြောင်းအလွဲလုပ်ဖို့ အကြံပေးတဲ့ အကိုဒူုကဘာ၊ ညီမလေး Mirror၊ မောင်လေးပီတိ နဲ့ CBOX မှာ ရေးသွားတဲ့ မောင်နှမတွေ၊ ခြေရာချန်မထားခဲ့ပဲ အလည်လာသွားတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။)



Read More...

Monday, December 8, 2008

မုန်းရခြင်း ၁၀ချက်

အကိုဆောင်းယွန်း နဲ့ ညီမ Mirror က တပြိုင်နက် တက်ဂ် ထားလို့ ရေးချလိုက်တာ မြန်မှမြန်ပဲ။ ဘာလို့ဆိုတော့ ကိုယ့်ကို ကိုယ် အမြဲ ဘာလိုလို့လိုမှန်း မသိတာတွေ ကို အမြဲတွေးဖြစ်နေတဲ့ သူဆိုတော့။ ဖတ်ကြည့်ပါဦး။

၁- အားနာတတ်တာ
အားနာတတ်လွန်းတော့၊ ကိုယ့်ကို နင်ပဲငဆ ပြောလာတဲ့သူကို လက်တုန့်ပြန်လိုက်ရမှာတောင် အားနာနေတာ။

၂- လက်လွယ်တာ
လက်ထဲမှာ ငွေရှိလို့ကတော့ သနားအောင်ပြောတတ်တဲ့သူတွေကိုရော၊ မပြောတတ်တဲ့သူတွေကိုရော ရှိတာတွေကုန်အောင်ကို ကူညီတတ်တာ။

၃- စိတ်ဝင်စားတာတွေပဲလုပ်ချင်တာ
ကျောင်းစာကလွဲလို့ အားလုံးစိတ်ဝင်စားနေတော့ တခါတခါ တိုးတက်သင့်သလောက် မတိုးတက်ဘူး။

၎- စိတ်ဝင်စားလို့ကတော့ ထမင်းမစား မအိပ်မနေ တစိုက်မတ်မတ်လုပ်တာ
ခုတလော ဘလော့ကိုက်နေလို့ အအိပ်အနေနည်းတော့ ခေါင်းကိုက်ရောဂါပြန်ဝင်လာပြန်ပြီ။

၅- လုပ်နေရင်းတန်းလန်းနဲ့ လုံးဝပြန်မကြည့်ချင်တော့ရင် လှည့်ကို မကြည့်တာ
သိပ်စိတ်ဝင်စားပါတယ်ဆိုပေမဲ့ လုပ်နေရင်းဗြုန်းဆိုရပ်ချင်ရပ်ပစ်လိုက်တာမျိုး။ (စာရေး၊ စာဖတ်ခြင်းမပါ)

၆- သူငယ်ချင်းတွေ ကို သိပ်ချစ်တာ (သူတို့ အနိုင်ကျင့်တာမှန်သမျှ ခံနေရတဲ့ ဘဝ)
သူငယ်ချင်းတွေဆိုလို့ကတော့ ယုံလွယ်၊ လက်လွယ်၊ စုပုံချစ်။ တယောက်ယောက်နဲ့ မခေါ်မပြောဖြစ်ပြီ ဆိုလည်း တသသနဲ့ နမြော မဆုံးတော့။ (ခင်မင်ခဲ့တာတွေ)

၇- စကားမပြောချင်တော့တဲ့သူဆို ဟန်ဆောင်ပြီးတောင် မပြုံးတတ်တော့
မမုန်းတတ်ပါ။ ဒါပေမဲ့ စကားမပြောချင်တော့ဘူးဆိုရင် ဟန်ဆောင်ပြုံးခြင်းဆိုတာ အဘိဓာန်မှာ မရှိစေရ။

၈-ကိုယ့်ကိုကိုယ် ငါလို့ဘယ်တော့မှ မထင်တာ
ငါတော်တယ်၊ ငါတတ်တယ်၊ ငါလုပ်တာကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်မိ။ ငါလိုတယ်၊ လိုသေးတယ် လို့ထင်လွန်းပြီး လူတွေကို အောက်ကဝင်လွန်းတော့။ ခဏခဏ လူအထင်သေးခံရပြီး စော်ကား သွားကြသေး။

၉- အတ္တနည်းတာ
ပိုက်ဆံတွေ အများကြီးရှာမယ်၊ တိုက်ကြီးနဲ့ နေမယ်၊ ကားကောင်းကြီးစီးမယ်ဆိုတာတွေ တခါတလေမှပဲ စဉ်းစားဖြစ်တယ်။ ကိုယ့်အတွက် အတ္တနည်းလွန်းတော့လည်း မတိုးတက်။

၁၀- ချစ်တတ်တာ
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလွန်းတော့ ခဏခဏ လူလိမ်ခံရတယ်။

အကိုဆောင်းယွန်း နဲ့ ညီမ Mirror ကျေနပ်မယ်ထင်ပါတယ်နော်။



Read More...

Friday, December 5, 2008

မိတ်ဆွေများ ထံမှ ပေးအပ်လိုက်သောအရာ


မိတ်ဆွေကောင်းဆိုတာ လောကမှာတန်ဖိုးမဖြတ်နိုင်တဲ့ အရာပါတဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါများဟာ ရေသတ္တဝါ တွေဖြစ်ဖြစ်၊ ကုန်းနေသတ္တဝါတွေပဲဖြစ်ဖြစ် မျိုးတူရာစုပေါင်း နေထိုင်တဲ့ စရိုက်သဘာဝရှိကြတယ် မဟုတ်လား။

ကျမတို့တွေဟာ လူ့ဘဝသက်တမ်း တလျှောက်လုံး မိမိရဲ့ ရောက်ရှိနေတဲ့ အသက်ထက်များပြားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရရှိခဲ့တယ် မဟုတ်ပါလား။ လူဆိုတာ တဦးတည်း အထီးကျန် မနေတတ်တဲ့ သတ္တဝါထဲမှာ ထိပ်ဆုံးက ပါတယ်လေ။

ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းဟာ မိတ်ဆွေ အပေါင်းအသင်းကို လိုလားကြပါတယ်။ မိတ်ဆွေ သူငယ်ချင်း ဖြစ်အောင် တဦးနှင့်တဦး မိတ်ဖွဲ့ကြ၊ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ကြပါတယ်။ မိတ်ဆွေ နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာဟာ တယောက်ကို တယောက် ယုံကြည်မှုနဲ့ တိုက်ရိုက်အချိုးကျ တယ်ဆိုရင် လည်းမှားမယ် မထင်ပါဘူးနော်။

အရစ်စ် တိုတယ် (Aristotle) ရဲ့ အဆိုအမိန့်ကတော့ ခင်မင်ရင်းနှီးမှုဆိုတာ နှစ်ကိုယ့်တစိတ် လို့ဆိုပါတယ်။ ဟုတ်တယ်နော် မိတ်ဆွေ ဆိုတာ စရိုက်တူ အကြိုက်တူတွေမှ ရင်းရင်းနှီးနှီးပေါင်းဖြစ်ကြတာမဟုတ်လား။ တချို့ဆို ဘယ်လောက် အကြိုက်တူလည်းဆိုရင် အသုံးအဆောင်ပစ္စည်းတွေ က အစ အကြိုက်ခြင်းတူ နေတတ်ကြ တယ်လေ။

နောက်ပြီး မိတ်ဆွေကောင်းတွေဖြစ်ဖို့က တဦးကို တဦးက လေးစားမှုလည်းရှိဦးမှဖြစ်မှာလေ။ တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှု မရှိတော့တဲ့ ဆက်ဆံရေးဟာ အက်ကွဲနေတဲ့ မှန်တချပ်လိုပါပဲ။ အမြင်အရလည်း မကြည်လင် ထိခိုက်မိဖို့ အန္တရယ်လည်းရှိနိုင်တယ်ဆိုတော့ လွင့်ပစ်လိုက်တာကမှကောင်းသေး တယ်လေ။

မိတ်ဆွေ သူငယ်ချင်းကောင်းတွေမှာ ဘယ်သူက နောက်လိုက် ဘယ်သူကတော့ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ကင်းရှင်းပြန်သေးတယ်။ ဟုတ်တယ်လေ ငါကတော့ ဗိုလ်လုပ်မယ် မင်းကတော့ ငါ့လောက်မှမတော်လို့ ငါ့တပည့်လုပ်ဆိုရင်တော့ ဒီလို အထက်စီးဆံတဲ့ ဆက်ဆံရေးမျိုးဟာလည်း ဘယ်မှာလာပြီး တော့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးဖြစ်လာပါတော့မလဲ။

ဒါကို အယ်လ်ဘတ် ကမြူး (Albert Camus) က ဒီလိုဆိုမိန့်ခဲ့တယ် ငါ့နောက်က မင်း လိုက်နေလို့လည်း ငါဦးဆောင်လိမ့်မည် မဟုတ်၊ မင်းရှေ့ကသွားနေလို့လည်း မင်းနောက်လိုက် ငါဖြစ်လိမ့်မည် မဟုတ်၊ ငါ့ နံဘေးမှာ သူငယ်ချင်းအဖြစ်နဲ့ အတူတူလျှောက်စမ်းပါ၊ သူပြောတာလည်း ပညာရှိစကားမို့ မှန်လိုက် တာနော် ။

နောက်ပြီးတော့ မိတ်ဆွေကောင်းတို့ မည်သည် ဝေဖန်ပိုင်းခြား အကြံပေးမှုလည်းလုပ်ရပါသေးတယ်။ အမုန်းမခံ နိုင်လို့ဆိုပြီး မိမိ မိတ်ဆွေမှားနေတာကြီးကို မပြောပဲ သူဘာသူနောက်မှားတော့မှ သိသွားလိမ့်မယ် ဆိုတဲ့ အတွေးမျိုးရှိတဲ့ ဆက်ဆံရေးဟာလည်းကောင်းမွန်တဲ့ မိတ်ဆွေစစ်တို့ဆက်ဆံရေးမဟုတ်ပြန်ဘူး။

အဲ….ဒါပေမဲ့ မှားနေတယ်လို့ထင်တဲ့ အကြောင်းကိုတော့ တေ့တေ့ဆိုင်ဆိုင် ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန် လိုက်ပါ။ မျက်နှာချင်းဆိုင်မပြောချင်လို့ ကိုယ့်မိတ်ဆွေ နားထဲပြန်ပေါက်အောင်ဆိုပြီး တဖက်လှည့်နဲ့ တခြား သူတွေကို ပြောပြလိုက်တာဟာ သင့်မိတ်ဆွေ အမြင်မှာ သင်ဟာ နောက်ကွယ်မှာ အတင်းအဖျင်းပြော တတ်တဲ့သူဆိုပြီး အမြင်စောင်း သွားနိုင်သေးတယ်။

ဒါကို မာတင်လူသာကင်း ဂျုနီယာ (Martin Luther King Jr.) က ကျွန်ုပ်တို့ဟာ ရန်သူတို့ရဲ့ စကားသံတွေကိုသာ အမှတ်ရသင့်သည် မဟုတ်၊ မိတ်ဆွေတို့ရဲ့ ဆိတ်ဆိတ်နေမှုကိုလည်း အမှတ်ရသင့် ပေသည်။ ဒီတော့ မပြောမဆို ခပ်မဆိပ်မနေကြနဲ့နော်။

မိတ်ဆွေ လိုလို သူငယ်ချင်းလိုလို နဲ့ နောက်ကြော ဓါးနဲ့ ထိုးတဲ့သူတွေကိုတော့ နောက်နောက်ပြောင်ပြောင်နဲ့ "Frenemies" Half Friend, Half Enemy လို့ နာမည်သစ်ထွင်ထားသေးတယ်။ မှတ်သားစရာပေါ့လေ။ ဘဝမှာ သိက္ခာမရှိတဲ့ မိတ်ဆွေနဲ့ စီးချင်းထိုးရတာမျိုးထက်စာရင် ရန်သူနဲ့စီးချင်းထိုးရတာ ပိုပြီး ဂုဏ်ယူဖို့ ကောင်းတယ် မဟုတ်ပါလား။ သိက္ခာမရှိတဲ့ မိတ်ဆွေတွေနဲ့ စီးချင်းထိုးရတာ ဝမ်းနည်းရင်နာစရာ လည်းကောင်း တန်ဖိုးရှိတဲ့ အချိန်တွေကို လည်းဖြုန်းပစ်သလိုဖြစ်တာမို့ ဘာအကျိုးမှမရှိပါဘူး။

ရန်သူ့ရဲ့ ရန်သူ ဟာ မိတ်ဆွေ ပါတဲ့ ဒါဆှို ရန်သူ့ ရန်သူဟာကိုယ့်မိတ်ဆွေပေါ့။ ဒါကလည်း ပုံသေတော့ မဟုတ်ဘူးနော် ရန်သူ့ရဲ့ ရန်သူ ဟာ မိတ်ဆွေဆိုပေမဲ့ အဲဒီ မိတ်ဆွေက ဘယ်အတိုင်းအတာ အထိ ယုံကြည်ရမလဲ ဆိုတာစောင့်ကြည့်ရမယ်လေ။ ဘယ်အတိုင်းအတာအထိ ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင် မလည်းဆိုတာ အရေးကြီးသေးတယ်။

အပေါ်က အဆိုအမိန့်နဲ့ ပြောင်းပြန်က ရန်သူ ရဲ့ မိတ်ဆွေ ဟာရန်သူ တဲ့။ ဒါကတော့လုံးဝ မှန်တာပေါ့ ရန်သူ့ မိတ်ဆွေပါဆိုမှ ကိုယ့် အကျိုးလိုလားတဲ့ သူဘယ်ဖြစ်ပါတော့မလည်း။

အဲ .. မိတ်ဆွေစစ်တို့မည်သည် တကိုယ်ကောင်းဆန်လို့လည်းမရသလို စွန့်လွှတ်အနစ်နာခံမှုလည်းရှိရသေး တယ်။ ကိုယ့် အတွက်ကြီးပဲ ကြည့်နေရင်လည်း ကောင်းမွန်အောင်မြင်တဲ့ ဆက်ဆံရေးဖြစ်လာမှာ မဟုတ်ဘူးပေါ့။ ကမ္ဘာကျော် ဟဲဗီးဝိတ်ချံပီယန် မိုဟာမက် အလီ (Muhammad Ali) ရဲ့ အဆိုအမိန့်ကတော့ ရင်းနှီးမှုဆိုတာ ကျောင်းသင်္ခန်းစာမှာ ပြဒါန်းမထားဘူး ၊ ဒါပေမဲ့ ရင်းနှီးမှု ရဲ့ အနှစ်အဓိပ္ပါယ်ကို မလေ့လာရသေးဘူး ဆိုရင် ခင်ဗျားဘာတခုမှ မလေ့လာထားသေးဘူးဆိုတာ သိသာပါတယ် တဲ့။

ခင်မင်ရင်းနှီးမှုဆိုတာ လူသားတယောက်ရဲ့ စိတ်ဓါတ်ရှင်သန်ဖို့ အရေးပါတဲ့အရာဆိုတာကိုတော့ ကမ္ဘာကျော် ကဗျာဆရာ လည်းဖြစ် ပန်းချီကျော်ကြီးလည်းဖြစ်တဲ့ ဝီလျံမ် ဘလိတ် (William Blake) က ဌက် အတွက် အသိုက်မြုံ၊ ပင့်ကူ အတွက် ပင့်ကူမျှင် ၊လူသား အတွက် ခင်မင်ရင်းနှီးမှု လို့ ဆိုမိန့်ခဲ့ပါတယ်။

ကျမတို့ရဲ့ ဘဝမှာ ကိုယ့်အသက်ထက်များပြားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိခဲ့ကြတယ်ဆိုတာ အမှန်ပါပဲ။ ငယ်ဘဝတုန်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ကြီးတော့မှ သိကျွမ်းတဲ့ မိတ်ဆွေတွေ၊ အလုပ်ထဲမှာ ကျောင်းခန်းထဲမှာ၊ အပြင်လောကမှာ၊ အလွှာစုံ အသက်အရွယ်မျိုးစုံ က လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသလို အသက်မသေဆုံးခင် အချိန်အထိလည်း အသစ် အသစ်သော မိတ်ဆွေ သူငယ်ချင်းတွေ ထပ်၍ပို၍ တွေ့လာဦးမှာ အသေအချာပဲလေ။

မိတ်ဆွေ သူငယ်ချင်းတွေ အခြင်းခြင်းကြားက နွေးထွေးတဲ့ခင်မင်ရင်းနှီးမှု၊ အကြံဥာဏ်တွေ နားလည်မှုတွေ ဟာ ကျမတို့ အတွက် စိတ်ဓါတ်ကို အားဆေးတိုက်ကျွေးသလို အရေးပါအရာရောက်ပါတယ်။ တဦးနဲ့ တဦး သူငယ်ချင်း ဖြစ်အောင်လုပ်ဖို့က လွယ်ကူသလောက် ခင်မင်ရင်းနှီးမှုခိုင်မြဲဖို့အတွက်တော့ အချိန်အတော်ကြာ တည်ဆောက် ယူရပါမယ်။

ကျမတို့တွေ ဟာ တယောက်ကိုတယောက် မိတ်ဖွဲ့ကြ နှုတ်ဆက်ကြ ဒီက တဆင့်တိုးပြီး အကြိုက်တူ၊ ဝါဒတူ၊ စရိုက်တူတွေဖြစ်တဲ့ လူတွေဆို ပိုလို့ ခိုင်မြဲတဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်တဲ့ အချိန်မှာ။ အခန့်မသင့် လို့ မိတ်ဆွေက ရန်သူဖြစ်သွားရတာတွေ၊ လမ်းခွဲလိုက်တာတွေ ရှိလာတဲ့ အခါမှာ ခွင့်လွှတ်တတ် ဖို့လည်း အရေးကြီးပြန်ပါသေးတယ်။
အမေရိကန် သမတဟောင်း ဂျွန်အက်ဖ် ကနေဒီ (John F. Kennedy) ကတော့ ဒီလိုဆိုပါတယ် သင့် ရန်သူကို ခွင့်လွှတ်လိုက်ပါ၊ ဒါပေမဲ့ သူတို့ နာမည်များကို သင်ဘယ်တော့မှ မမေ့ပါနဲ့ ။

ကျမတို့တွေဟာ ဒီလောကကြီးထဲကို ခဏတာရောက်ရှိလာသူတွေပါ ဒီလောကထဲက ပြန်ထွက်သွားရတဲ့ အချိန်မှာလည်း ပိုင်ဆိုင်သမျှတွေ အားလုံးကို ထားခဲ့ကြရမှာပါ။ ကျမတို့ယူသွားနိုင်တာ အနည်းငယ်ပဲရှိပါတယ် အဲဒါကတော့ ကျမတို့ ချစ်သောမိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာတရား နဲ့ လွမ်းဆွတ်မှုတို့ ပဲဖြစ်ပါတယ်။ ။





စိုးသင့်ဆွေ
ဒီဇင်ဘာလ ၃ရက်၊ ၂၀၀၈
ည ၈း၄၅ မိနစ်

(ဓါတ်ပုံကို www.sxc.hu/profile/shirmpzaa မှ ယူပါသည်။ Free Photo Download ဆိုက်တခုဖြစ်ပါတယ်။)

Read More...

Monday, December 1, 2008

သီချင်းရုပ်ရှင်

ကျမ ရုပ်ရှင်ကြည့်ရတာ အင်မတန်မှကြိုက်နှစ်သက်ပါတယ်။ အထူးသဖြင့် ဒရမ်မာကားတွေကို ပိုကြည့် ဖြစ်ပါတယ်။ နောက်ပြီးတော့ သီချင်းရုပ်ရှင် (Musical Movie) တွေကြည့်ရတာ အလွန်ကြိုက်ပါတယ်။ သီချင်းရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်တဲ့ သူတွေဟာ သီချင်းဆိုပြီး ပြဇာတ်ဆန်ဆန် သရုပ်ဆောင်တာကို သဘောကျမိတယ်။ စိတ်ဆိုးလည်း စိတ်ဆိုးတဲ့ အလျှောက်၊ ဝမ်းနည်းလည်း ဝမ်းနည်းသွားတဲ့ အလျှောက် စကားမပြောပဲ သီချင်းဆိုပြီး သရုပ်ဆောင်မှုရဲ့နောက်ကို ဂီတကောင်းရင် ကောင်းသလို စီးမြောသွားရတာ ဆိုတော့ စိတ်ထဲမှာ ကြည်နှုး၊ ဝမ်းနည်း၊ ပျော်ရွှင် စတဲ့ ခံစားမှုရသတွေကို တေးဂီတလေးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ခံစားရတာကို ကြိုက်နှစ်သက်မိတာပါ။


အများအားဖြင့် သီချင်းရုပ်ရှင်တွေကို ပြဇာတ်အနေနဲ့ ဇာတ်ခုံပေါ်မှာ အောင်မြင်ပြီးမှ ရုပ်ရှင်အဖြစ်ဖန်တီး ထုတ်လုပ်တာပါ။ သီချင်းရုပ်ရှင်များရဲ့ အစဟာ ပြဇာတ်များဆီမှ အခြေခံပြီးပေါ်ပေါက် လာတယ်ဆိုလည်း မမှားပါဘူး။ ၁၉၃၀ မှ ၁၉၅၀ နှစ်အတွင်းမှာသီချင်းရုပ်ရှင်များရဲ့ အောင်မြင်မှုရှိဆုံး အချိန်ကာလတွေပါပဲ။ ပထမဦးဆုံး သီချင်းရုပ်ရှင်ဇာတ်လမ်းတိုတွေကို ၁၉၂၃-၂၄ ဝန်းကျင်တွေမှာ စတင်ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ တချို့ သီချင်းရုပ်ရှင်တွေမှာ မူရင်းပြဇာတ်ရဲ့ သရုပ်ဆောင် မင်းသား မင်းသမီးတွေကိုပဲ ပြန်လည် သရုပ်ဆောင် စေပါတယ်။

၁၉၅၀ ရှေ့ပိုင်း သီချင်းရုပ်ရှင်တွေကိုတော့ လက်လှမ်းမမီလို့ မကြည့်ဘူးပေမဲ့ ၁၉၅၀ ပြည့်လွန် နှစ်များက သီချင်းရုပ်ရှင်တွေကိုတော့ ကြည့်ဖူးပြီး အတော်များများကို ကြိုက်နှစ်သက်မိတယ်။ ထင်ရှားတဲ့ သီချင်းရုပ်ရှင်တွေ ကတော့ “The Sound of Music” “The King and I” “My Fair Lady” တို့ပါ။ ဒီရုပ်ရှင်တွေ အားလုံးဟာ ယနေ့အထိ ပြဇာတ်အနေနဲ့လည်း ကပြနေရဆဲဖြစ်တဲ့ အပြင် ဇာတ်ဝင်သီချင်း တွေဟာလည်း ယနေ့ခေတ် အထိ အရောင်းတွင်ကျယ် နေတုန်းပါပဲ။

၁၉၆၀ နောက်ပိုင်းမှာတော့ သီချင်းရုပ်ရှင်တွေမှာပါဝင်တဲ့ တေးဂီတသံစဉ်တွေဟာ ခေတ်ပေါ် ရော့ခ်၊ ပေါ့ပ် သံစဉ်တွေ အဖြစ်ပြောင်းလဲလာပါတယ်။ ရော့ခ် ဘုရင် အဲလ်ဗစ် ပရက်စလေ ရဲ့ သီချင်းရုပ်ရှင်တွေ ဟာလည်း အလွန် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ သူ့ရဲ့ "Jailhouse Rock" တို့ "Blue Hawaii" ဇာတ်ကားတွေဟာ ရုပ်ရှင်ကားရဲ့ ဝင်ငွေစံချိန်တင်မက ဇာတ်ဝင်သီချင်းခွေ ရောင်းအားမှာလည်း စံချိန်တင်နိုင်ခဲ့တဲ့ ဇာတ်ကား တွေပါ။ ၁၉၆၀ နောက်ပိုင်းကျတော့ သီချင်းရုပ်ရှင်တွေ အခန်းကဏ္ဍဟာ မှေးမှိန်သွားခဲ့ပေမဲ့ လုံးလုံးကြီး ပျောက်ကွယ် သွားတာတော့ မဟုတ်ပါဘူး။


၂၀၀၀ ခုနှစ် မတိုင်မီအစောပိုင်းကာလတွေမှာတော့ သီချင်းရုပ်ရှင်တွေ ပြန်ရေပန်းစား လာပါတယ်။ သီချင်းရုပ်ရှင် တကားဟာ ရုပ်ရှင် အနေနဲ့အောင်မြင်ပြီဆိုရင် ဇာတ်ကားပြသလို့ရတဲ့ ဝင်ငွေ အပြင် ဇာတ်ဝင်တေးသီချင်းတွေကို ရောင်းရတဲ့ ဝင်ငွေကလည်း မက်မောလောက်စရာမို့ ပြန်လည်ရိုက်ကူး လာကြတာလည်းဖြစ်နိုင်ပါတယ်။ ၂၀၀၀ခုနှစ် နောက်ပိုင်းမှာ ဝင်ငွေကောင်းခဲ့တဲ့ သီချင်းရုပ်ရှင်တွေလည်း အတော်များပါတယ်။ အသစ်ဖန်တီး တင်ဆက်တဲ့ "Moulin Rouge!" ၊ "High School Musical" တို့လို ရုပ်ရှင်တွေ အပြင်၊ ပြဇာတ်လောကမှာ အောင်မြင် ထင်ရှားနေတဲ့ "Chicago" ၊ "The Phantom of the Opera"၊ "Mamma Mia!" ဇာတ်လမ်းတွေကိုပါ ရုပ်ရှင်အဖြစ် ရိုက်ကူး ခဲ့ကြပါတယ်။


၁၉၉၆ မှာ ရိုက်ကူးခဲ့ပြီး ပေါ့ပ်ဘုရင်မ မက်ဒေါနား (Madonna) နဲ့ မင်းသား အန်တိုနီယို ဘန်ဒဲရက်စ် (Antonio Benderas) ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အီဗီတာ "Evita" ကတော့ ကျမရဲ့ အနှစ်သက်ဆုံး သီချင်းရုပ်ရှင် တခုပါ။ ဇာတ်လမ်းက အာဂျင်တီးနားနိုင်ငံ ရဲ့ သမတကတော် မစ္စ အီဗာ ဒူအာတီ ဒီ ပဲရွန် (Eva Duarte de Perón) ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်နဲ့ အဆိုတော် မက်ဒေါနားကို သရုပ်ဆောင်ကောင်း တယောက်အဖြစ် တကမ္ဘာလုံးက အသိမှတ်ပြုခဲ့ရတဲ့အပြင် သူမဟာ အကောင်းဆုံးမင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း ကတော့ အောက်ခြေလူတန်းစား အလွှာက မိန်းမပျိုလေး တဦးဘဝကို ရုန်းကန်ခဲ့ရပုံ၊ သူမရဲ့ အလှကို ခုတုံးလုပ်ပြီး ဘဝမြင့်တက်ဖို့အတွက် ယောင်္ကျားသားတွေ ကိုအသုံးချခဲ့ပုံ၊ အောက်ဆုံး အလွှာကနေပြီး တဖြေးဖြေး ရုပ်ရှင်မင်းသမီး ဖြစ်လာခဲ့ပြီး ဗိုလ်မှုး တယောက်(နောက်ပိုင်း အာဏာရှင်စနစ်ကိုဆန့်ကျင်သူ နိုင်ငံရေးသမား) နဲ့ ချစ်ကြိုက်ခဲ့ပြီး နောက်မှာ နိုင်ငံရေးနယ်ပယ် ထဲရောက်လာကာ ချစ်သူ ထောင်ကျနေခိုက်မှာ အာဏာရှင်စနစ်အောက်က အာဂျင်တီးနား နိုင်ငံလွှတ်မြောက်ဖို့ သူကိုယ်တိုင် လူထုနဲ့ တိုက်ပွဲဝင်ခဲ့ပုံ၊ အထက်တန်းလွှာကလူများက သူမအား အထင်အမြင်သေးပုံ။

နောက်ဆုံးမှာတော့ အာဂျင်တီးနားနိုင်ငံရဲ့ သမတကတော်အဖြစ် ရောက်ရှိသွားခဲ့တယ်။ လူထူနဲ့ တသားထဲရှိတဲ့ စိတ်ဓါတ်ကြောင့် လူထုရဲ့ ချစ်ခင်မှုကိုရရှိခဲ့ပုံတွေ အပြင်၊ သူမရဲ့ အဝတ်အစားဖက်ရှင်ဒီဇိုင်းတွေကို ကမ္ဘာကတောင် ဂရုစိုက်စောင့်ကြည့်ခဲ့ရပုံတွေ နောက်ဆုံးတော့ ကင်ဆာရောဂါဖြစ်ပြီး အသက် ၃၃နှစ် အရွယ်မှာ သေဆုံးသွားပါတယ်။ သေဆုံးချိန်မှာ ပြည်သူတွေဟာ နှမြောတသဖြေ မဆည်ပုံစတဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားပါတယ်။

ဒီနေရာမှာ သရုပ်ဆောင်မင်းသမီးကိုယ်တိုင်က အဆိုတော်လည်းဖြစ်ပြန် အကမှာလည်းတော်ပြန်ဆိုတော့ အဆိုရော အကပါ အသားပေးရိုက်ကူးထားပါတယ်။ သီချင်းရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ဇာတ်မှာပါဝင်တဲ့ သရုပ်ဆောင်တွေပါ အားဖြည့်အသုံးတော်ခံကြတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပိုကြည့်လို့ကောင်းပါတယ်။ သီချင်း စာသားတွေကလည်း အထူးကောင်းမွန်နေပါသေးတယ်။

သီချင်းရုပ်ရှင်တွေမှာ ဇာတ်လမ်းပြောပြသူ တယောက်ကိုလည်းဇာတ်ကောင်တယောက် အနေနဲ့ထည့်သွင်း တတ်ပါတယ်။ ဒါကတော့ ပြဇာတ်ကတဲ့ အခါမှာ ဇာတ်ခုံပေါ်မှာ ဇာတ်လမ်းပြောပြတဲ့ သူတယောက် အမြဲထည့်သွင်းလေ့ရှိတဲ့ အလေ့အထကို ရုပ်ရှင်မှာပြန်သုံးထားတာပါ။ ဇာတ်ခုံပေါ်မှာတော့ ဒီလို ဇာတ်လမ်းပြောပြသူ ဟာ အမဲရောင်ထက်အောက်ဆင်တူ ဝတ်စုံကိုပဲ ဝတ်ဆင်ရပါတယ်။ ဒါမှလည်း တခြားလူတွေဝတ်ဆင်တဲ့ အရောင်တွေ ကွဲပြားအောင်လို့ပါ။ အီဗီတာ ရုပ်ရှင်ကားမှာတော့ မင်းသား အန်တိုနီယို ဘန်ဒဲရက်စ် က ဇာတ်လမ်းပြောပြသူ အဖြစ်ပါဝင် ထားပါတယ်။

တကယ့်ပြင်ပလောက မှ ဇာတ်ကောင် သမတကတော် အီဗာ ဟာ အဲဒီခေတ်အခါက ဖက်ရှင်ဒီဇိုင်း နတ်ဘုရားမ တဆူ ဖြစ်ခဲ့ပြီး သူဝတ်ဆင်သမျှကို အာဂျင်တီးနားပြည်သူတွေသာမက နိုင်ငံတကာကပါ အတုခိုးခဲ့ရ ပါတယ်။ အဲ သရုပ်ဆောင်ရတဲ့ မင်းသမီး မက်ဒေါနားဟာ ဒီရုပ်ရှင်မှာ ဦးထုပ် ၃၉လုံး၊ ဖိနပ် ၄၅ရံ၊ နားကပ် ၅၆ရံ ဝတ်ဆင်ခဲ့ပြီး အဝတ်အစားအမျိုးမျိုးကို ၅၈ကြိမ်လဲလှယ်ခဲ့လို့ ကမ္ဘာ့ဇာတ်ဝင်အဝတ်အစားအများဆုံးလဲလှယ်သူ အဖြစ် ဂရင်းနစ်စံချိန်ဝင်သွားပါသေးတယ်။

ဒီဇာတ်ကားကို သာမာန် ဖျော်ဖြေရေး အနေနဲ့ပဲ ကြည့်ကြည့် အာဂျင်တီးနားနိုင်ငံရဲ့ သမိုင်းအထောက်အထား တခုအနေနဲ့ပဲကြည့်ကြည့် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တခုဖြစ်ပါတယ်။ တကယ်လို့များ ဒါရိုက်တာပေးချင်တဲ့ ရသတွေကို မြင်ရင်မြင်တတ်သလို မိန်းမငယ်လေး တယောက် ဘဝကို ရေစုန်မြောမလိုက်ပဲ အရှုံးမပေးတမ်း ရင်ဆိုင်ပုံ၊ သူမရဲ့ ချစ်သူအပေါ်စွန့်လွှတ် အနစ်နာခံပုံတွေ၊ နိုင်ငံ့အရေးအတွက် နိုင်ငံရေးဗဟုသုတမရှိပေမဲ့ သူ့ကိုယ်စွမ်းရှိသလောက် လုပ်ဆောင်ပုံတွေကို ခံစားနိုင်ပါတယ်။

ကျမကတော့ ဒီရုပ်ရှင်ကားကိုနှစ်သက်လို့ ၁၀ ခါထက်မနည်းကြည့်ခဲ့ဖူးပါတယ်။ ကြည့်တဲ့အခါတိုင်းမှာလည်း ပိုလို့နှစ်သက်မိပါတယ်။ မက်ဒေါနားရဲ့ သရုပ်ဆောင်ကောင်းမှု ဇာတ်ကောင်စရိုက်ဈန်ဝင်စားမှု ဟာ ဒီရုပ်ရှင်ကား ကို အောင်မြင်စေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ကြည့်ပြီးသား ကြိုက်ပြီးသား ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မကြည့်ရသေးတဲ့သူတွေကိုတော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ လက်တို့လိုက်ချင်ပါတယ်။

ကျမကြိုက်တဲ့ တချို့ သီချင်းရုပ်ရှင်လေးတွေကို youtube ကရှာပြီး အပေါ်က ဇာတ်ကားနာမည်တွေမှာ လင့်လုပ်ပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဦး ကြိုက်ကြမယ် ထင်ပါတယ်။

(ကျမတို့မောင်နှမတွေကို ငယ်ကတည်းက သီချင်းရုပ်ရှင်လေးတွေကို စိတ်ဝင်စားလာအောင် ပြသပြီး စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ သူတို့ ကိုယ်တိုင်လည်း သီချင်းရုပ်ရှင်တွေကို အင်မတန်ကြည့် အင်မတန်ကြိုက်ကြတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမရဲ့ အဖိုး ဦးဘသန်း နှင့် ဘဘကြည်မောင် တို့ အတွက် ဒီစာလေးကို အမှတ်တရ ရေးသားပါတယ်။)




စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁ရက်၊ ၂၀၀၈
နေ့လည် ၃း၁၈ မိနစ်

မှီငြမ်းကိုးကား ။ ။ Wikipedia The Free Encyclopedia (Musical Movie, Evita)
ဓါတ်ပုံ ။ ။ From Wikipedia The Free Encyclopedia, My Fair Lady and Evita


Read More...

Wednesday, November 26, 2008

ဘီလီ ရဲ့ အိမ်ကလေး


ဘီလီ တယောက် ပရမ်းပတာ လှုပ်ခါရမ်းနေတဲ့ အလုံပိတ်ကုန်တင်ကား အသေးလေး ရဲ့ နောက်ခန်း မှာ ငိုက်မြည်းရင်းလိုက် ပါလာတယ်။ ကားကို မောင်းနေတာက သူ့ရဲ့ ကြီးကြပ်ရေးမှုး စမစ်။ သူတို့ နှစ်ယောက်လုံးက မိုးပျံတိုက်တွေရဲ့ မှန်ပြူတင်းတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ကုမ္ပဏီက ဝန်ထမ်းတွေ။ စမစ် ကတော့ လုပ်သက် ၁၀နှစ်ထက် မနည်းရှိပြီ။ ဘီလီကတော့ အလုပ်ဝင်တာ တပတ်ပဲရှိသေးတယ်။

သူကဒီအလုပ်ကို သဘောကျ၍ ဝင်လုပ်သည်မဟုတ်။ ငတ်၍လုပ်ရခြင်းဆို ပိုမှန်မည် အရင်က သူက နယူးယောက်မြို့ကြီးမှာနေသည် မဟုတ် နယူးယောက်ပြည်နယ်ထဲမှာပါတဲ့ အယ်ဘာနီမြို့က ဘီလီချက်မြုတ် မွေးရပ်နယ်။ ဒါဖြင့်ဘာလို့ နယူးယောက်မြို့ကြီး မှာ အလုပ်လာလုပ်နေပါသလဲဟုသော မေးခွန်းကို ဘီလီ အားမေးလျှင် သူမဖြေချင်ဆုံး မေးခွန်းကိုမှ အလိုက်မသိ မေးခြင်းဖြစ်နေလိမ့်မည်။

ဘီလီ ငိုက်မြည်းရာက သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း ကားပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့် လိုက်တယ်။ နယူးယောက်မြို့ရဲ့ လမ်းမတွေပေါ်မှာကားတွေ၊ လူတွေ ရှုပ်ရှက်ခက်နေသည်။ တိုက်တွေက ပြွတ်ကျပ်ညှပ်သပ် မီးပွိုင့်စိမ်းနေတာတောင် လမ်းကို အလျင်စလိုဖြတ်ကူးနေတဲ့လူတွေက လှစ်ကနဲလှစ်ကနဲ။ ဒီကြားထဲ အဌားယာဉ် တွေက စည်းမဲ့ကမ်းမဲ့ ဟွန်းတွေ တီးလိုတီး ကားတစ်စီးနဲ့ တစ်စီးကြားထဲ ဖြတ်ကျော်တက်။

စိုက်ကြည့်နေရင်း ရုတ်ခြင်း သူ့မျက်လုံးတွေကို ကယောင်ကတမ်းပိတ်လိုက်မိတယ်။ သူမျက်လုံးတွေထဲမှာ အရာဝတ္ထုတွေက ပုံသဏ္ဍန်မသဲကွဲတော့ဘူး အလင်းရောင်တွေ၊ မဲမဲ အရိပ်တွေ၊ လူတွေဝတ်ထားတဲ့ အင်္ကျီအရောင်တွေ ဒါတွေပဲမြင်တော့တယ်။ မျက်လုံးထဲ ယိမ်းးထိုးနေတဲ့ အရိပ်တွေပျောက်အောင် သူ့မျက်လုံး တွေကို မှိတ်ထားလိုက်ရင်း ကိုင်ထားတဲ့ ကော်ဖီခွက်ကို တကျိုက်မော့သောက် လိုက်တယ်။

ကားကတော့ ဆက်သွားနေဆဲ။ ကွေ့လိုက်ရပ်လိုက်၊ အရှိန်မြှင့်မောင်းလိုက် နှေးသွားလိုက်နဲ့ တော်တော်ကြာ မောင်းပြီးတော့မှ ကားကရပ်တန့်သွားတယ်။ ခဏနေတော့ ကားနောက် တံခါးကို စမစ်က လာဖွင့်တယ်။ နောက်ခန်း တံခါးကိုဖွင့်လိုက်တော့ အလင်းရောင်စူးစူးတွေ မျက်လုံးထဲတမ်းဝင်လာလို့ ဘီလီ သူ့မျက်လုံးတွေကို လက်နဲ့ကာ ထားလိုက်တယ်။
“ဆင်းတော့လေ ကိုယ့်လူ ရောက်ပြီ …..အောင်မယ် မောင်ရင် က နောက်ခန်းထဲ အိပ်ပျော်လာသကိုး” ကြီးကြပ်ရေးမှုးစမစ် က သူကိုနောက်လိုက်တယ်။

ဘီလီကတော့ ခုနက အမြင်အာရုံမသဲကွဲတာရော နောက်ခန်းထဲ မှာ တော်တော်ကြာကြာ ထိုင်နေတာရောကြောင့် သူ့မျက်လုံးတွေက အလင်းရောင်ကိုတောင် ကောင်းကောင်းကြည့်လို့ မရသေးဘူးဖြစ်နေတယ်။ ခနကြာတော့ မျက်လုံးတွေကျင့်သားရသွားတော့မှ စမစ်ကိုရှာလိုက်တော့ သူတို့အလုပ်လုပ်ရမဲ့ တိုက်ရှိရာစင်ဝင်အောက်ကို စာရွက်တရွက် ကိုင်ပြီးတော့ သွားနေတာတွေ့ရတယ်။ သူတို့ အလုပ်စဖို့တိုက်က တာဝန်ရှိသူတွေနဲ့ သွားတွေ့ တာဖြစ်မယ်။

ဒီ ၈၇လမ်း၊ ၈၆လမ်းဆိုတဲ့နေရာတွေက လူကုံတန်တွေ နေတဲ့နေရာ နယူးယောက်မြို့ မက်ဟန်တန်အပိုင်းမှာတော့ သူဌေးတွေနေတဲ့ ရပ်ကွက်။ ခြံတွေဝင်းတွေနဲ့တော့ မဟုတ် ကွန်ဒိုမီနီယန် တိုက် တွေ ဒါမှမဟုတ် စစ်ပြီးခေတ်က ဆောက်လုပ်ထားတဲ့တိုက်တွေ။ မိုးပျံတိုက်တွေလောက်တော့ မမြင့်။ ဒါပေမဲ့ အနည်းဆုံးတော့ ၁၀ ထပ်၊ ၁၅ ထပ်လောက်တော့ရှိသည်သာ။

ဒီလို အလုပ်မျိုး သူ့တသက် လုပ်ရလိမ့်မယ်လို့ ဘီလီ ဘယ်တုန်းကမှ မတွေးမိ။ ပြီးခဲ့တဲ့ ၂နှစ်လောက်အထိက ဘီလီ အတွက် သာသာယာယာပဲရှိသေးတယ်။ ဘီလီ ဘဝအစ က မိဘမဲ့ဂေဟာမှာ မိဘတွေဘယ်သူ ဘယ်ဝါဆိုတာ ယနေ့အထိမသိ။ သူ့ကိုအဝေးပြေး ကားရပ်နားတဲ့ နေရာတခုမှာ လူတယောက်က တွေ့ခဲ့ပြီး မိဘမဲ့ဂေဟာကို ပို့ပေးခဲ့ခြင်း။ သူက ဥာဏ်ရည်လည်းနိမ့်ပါးတယ်ဆိုတော့ ဒီ အလယ်တန်း ပညာကိုပြီး အောင်သင်နိုင်တာကိုပဲ ဂေဟာက ဆရာမတွေက ဝမ်းသာလှပြီ။

အလယ်တန်းအောင်ပြီးတော့ ဘီလီ အလုပ်စရှာတယ် ဘဝအတွက် အာမခံချက်ရှိမဲ့ အလုပ်မျိုးကိုလုပ်ချင်ပေမဲ့ သူ့မှာ အတန်းပညာကလည်း မရှိတော့ အလုပ်တခုရဖို့ အတော့်ကိုခက်ခဲရှာခဲ့ရတယ်။ ဒီလိုနဲ့ ဂေဟာက ဆရာမကြီးကောင်းမှုနဲ့ ဘီလီ မွေ့ရာတွေ ချုပ်တဲ့ စက်ရုံကြီးမှာအလုပ်ရတယ်။

ပထမတော့ သူ့ အလုပ်က ချုပ်ပြီးလို့ပါကင်ပိတ်ပြီးသား မွေ့ရာတွေကို ဘီလီတို့လို အလုပ်သမားတွေက သုံးခု တစည်းဖြစ်အောင်တွဲပြီး သစ်သားပြားတွေပေါ် တင်ထားပေးတယ်။ ဒါကိုမှ ဖော့ခ်ကလစ် (forklift) မောင်းတဲ့ သူတွေက သယ်ပြီး ကုန်လှောင်ရုံထဲကိုပို့တယ်။ အဲဒီ ဌာနမှာ တနှစ်လုပ်ပြီးတော့မှ ဘီလီ ချုပ်ပြီးသား မွေ့ရာတွေ ကို ပါကင်ပိတ်တဲ့ ဌာန ဘက်ကိုပြောင်းရတယ်။ သူရာထူးတိုးသွားတဲ့ သဘောပေါ့လေ။

အဲဒီဌာနမှာ သူ့ဇနီးဖြစ်လာမဲ့ မန်ဒီ့ ကို စတွေ့တာပေါ့။ သူ့ဇနီးဖြစ်မဲ့ မန်ဒီ ကလည်းသူ့လိုပဲ မိဘမဲ့ ဥာဏ်ရည်နိမ့် သူတယောက်ပဲ ဒါပေမဲ့ သူမလေးမှာ တော်တဲ့ အရည်အချင်းလေးတခုကတော့ သူမကို တကယ်မေတ္တာရှိတဲ့ ဘီလီ့ လိုလူမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်ခဲ့ခြင်းပါပဲ။

တကယ်တော့ ဘီလီ က လူညံ့လေးတယောက် မိန်းကလေးနဲ့ ပတ်သက်ရင် ဘာအတွေ့ အကြုံမှ ရှိဖူးတဲ့ ကောင်လေး မဟုတ်တော့။ မန်ဒီ့ကို အပြင်ခေါ်ပြီး ဒိတ်(Date) ဖို့ အတော်လေးကို အကျပ်ရိုက်ရတယ်။ စကားမရှိ စကားရှာပြီး မန်ဒီ့ နားမှာ တဝဲလည်လည်လုပ်နေတာကို အတူအလုပ်လုပ်နေတဲ့ သူတွေက သိတော့မှ။ ဘီလီကို မြှောက်ထိုးပင့်ကော်နဲ့ ဟိုလိုပြော ဒီလိုပြော ဆိုပြီး ဆေးမှီးတိုတွေပေးတော့မှ ဘီလီ နဲ့ မန်ဒီ တို့ ဇာတ်လမ်းက စဖြစ်တော့တယ်။ ဒါတောင်မှ ပထမဆုံး အပြင်ခေါ်သွားတဲ့နေ့မှာ ဘီလီက မန်ဒီ့ အတွက် နှင်းဆီပန်းလေး ယူခဲ့ဖို့ မေ့လာသေးတယ်။

သူတို့နှစ်ယောက် ဟာ ပထမတော့ ဘာစကားမှ မပြောပဲ ပလက်ဖေါင်းပေါ်နင်းလို့ ထွက်လာတဲ့ သူတို့ ခြေသံတွေ ကိုနားထောင်ရင်း လမ်းကိုဦးတည်ရာမဲ့ လျှောက်နေကြတယ်။ ခဏကြာတော့ မန်ဒီ က စိတ်မရှည်တော့ဘဲ……

“ဒီမှာ ကိုဘီလီ .. ရှင် ဒီအတိုင်းပဲ ဦးတည်ရာမဲ့ ဆက်လျှောက်နေဦးမယ်ဆိုရင်တော့ ကျမ အဆောင်ကိုပဲ ပြန်တာကောင်းလိမ့်မယ်ထင်တယ်” လို့ပြောလိုက်တော့မှ ဘီလီလည်း မန်ဒီ့ လက်ကိုဆွဲပြီး အနီးပါးနားမှာ ရှိတဲ့ စားသောက်ဆိုင်လေး တဆိုင်ကို ဝင်ထိုင်ဖြစ်တယ်။ အဲဒီ စားသောက်ဆိုင်လေးက အပြန်မှာတော့ ဘီလီက မန်ဒီ့ကို ချစ်ရေးဆိုခဲ့တယ်။

နှင်းမှုန်မှုန်လေးကျနေတဲ့ ဇန်နဝါရီလကုန်ဆုံး ခါနီးညလေးတညမှာတော့ မန်ဒီ့ ဆီက အချစ်ကို ဘီလီရခဲ့တယ်။ သူ့ ဘဝမှာ အပျော်ဆုံးနေ့ ပါပဲ။ ဘီလီရော မန်ဒီပါ တွယ်တာစရာ ဆိုလို့ ဆွေမျိုးတဦးတလေ မှ မရှိတော့ သူတို့ နှစ်ဦးဟာ အတော့် ကိုချစ်ကြတယ်။ ရဲဘော်ရဲဘက်၊ တိုင်ပင်ဖေါ်တိုင်ပင်ဖက်၊ သူတို့နှစ်ဦး ဟာ တယောက်ကို တယောက် မတွေ့ရရင် နေမထိ ထိုင်မသာကိုဖြစ်လို့။ မန်ဒီ့ ဆီက ချစ်အဖြေရပြီး နွေဦးပေါက်ရောက်တော့ သူတို့ နှစ်ဦး မင်္ဂလာဆောင်လိုက်ကြတယ်။

ဘီလီ့ အတွက်လည်း အဲဒီနှစ်နွေရာသီ ဟာ စုတ်လည်းဝင် လာဘ်လည်းဝင်။ လက်ထပ်ပြီးမကြာမီမှာ ဘီလီ ပါပင်ဌာနမှာ ကြီးကြပ်ရေးမှုးရာထူး အဆင့်တိုးသွားတယ်။ အဲဒီတော့ အမေရိကန်တွေရဲ့ အိပ်မက်တခုဖြစ်တဲ့ ကိုယ်ပိုင်အိမ်ရာနဲ့ နေထိုင်နိုင်ရေးဆိုတာကို ဘီလီ က အသေအချာမက်ပစ်လိုက်တော့တယ်။

ဘီလီ ဝယ်လိုက်တဲ့အိမ်လေးက ကုန်းမြင့်လေးပေါ်က အိမ်လေး။ အိမ်လေးက သိပ်မကျယ်လွန်း မကျဉ်းလွန်း မိသားစု တစု အတွက်တော့ နေလောက်အောင်ကျယ်ဝန်းတဲ့ အိမ်လေး။ ဘီလီကိုယ်တိုင် ဆေးအဖြူရောင်လေး ပြန်သုတ်ထားတယ် ။ အိမ်လေးရဲ့မျက်နှာစာ အဝင်လမ်း ဘေးတဖက်တချက်မှာ ပန်းပင်ရောင်စုံလေးတွေကို စိုက်ထားသေးတယ်။ ကုန်းဆင်ခြေလျောမြေနေရာလေးကိုတော့ မြက်ပင်စိမ်းတွေကိုလည်း စနစ်တကျ မွေးမြူထားသေးတယ်။ အဲဒီမြက်ခင်းလေးထဲမှာ ရေပန်းလေးတခု နဲ့ ရေကန်လေးတကန်ရှိတယ်။ ရေကန်ထဲမှာတော့ ဘီလီ့ အကြိုက် ရွှေငါးလေး တွေမွေးထားတယ်။ တောင်ကုန်းပေါ်ကအိမ်လေးကို မြင်လိုက်တဲ့သူမှန်သမျှ စိမ်းစိုလန်းဆန်းမှုကို ခံစားသွားရတာကြီးပဲ။

ဘီလီ ရော မန်ဒီ ပါ နှစ်ယောက်လုံးက မိဘမဲ့ဂေဟာတွေမှာ ကြီးပြင်းလာရတော့ မိသားစု အိမ်လေး ဆိုတာကို သူတို့ဘဝမှာ အလိုချင်ခဲ့ဆုံး။ ခုတော့ ဘီလီ့ဆန္ဒတွေပြည့်ဝခဲ့ပြီ။ သူ့ဘဝမှာ ကားနဲ့ အိမ်နဲ့ မယားအလှနဲ့။ နောက်တော့ ဘီလီတို့ အိမ်ထောင်မှာ သားလေးတယောက်တိုးပွားလာတယ်။ ဘီလီ ကတော့ အလုပ်ကို အရင်ထက် နှစ်ဆပိုလုပ်တယ်။ အချိန်ပိုတွေ ဆင်းတယ် သူများခွင့်ယူတယ် ဆိုလို့ ဘီလီ ကို အစားဝင်ခိုင်း ရင်လည်း ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်လိုက်တာပဲ။

အဲ အိမ်ထောင်သက် ၇ နှစ်ကြာတော့မှ ဘီလီ အလုပ်လက်မဲ့ဖြစ်တော့တာပဲ။ ဒီနှစ် အတွင်း အမေရိကမှာ စီးပွားရေးဆုတ်ကပ် ကြီးထဲမှာ ဘီလီတို့ စက်ရုံဟာလည်း စီးပွားရေးကျတဲ့အတွက် လူလျော့တဲ့ အထဲမှာ ဘီလီ ပါသွားတယ်။ အဲဒီ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် မန်ဒီကလည်း အသည်းအသန် မမာဖြစ်တယ်။ ဘီလီ့မှာ အလုပ်ပြုတ်လို့ နောက် အလုပ်ရှာမယ်ကြံကာရှိသေး မန်ဒီက အပြင်းဖျားတော့ လူမမာ ကို ပြုစုရ၊ လူမမယ် သားလေးကို ထိမ်းကျောင်းရနဲ့ အတော့်ကို အလုပ်ရှုပ်သွားတယ်။

အဲ ကံကြမ္မာ မုန်တိုင်းက မပြီးသေးဘူး အကြွေးတွေက ပတ်လည်ဝိုင်းလို့နေတယ်။ အလုပ်ပြုတ်လို့ အလုပ်သမား နစ်နာကြေးတော့ ရပါရဲ့ ဒါကလည်း ပေးစရာရှိတဲ့ အိမ်ဖိုး၊ အကြွေးဝယ်ကတ်၊ ကားဖိုး၊ ဒါတွေအတွက်တော့ မလုံလောက်။ အိမ်ဖိုးမပေးနိုင်တာက ဘီလီ့ အတွက် အကြီးမားဆုံးပြဿနာ။ သူတို့မြို့မှာက စက်ရုံတွေများတော့ စက်ရုံတွေရပ်ရင် လူတွေလည်းစက်ရုံတွေနဲ့ အတူတူ အလုပ်နားလိုက်ရတာပဲ။ တခုပဲရှိတယ် မရပ်နိုင်တာက ဘီလီတို့ လို အလုပ်လက်မဲ့တွေ ခံစားနေရတဲ့ သောကတွေ။

သူ့ အတွက်တော့ မနက်ဆို အလုပ်ရှာထွက်မယ် ညနေခင်းဆို အလုပ်မရလို့ စိတ်ဓါတ်ကျပြီးပြန်လာမယ်။ လက်ထဲမှာလည်း အမြဲ ပုလင်းတလုံးပါလာမယ်။ ညဆိုမူးမယ် ဒါကလည်း သူခံစားနေရတဲ့ ပူပင်သောကတွေကို ခဏတာတော့ ဖျောက်ဖျက်နိုင်ကောင်းမယ်လို့ သူထင်လို့ပဲ။ အဲလိုနဲ့ နေလာတာ ဘီလီတယောက် အလုပ်လက်မဲ့ ဖြစ်တာ ၅လ လောက်ရှိလာပြီ စုထားဆောင်းထားတာလေးတွေလည်း အိမ်ဖိုးပေးရတာနဲ့ လုံးပါးပါးလာပြီ။ အခုချိန်အထိ အလုပ်တခု မယ်မယ်ရရ မရသေး။ နောက်လ အိမ်ဖိုးငွေပေးဖို့တောင် လက်ထဲမှာ ပိုက်ဆံက မပြည့်ချင်တော့။ ဒီအိမ်လေးကိုတော့ သူအဆုံးမခံနိုင် အိမ်ဝယ်တာကြာပြီဆိုတော့ ကြွေးအပြည့် ဆပ်နိုင်ဖို့ သိပ်မလိုတော့။ ခုချိန်မှတော့ ပိုက်ဆံ မပေးနိုင်လို့ဆိုပြီး အိမ်လေးကို လက်မလွတ်လိုက်ချင်။ ဒီအိမ်လေးက သူ့ဘဝဆိုလည်း ဟုတ်တယ်၊ သူ့မိသားစုအိမ်လေးဆိုလည်း ဟုတ်တယ်။

ဘီလီ့မှာ သောကတွေဝင်လာပြီး အိပ်မပျော်တဲ့ညတွေများလာတယ်။ ညဦးပိုင်းမူးအောင် သောက်ထားတုန်း ခဏပဲ အိပ်ပျော်တယ်။ ညဥ့်လယ်လောက်ကျ့ နိုးလာပြီး မိုးလင်းတဲ့ အထိပြန်အိပ်မပျော်တော့။ မန်ဒီက ပြောတယ် ရှင်က အိပ်ပျော်နေလည်း ဂယောင်ကတမ်းနဲ့ ဘာတွေပြောနေမှန်းလည်း မသိဘူးတဲ့။ သေချာတာ က သူဟာ သောကတွေကို အိပ်မက်ထဲထိ သယ်သွားမိတယ်ဆိုတာပဲ။ သူ့ကိုယ်သူ သတိမထားမိလိုက်တဲ့ အချိန်မှာပဲ သူဟာ အရက်စွဲနေခဲ့ပြီ။

ဒီလိုအချိန်မှာပဲ နယူးယောက်မှာ အလုပ်သွားလုပ်နေတဲ့ သူငယ်ချင်းတယောက်နဲ့ အဆက်အသွယ်လုပ်မိရင်း မြို့ပေါ်မှာတော့ အလုပ်တခုမဟုတ်တခု ရနိုင်ကောင်းရဲ့ ဆိုပြီး သူ နယူးယောက်မြို့ပေါ်ကို တက်လာခဲ့တယ်။ သူနေထိုင်တဲ့မြို့မှာတော့ အလုပ်တွေရှားပါးစပြုနေပြီဆိုတော့ သူ့မှာ ရွေးချယ်စရာ လမ်းမရှိတော့။

ဘီလီ ဟာ သူ့ကိုယ်သူ ယောက်ရက်ခပ် ရှုပ်ပွနေတဲ့ ဘယ်သောအခါကမှ အိပ်မောကျခဲ့ဟန်မတူတဲ့ မြို့တော်ကြီး တခုထဲကို ပစ်ချလိုက်တယ်။ သူ့လို အလယ်တန်းပညာပဲအောင်ထားတဲ့ သူတယောက်အတွက်တော့ မြို့တော်ကြီး က အနည်းဆုံး အလုပ်ကြမ်းတခုခုတော့ ပေးနိုင်ကောင်းပါရဲ့လို့သူတွေးထင်ထားတယ်။ သူငယ်ချင်းရဲ့ အကူအညီနဲ့ မိုးပျံတိုက်တွေရဲ့ ပြူတင်းပေါက်တွေသန့်ရှင်းတဲ့ ကုမ္ပဏီမှာသူအလုပ်ရခဲ့တယ်။

“ကဲ..ကိုယ့်လူ အလုပ်စလို့ရပြီဟေ့ …” ဘီလီ ပုခုံးကို စမစ် ပုတ်လိုက်တာဟာ သူ့ကို အတိတ်က လှုပ်နိုးလိုက်သလိုဖြစ်သွားတယ်။

ကားထဲက လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို သယ်ထုတ် စမစ် ခိုင်းတာတွေကို လုပ်ရင်းနဲ့ သူ အလုပ်ရှုပ်နေ တော့တယ်။ တကယ်တော့ တိုက်အထပ်အမြင့်တွေရဲ့ ပြူတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်ရတာ အန္တာရယ် အတော်များတယ်။ တိုက်ခေါင်မိုးပေါ်က ကြိုးနဲ့ ဆိုင်းချထားတဲ့ ပုခက်လိုမျိုး ခါးစောင်းလောက်မြင့်တဲ့ သံပိုက် တွေတန်းပြီး အကာရံသဘောလုပ်ထားတဲ့ အခင်းသာပါပြီး အမိုးမပါတဲ့ ၆ပေ လောက်ရှည်တဲ့ နေရာလေးကနေ ပြူတင်းပေါက်မှန်တွေကို ရေနဲ့ဆေး၊ ပြန်ခြောက်အောင်သုတ်၊ ပေါ်လစ်ပြန်တင်။ ဒါတွေအားလုံးကို လေဟာနယ်ထဲမှာ ကြိုးတန်းလန်းဆိုင်းထားတဲ့ ပုခက်စင်ပေါ်ကလုပ် ရတာဆိုတော့ လက်ဝင်လှတယ်။ ပုခက်က တခါတလေ လေနဲ့အတူ ယိမ်းထိုးနေတဲ့ အခါလည်းရှိသေးတယ်။

ခုလည်း ဘီလီနဲ့ စမစ်တို့ နှစ်ယောက် လုပ်ငန်းစဖို့ ခေါင်မိုးပေါ်ရောက်နေပြီး စမစ်က ပုခက်စင်နဲ့ ဆိုင်းထားတဲ့ ကြိုးတွေကို ခိုင်မခိုင် သေချာပြန်စစ်နေတယ်။ သူတို့ခါးတွေမှာလည်း အသက်ကယ်ကြိုးတွေကို ချည်လိုက်တယ်။ ပုခက်စင်ကတော့ လေထဲမှာ တန်းလန်းချလို့ အဆင်သင့်ဖြစ်နေပြီ။ အားလုံးသေချာပြီဆိုတော့မှ ဘီလီတို့ နှစ်ယောက်သား ပုခက်ထဲကို ဝင်လိုက်ကြတယ်။

ညကသောက်ထားတာရော အိပ်မပျော်တဲ့အရှိန်နဲ့ပါ သူ့ခေါင်းထဲမှာ ရီတီတီဖြစ်နေတယ်။ ဒါပေမဲ့ ဘီလီက သူ့ကိုယ်ခန္ဓာကြံခိုင်မှုကို သူအပြည့်အဝယုံကြည်တယ်။ သူတို့ နှစ်ယောက်သား ၁၀ ထပ် အမြင့်ကနေစပြီး သန့်ရှင်းရမှာ။ ဒီနေ့မှ ရာသီဥတုကလည်း အတော်လေး အပူချိန်မြင့်တယ် နွေဦးရောက်ပြီဆိုတော့ နေရဲ့ အရောင်ကစူးစူးရှရှ။ နွေဦးရဲ့ လေညှင်းလေးက ဘီလီ ပါးပြင်က ပါးသိုင်းမွေးတွေကို ကြည်စယ် ကလူပြုသွားတယ်။ သူတို့ရောက်နေတဲ့ ၁၀ ထပ်က မြေပြင်ထက် ၁၃၈ ပေလောက်မြင့်တဲ့နေရာ။ အလုပ်ကို လက်ကသာလုပ်နေတာ စိတ်ကတော့ သူ့ မိန်းမ မန်ဒီရယ် သူ့သားငယ်လေးဆီကို ပြန်ပြန်ရောက်နေတယ်။ ပြီးတော့ အိမ်ဖိုးငွေ ၊ ကြွေးများ၊ အိမ်လွမ်းတဲ့စိတ်။

သူ မှန်ပြူတင်းတွေ သန့်ရှင်းရေးလုပ်တဲ့ အထပ်က အခန်းထဲမှာ ကလေးမွေးကင်းစလေးရှိပုံရတယ်။ ကလေးလေး ငိုနေတဲ့ စူးစူးရှရှ အသံဟာ သူ့ အာရုံကို အနှောက်အယှက်ပေးလာတယ်။ ကလေးကလည်း မရပ်တန်းကို ဆက်တိုက်ငိုနေတော့တယ်။ လေပြင်းတချက် အဝေ့မှာ ပုခက်စင် ဟန်ချက်ပျက်ပြီး ဘီလီ့ လက်ထဲမှာကိုင်ထားတဲ့ မှန်သုတ်နေတဲ့ အဝတ်လေး လွင့်စင်ကျသွားတာကို သူ့မျက်လုံးတွေ က မြေပြင် အထိကြည့်မိ လိုက်တယ်။

ချက်ချင်းဆိုသလို သူ့မျက်လုံးထဲမှာ အမြင်အာရုံတွေ မသဲကွဲပဲ အရိပ်တွေယိမ်းထိုးနေတယ် သူ့မျက်လုံးတွေကို ယောင်ပြီးမှိတ်ထားလိုက်တယ်။ ကလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံက လိုသည်ထက်ပိုပြီးကျယ်လောင်နေလို့ နားတွေကိုပါ ကယောင်ကတမ်းနဲ့ပိတ်ထားလိုက်တယ်။ ခေါင်းထဲမှာ အရမ်းကိုက်ခဲလာတယ်။ ဘီလီ ဒူးထောက်ပြီး ထိုင်ချလိုက်တုန်းမှာ ဘေးနားက စမစ်ရဲ့ အသံတွေကိုကြားနေရတယ်။ လေကိုရူမယ်ဆိုပြီး ခေါင်းကိုမော့လိုက်မှာ နေ့ခင်းနေရောင် စူးစူးဝါးဝါးက သူ့မျက်စိတွေကို ကန်းသွားစေတယ်။ အတင်းကြိုးစား ဖွင့်ကြည့်တော့ နဖူးကချွေးတွေက မျက်လုံးထဲကို ဝင်လာပြန်တယ်။ သူ သွေးရူးသွေးတမ်း နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေလို့ ပုခက်စင်လေးဟာလည်း လေပေါ်မှာ ယိမ်းထိုးလို့နေတယ်။

နောက်ဆုံး သူသိလိုက်တာတော့ နားထဲမှာ လေတိုးသံကြီး ကိုပြင်းပြင်းထန်ထန်ကြားလိုက် ပြီး ခန္ဓာကိုယ်ဟာ ဖွဲနုအိပ်ကြီးတခု ပစ်ချလိုက်သလို မြေပြင်နဲ့ ရိုက်ခတ် လိုက်ရင်း တကိုယ်လုံး နာကျင်မှုတွေအတိုင်းဆမဲ့ခံစား လိုက်ရတော့တယ်။

အရိုးတွေအားလုံးကျိုးကျေပြီး ပျော့ဖတ်တခုလိုဖြစ်နေတဲ့ သွေးအိုင်ထဲကခန္ဓာကိုယ်တခုရဲ့ နားမှာ လူတွေဝိုင်းအုံနေ ရင်း တယောက်တပေါက်ပြောဆိုနေကျတယ်။ ဒီထဲမှာ လမ်းဘေး ကော်ဖီဆိုင်မှာထိုင်နေတဲ့ အဖိုးအို နှစ်ဦးရဲ့ ငြင်းခုံတဲ့ အသံက စီစီညံနေတယ်။

“ခုန်ချလိုက်တာ မင်းမတွေ့ဘူးလား ..သူ့ကိုယ်သူသတ်သေတာနေမှာ”
“ ဟာ…. မဟုတ်ဘူးလို့ပြောနေတယ် မင်းလည်းတွေ့ရဲ့သားနဲ့ ပြုတ်ကျလာတာကွ”
“ခုန်ချတာကွ… ” ……… ………. “မဟုတ်ဘူးဟေ့ ပြုတ်ကျတာပါလို့ပြောနေသားနဲ့ကွာ”
ရင်ခွဲရုံကားလာပြီး ပျော့ဖတ်ဖတ်ခန္ဓာကိုယ် ကို သယ်သွားပြီးတဲ့ အထိ သူတို့အငြင်းမရပ်နိုင်သေး။

ဘီလီ့ရဲ့ ဝိဥာဉ် ကတော့ သူ့ရဲ့ အိမ်လေးနဲ့ မိသားစုလေးရှိတဲ့မြို့လေးဆီကို အသော့နှင်နေလေပြီ။

ဘီလီသိရင် ဝမ်းသာမဲ့ နောက်အကြောင်း တခုရှိသေးတယ် အိမ်လေးကို သူ့အသက်အာမခံကြေးငွေနဲ့ အပြတ် ငွေချေလိုက်နိုင်လို့ မန်ဒီ နဲ့ သားလေး ဟာ သူသိပ်ချစ်တဲ့အိမ်လေးကို ပိုင်ဆိုင်သွားတယ်ဆိုတာပါပဲ။



စိုးသင့်ဆွေ
နိုဝင်ဘာလ ၂၆၊ ၂၀၀၈
နေ့လည် ၂း၀၀
(ဓါတ်ပုံကို www.jeanccohn.com ယူပါသည်။)



Read More...

Saturday, November 22, 2008

အကြိုက်ဆုံးကာတွန်းကား

မတူးတူးသာ က Tag ထားတယ် အကြိုက်ဆုံးကာတွန်းကားတဲ့ ..ခက်ပြီ တော်တော်များများက အကြိုက်ဆုံးဖြစ် နေတော့ ရွေးရခက်နေတယ်။

ကာတွန်းကားတွေ ကြည့်ရတာ ပျော်ဖို့ကောင်းတယ် ကာတွန်းဇာတ်ကောင်လေးတွေ မှာ ကိုယ်ပိုင်ဇာတ်ကောင် စရိုက်တွေရှိတယ်လေ။ ကျမကတော့ အဲဒီ ဇာတ်ကောင်စရိုက်လေးတွေကိုစိတ်ဝင်စားတာရော ကာတွန်းပုံလေး တွေကိုကြိုက်နှစ်သက်တာရောနဲ့ ကာတွန်းကားဆို မလွတ်တမ်းကြည့်လေ့ရှိပါတယ်။

အရင်ကတော့ ကာတွန်း ရုပ်ရှင် ဆိုတာ ကလေးများ အတွက်ဖျော်ဖြေရေးအဖြစ် ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ပေမဲ့ ယနေ့ခတ်မှာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ ကွန်ဖူးပင်ဒါ (Kung Fu Panda) ကာတွန်းရုပ်ရှင် ဟာ Box Office မှတ်တမ်းမှာ စံချိန်ချိုးခဲ့ပါတယ်။ ဒီကားဟာ တရုပ်ပြည်မကြီးတခု တည်းမှာ ယွန်ငွေ သန်း ၁၀၀ အမြတ်ထွက်ခဲ့ပါတယ်။ ကျန်တဲ့ နိုင်ငံတွေ ကရတဲ့ အမြတ်ငွေ မပါသေးပါဘူး။

အကြိုက်ဆုံးတွေထဲမှာ အမြဲ မှတ်မှတ်ရရရှိတာကတော့ ရေသူမလေး(The Little Mermaid) ပါ။ ဒီကာတွန်း ရုပ်ရှင်လေးကို ထပ်ပြန်တလဲလဲ ကြည့်မိတဲ့ အကြောင်းအရင်းကတော့ ဇာတ်လမ်းလေးကို ကြိုက်တာအပြင် ဇာတ်ကားထဲမှာပါတဲ့ သီချင်းများကိုလည်း ကြိုက်နှစ်သက်မိလို့ပါ။ ရေသူမလေး ဇာတ်လမ်း မူကွဲတွေ နောက်ထပ်ထွက်ရှိလာပါသေးတယ် ဒါပေမဲ့ ကျမကြိုက်နှစ်သက်မိတာက ၁၉၈၉ ခုနှစ် မှာ ပထမဆုံး ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ပါ။

ဇာတ်လမ်းလေး ကို အကျဉ်းချုပ်ပြောပြရရင်တော့ ရေအောက်ကမ္ဘာကိုအုပ်စိုးတဲ့ ဘုရင်ကြီး (King Triton - Merman ရေသူထီးပေါ့) အဲဒီဘုရင်ကြီးမှာ သမီးတော် ၇ ယောက်အနက် သမီးအငယ်ဆုံး မင်းသမီးလေး ရေသူမလေး အာရီရယ် (Ariel) ဟာ လူသားတွေကို စိတ်ဝင်စားပြီး လူသားတွေရဲ့ကမ္ဘာကို သွားရောက် စူးစမ်းလိုစိတ်ရှိတယ်။ သူမ မှာ အလွန် သာယာတဲ့ အသံလည်းရှိတယ်တဲ့။

တနေ့တော့ သူမရဲ့ အဖေါ်ငါးကလေး ဖလောင်ဒါ (Flounder) ဟာ ရေပြင်ထက်ကိုသွားရင်း ပင်လယ်ကူး သင်္ဘောနဲ့ ခရီးထွက်လာတဲ့ မင်းသားလေး အဲရစ် (Eric) ကို ရေသူမလေး အာရီရယ်က မြင်မြင်ခြင်း ချစ်မိသွားရောတဲ့။ လေပြင်းမုန်တိုင်းတွေ ကျလို့ သင်္ဘောမှောက်တော့ မင်းသားလေး အသက်ကို သူမက ကယ်ပေးခဲ့တယ်။

နောက်တော့ လူသားရဲ့ အသက်ကိုကယ်တာ ရေအောက်ဥပဒေကိုချိုးဖေါက်တယ်ဆိုပြီး ဖခင်ဘုရင်ကြီးက စိတ်ဆိုးပြီး သူမရှာဖွေစုဆောင်းထားတဲ့ လူသားတွေရဲ့ပစ္စည်းတွေကိုဖျက်ဆီးပစ်လိုက်တယ်။ သူမကို မလိုလားတဲ့ ပင်လယ်စုန်းမကြီး အာစူလာ (Ursula) က ရေသူမလေးကို လူအသွင်ဖန်ဆင်းပေးမယ်တဲ့ ဒါပေမဲ့ သူမရဲ့ အသံကိုတော့ အလဲအလှယ်လုပ် တဲ့အနေနဲ့ စုန်းမကြီးကိုပေးခဲ့ရတယ်။ ဒါပေမဲ့ သူမဟာ ၃ရက်အတွင်းမှာ မင်းသားလေးရဲ့ အချစ်စစ်နဲ့နမ်းတဲ့ အနမ်းကိုရခဲ့မယ်ဆိုရင် ရေသူမလေး ဟာ လူသားသွင်နဲ့ အမြဲနေသွားနိုင်ပြီး စကားလည်းပြန်ပြောနိုင်မယ်တဲ့။

စုန်းမကြီးဟာ မင်းသားလေးက ရေသူမလေးကို မေတ္တာသက်ဝင်မသွားအောင် နည်းမျိုးမျိုးသုံးပြီးတော့ အကောက်ကြံတော့တယ်။ နောက်ဆုံးမှာတော့ စုန်းမကြီးလည်းသေ၊ မင်းသားလေးဆီကလည်း မေတ္တာစစ်နဲ့ အနမ်းတပွင့်ကိုရပြီးတော့ ရေသူမလေးလည်း မင်းသားလေးနဲ့ သက်ဆုံး တိုင်ပျော်ရွှင်စွာနေ ထိုင်သွားရောတဲ့။

ဒီကားထဲမှာ ထူးထူးခြားခြားပြောချင်တဲ့ ဇာတ်ကောင်စရိုက်ကတော့ ပင်လယ်ဂဏန်းကြီး (Sebastian the Crab) ပါ သူက ဘုရင်ကြီးရဲ့ လူယုံတော်တဦးလည်းဖြစ်တဲ့အပြင် ရေသူမလေးရဲ့ အထိမ်းတော်ကြီးလည်း ဖြစ်တယ် ။ ရေသူမလေးကိုလည်း ထိမ်းလို့မရ ဘုရင်ကြီးကိုလည်းကြောက်ရနဲ့ နှစ်ယောက်ကြားဗျာများ တဲ့ ဇာတ်ကောင် စရိုက်ဖြစ်ပါတယ်။ သူဟာ ဇာတ်အစအဆုံး အရေးပါတဲ့နေရာကနေ သရုပ်ဆောင်သွားတယ်။

ကာတွန်းရုပ်ရှင်တွေ အတော်များများမှာ ဇာတ်ဝင်တေးသီချင်းတွေကို အသားပေးထည့်သွင်း ရိုက်ကူးလေ့ရှိတယ်။ အော်စကာဆု၊ ဂရမ်မီဆု၊ ရွှေကမ္ဘာလုံးဆု စတဲ့ဆုတွေ ဆွတ်ခူးခဲ့တဲ့ ကာတွန်းရုပ်ရှင် တွေလည်းရှိပါတယ်။

ဒီရေသူမလေး ကာတွန်းရုပ်ရှင်ဟာလည်း အော်စကာဆု ၂ဆု၊ ရွှေကမ္ဘာလုံးဆု ၂ဆု၊ ဂရမ်မီဆု ၁ ဆု နဲ့ တခြား ဆုရွေးချယ်ရေး အဖွဲ့တွေကပေးတဲ့ ၅ဆု ကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ ရရှိတဲ့ဆုအများဆုကတော့ အကောင်းဆုံး တေးဂီတ နဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆု တွေဖြစ်ပါတယ်။

ဆုရရှိတဲ့ ဇာတ်ဝင်တေး “ရေအောက်ကမ္ဘာ” (Under the Sea) သီချင်း ကတော့ ကျမရဲ့အကြိုက်ဆုံးပါ။ ရုပ်ရှင်ထဲမှာ ပင်လယ်ဂဏန်းကြီး (Sebastian) က ဒီသီချင်းကိုသီဆိုထားပါတယ်။ လူသားကမ္ဘာကို စိတ်မဝင်စားပါနဲ့ ဇာတိဖြစ်တဲ့ ပင်လယ်ရေအောက်ဟာ မင်းအတွက် အကောင်းဆုံးနေရာ၊ အေးချမ်းဆုံး ဒေသပါ လို့ ရေသူမလေး ကို လူသားတွေရဲ့ဌာနေကို မသွားဖို့ ဆုံးမတားမြစ် တဲ့ သီချင်းလေးပါ။ ပင်လယ်ဂဏန်းကြီး နေရာကတော့ ဆန်မြူရယ် ရိုက် (Samuel E. Wright) က အသံဖြင့်သရုပ်ဆောင် သီဆိုထားပါတယ်။ သူ့ရဲ့ အသံဝါကြီးဟာ အတော်နှစ်လိုဖွယ်ကောင်းအောင် ဒီသီချင်းလေးနဲ့ လိုက်ဖက်လွန်းလှပါတယ်။ “Under da Sea… Under…da .. Sea.. he… he…”

သီချင်းလေးက နားထောင် ကောင်းရုံတင်မကသေးပါဘူး ကာတွန်းရုပ်ရှင်တွေရဲ့ ထုံးစံ အတိုင်း ရေအောက်မှာ နေထိုင်တဲ့ သတ္တဝါလေးတွေကိုပါ တီးမှုတ်ကခုန်ခိုင်းထားတော့ ကြည့်ရတာ အတော်လေး စိတ်ကိုရွှင်လန်းစေ ပါတယ်။ မယုံရင် Youtube မှာတင်ထားတဲ့ သီချင်းလေးကို နားထောင်ကြည့်နိုင်ပါတယ်။ ဒီမှာကြည့်ပါ။

ဒီသီချင်းလေးကို ဟာဝှက်တ် အက်ရှမန် (Howard Ashman) က စာသားရေးပေးပြီး အဲလန် မန်းကန် (Alan Menken) က တေးဂီတဖန်တီးထားပါတယ်။ သူတို့နှစ်ဦးဟာ ဒီသီချင်းနဲ့ ဂရမ်မီဆုကို ၁၉၉၁ ခုနှစ်မှာ ဆွတ်ခူး ခဲ့ပါတယ်။

ကျမကတော့ ကာတွန်းတွေကိုလည်းကြိုက် ကာတွန်းကားတွေကိုလည်း နှစ်ချိုက်လွန်းသူမို့ ကာတွန်း DVD တွေကို စုဆောင်းချင်ပေမဲ့ အသက်ကြောင့် ဝယ်စုရမှာ နည်းနည်းရှက်သလိုဖြစ်တာနဲ့ အရင်က မစုဖြစ်ခဲ့ဘူး။ အခုတော့ သမီးလေး ကာတွန်းကြည့်တတ်တဲ့ အရွယ်ရောက်ရင် သမီးလေးကို အကြောင်းပြု ပြီး ကာတွန်းကားတွေဝယ်စု ဖြစ်တော့မယ်ထင်ပါရဲ့။

(TAG ယဉ်ကျေးမှုကိုသေချာနားမလည်သေးတော့ ဆက် TAG ရမှာကို မေ့ပြီး အပြင်သွားလိုက်တယ်။ လမ်းကျမှ .. ငါ ဘယ့်သူ့ကိုမှ ဆက်မ TAG မိပါလားလို့ ပြန်စဉ်းစားမိပြီး... ခု TAG တော့မယ်ဗျို့... ကာတွန်းပို့စ်လေးတွေတင်လေ့ ရှိတဲ့ ကိုဇာနည်ဝင်း၊ ကာတွန်းကြည့်မကြည့် မသိပေမဲ့ TAG ချင်လို့ကို TAG မဲ့ ကိုအောင်(ပျူနိုင်ငံ) နဲ့ comment လာရေးသွားတဲ့ ကိုလူလ တို့ကို လက်ဆင့်ကမ်း TAG လိုက်ချင်ပါတယ်။)

Read More...

Thursday, November 20, 2008

ပြည်သူ့ ကဗျာဆရာကြီး ပက်ဗလို နီရူဒါ

ဝန်ခံခြင်း။ ။ကဗျာဆရာကြီး နီရူဒါ ရဲ့ ကဗျာရှည်တပုဒ်ကို ကိုအောင်သာငယ်ဘလော့မှာ ဖတ်ပြီးတဲ့နောက် ကဗျာဆရာကြီးအကြောင်းကို စိတ်ဝင်စားပြီး မွှေနှောက်ရှာဖွေရင်း တွေ့ရှိသမျှကို ဘာသာပြန်သိမ်းထားချင်တာနဲ့ ဒီပို့စ်လေးရေးဖြစ်သွားတယ်။ ဓါတ်ပုံတွေကိုတော့ Pablo Neruda Foundation ကနေယူထားပါတယ်။ ဖတ်ကြည့်ကျပါဦး။


ပြည်သူ့ ကဗျာဆရာကြီး ပက်ဗလို နီရူဒါ

အေးစက်တဲ့ ငါ့တိုင်းပြည်ကလေးမှာ……..သစ်မြစ်တွေကိုတောင် ငါချစ်တယ်။
တကယ်လို့ အကြိမ်ပေါင်း တထောင် သေလို့ရှိရင်………အဲဒီမှာပဲ ငါသေချင်တယ်။
တကယ်လို့ အကြိမ်ပေါင်း တထောင် ပြန်မွေးရင်လည်း……………..အဲဒီမှာပဲ ငါမွေးချင်တယ်။

ပက်ဗလို နီရူဒါ

ကဗျာဆရာကြီး ပက်ဗလို နီရူဒါ ကို ဂျူလိုင်လ ၁၂ ရက်၊ ၁၉၀၄ ခုနှစ်မှာ ချီလီနိုင်ငံ၊ ပါရာမြို့ မှာ မွေးဖွားခဲ့တယ်။ သူ့ရဲ့ အမည်ရင်းကတော့ နာဖာလီ ရီကာတို ဘာဆိုအေလ်တို (Neftalí Ricardo Reyes Basoalto) ဖြစ်ပါတယ်။ သူ့ရေးသားခဲ့တဲ့ ကဗျာများ၊ စာပေများ ကို ဘာသာစကားမျိုးစုံဖြင့် အကြိမ်ကြိမ်ဘာသာပြန်ဆို ထုတ်ဝေခဲ့တာကို ကြည့်ခြင်းအားဖြင့် ကဗျာ ဆရာကြီး နီရူဒါ ဟာ ၂၀ ရာစု ခေတ်တခုလုံးရဲ့ အကြီးမြတ်ဆုံး နဲ့ သြဇာအရှိဆုံး ကဗျာဆရာတစ်ဦး ဖြစ်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။

သူဟာ “Twenty poems of love and song of Despair” ကဲ့သို့သော ရာဂအသားပေး အချစ်ကဗျာများ၊ အိပ်မက်စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့မှု ကဗျာများ “surrealism pomes” (၁၉၂၀ ဝန်းကျင်ခန့်က ရေပန်းစားခဲ့ သော စာပေဝါဒ)၊ သမိုင်းဆိုင်ရာ အတိတ်ဖြစ်ရပ်များကို ရေးဖွဲ့ရသော ကဗျာရှည်များ “Historical epic” နှင့် ဖုံးကွယ်မှုကင်းသော နိုင်ငံရေးကြေညာစာတမ်းတို့ကို သူရဲ့ အမျိုးမျိုးသော ကိုယ်ပိုင် ရေးဟန်များ နဲ့ ရေးဖွဲ့ခဲ့လို့ ထင်ရှားကျော်ကြားသူလည်းဖြစ်ပါတယ်။

သူဟာ ၁၉၇၁ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်ဆု ကို ရရှိခဲ့ပါတယ်။ ကိုလံဘီယာ ဝတ္ထုရေးဆရာ မာကွီဇ် (Gabriel Garcia Marquez)က ကဗျာ ဆရာကြီး ပက်ဗလို နီရူဒါ ကို “ဘာသာစကား အမျိုးမျိုးတို့အတွက် ၂၀ရာစုရဲ့ အကောင်းဆုံး ကဗျာဆရာ” လို့တောင် ချီးမွမ်းပြောကြားလိုက်ပါသေးတယ်။

ကဗျာဆရာကြီးဟာ သူ့ရဲ့ ဘဝတလျှောက်လုံးမှာ သံတမန်ဆိုင်ရာ ရာထူးတာဝန်များဖြင့် နိုင်ငံအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ရုံသာမက ချီလီနိုင်ငံ ကွန်မြူနစ်ပါတီကိုယ်စားပြု ဥပဒေပြုအထက်လွှတ်တော်အမတ် တာဝန်ကိုပါ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရှေးရိုးစွဲ ပြင်းထန်သူ သမတ ဂုန်ဇာလီ ဗီဒီလာ (González Videla) အာဏာရရှိလာတဲ့နောက် ချီလီနိုင်ငံတွင် ကွန်မြူနစ်ဝါဒကို တရားမဝင်ဝါဒ အဖြစ်ကြောညာလိုက်ပြီး ကဗျာဆရာကြီး နီရူဒါ ကို ဝရမ်းထုတ်ခါ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

သူဟာ သူငယ်ချင်းတွေရဲ့ အကူအညီကိုရယူပြီး တအိမ်ကနေ တအိမ်ရွေ့ပြောင်းရင်း အဖမ်းမခံရအောင် ပုန်းလျှိုးကွယ်လျှိုးနေခဲ့ရပါတယ်။ သူဟာ အိမ်တအိမ်ရဲ့မြေအောက်ခန်းထဲမှာ တစ်လတိတိ ပုန်းအောင်းနေထိုင် ခဲ့ရပါတယ်။ အဲဒီနောက် တောင်တန်းများ ကိုဖြတ်ကျော်ကာ အာဂျင်တီးနားနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ပါတယ်။ နောက်နှစ်များမကြာမီမှာတော့ ဆိုရှယ်လစ်ဝါဒကို ထောက်ခံသူ သမတ ဆာဗာဒေါ အယ်လန်ဒီ (Salvador Allende) ချီလီနိုင်ငံမှာ အာဏာရရှိလာပြီး ကဗျာဆရာ နီရူဒါ ဟာ သမတ နဲ့ အနီးကပ်အတူတွဲကာ အလုပ် လုပ်ခဲ့ပါတယ်။


ငယ်ဘဝ။

နီရူဒါ အဖေဟာ ရထားလမ်း အလုပ်သမားတဦးဖြစ်ပြီး အမေကတော့ ကျောင်းဆရာမ ဖြစ်ပါတယ်။ သူ့ရဲ့ အမေဟာ သူ့ကိုမွေးပြီး ၂ လအကြာမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဖေက နောက်အိမ်ထောင်ပြုခဲ့ပြီး သူ့မှာ အဖေတူအမေကွဲ ညီလေးတယောက်နဲ့ ညီမလေးတယောက်လည်းရှိပါတယ်။ သူ အဖေက သူကဗျာတွေ စာတွေရေးသားတာကို အားမပေးလို့ နီရူဒါ ဟာ သူ့ရဲ့ ကလောင်နာမည်ကို အမည်ရင်းဖြစ်တဲ့ နာဖာလီ ဘာဆိုလ်အယ်တို အမည်မခံပဲ ပက်ဗလို နီရူဒါ ဆိုတဲ့ အမည်နဲ့ စာတွေ၊ ကဗျာတွေ ကိုရေးသားခဲ့ပါတယ်။ သူ့ဘဝရဲ့ နောက်ပိုင်းမှာတော့ ဒီကလောင်အမည်ကို တရားဝင် အမည်အဖြစ်ပြောင်းလွဲခဲ့ပါတယ်။

သူဟာ ကဗျာကို ၁၀နှစ်သားအရွယ်ကလေးဘဝမှာထဲက စတင်ရေးသားခဲ့သူပါ။ ၁၉၁၇ ခုနှစ်၊ အသက် ၁၃ နှစ်အရွယ်မှာ စကားပြေတပုဒ် ကို မြို့နယ်နေ့စဉ်ထုတ် သတင်းစာမှာပထမဆုံး ဖေါ်ပြခံခဲ့ရတဲ့ အချိန်မှစတင်ပြီး ကဗျာများ၊ စာများကို ကွယ်လွန်ချိန်အထိ ဆက်တိုက်ရေးသားခဲ့ပါတယ်။ သူဟာ စန်တီရေဂိုမြို့ ရှိ ချီလီတက္ကသိုလ် မှာ ကျောင်းဆရာတယောက်လုပ်ဖို့ရည်ရွယ်ပြီး ပြင်သစ်ဘာသာကို လေ့လာခဲ့တာပါ။ ဒါပေမဲ့ သူဟာ ကျောင်းမပြီးခင်မှာပဲ ကျောင်းကထွက်ကာ အချိန်ပြည့် ကဗျာဆရာအဖြစ် အသက်မွေးဖို့ရွေးချယ်ခဲ့ပါတယ်။

သူ့စာပေ။

၁၉၂၃ ခုနှစ်မှာ သူ့ရဲ့ လင်္ကာရှည်ပေါင်းချုပ် “ဆည်းဆာ ရဲ့ စာမျက်နှာများ” (Book of Twilight) ကိုပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတယ်။ နောက်တနှစ် အကြာမှာ “ အချစ်ကဗျာ ၂၀ နှင့် တွယ်ရာမဲ့ တေးချင်း” ( Twenty love songs and Desperate Song) သူ၏ ငယ်ရွယ်စဉ်ဘဝ အချစ်ဇာတ်လမ်းများကို အခြေခံရေးဖွဲ့ထားတဲ့ ကဗျာများ ကိုဆက်တိုက်ထုတ်ဝေခဲ့ပါတယ်။ စာအုပ်နှစ်အုပ်စလုံးဟာ ဘာသာစကားပေါင်း များစွာ နဲ့ ဘာသာပြန်ထုတ်ဝေခဲ့ရပြီးတော့ သူ့ရဲ့ ပြောင်မြောက်တဲ့ အနှပညာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ “အချစ်ကဗျာ ၂၀ နှင့် တွယ်ရာမဲ့တေးချင်း” စာအုပ်ဟာ ဆယ်စုနှစ်တခုကျော်မျှ စာအုပ်သန်းပေါင်းများစွာ ရောင်းချခဲ့ရပြီး။ ကဗျာဆရာကြီး နီရူဒါ ကို ကမ္ဘာကျော်အောင်မြင်ထင်ရှားသူ ကဗျာဆရာတယောက်အဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။ သူဟာ ကဗျာပေါင်းချုပ် စာအုပ် ၄၀ ကျော်၊ ဘာသာပြန်စာအုပ်များ နှင့် ပြဇာတ်များကို ရေးဖွဲ့ခဲ့ပါတယ်။

သူ့ နိုင်ငံရေး အယူအဆ။

သူဟာ ချီလီနိုင်ငံတွင်းမှာရော နိုင်ငံရဲ့ပြင်ပမှာပါ အောင်မြင်တဲ့ ကဗျာဆရာ အဖြစ်ကိုရောက်ခဲ့ပေမဲ့ ငွေကြေး ကျပ်တည်းမှုကြောင့် ၁၉၂၇ ခုနှစ်တွင် ချီလီနိုင်ငံကခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရာထူးကို လက်ခံပြီး ရန်ကုန်မြို့မှာနေထိုင်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမှပြောင်းရွေ့ပြီး ကိုလံဘို၊ ဂျာဗား နဲ့ စင်ကာပူ စတဲ့ဒေသတွေမှာ ကောင်စစ်ဝန်ရာထူးကိုထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဒီလို သံတမန်ရေးရာ အလုပ်တာဝန် ထမ်းရွက်စဉ် ကာလများမှာ ကဗျာပေါင်းများစွာကိုဖတ်ရှုလေ့လာခဲ့ပြီး၊ ကဗျာရေးဟန် ပုံစံအမျိုးမျိုးကို စမ်းသစ်တီတွင်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုရဲ့ အောင်မြင်မှုအဖြစ် ပထမဆုံး စိတ်ကူးယဉ်ဆန်ဆန် ရေးဖွဲ့ဟန်ဖြင့်ရေးသားထားတဲ့ ကဗျာရှည် ပေါင်းချုပ်ဖြစ်တဲ့ “Residencia en la tierra” ကိုရေးသားနိုင်ခဲ့ပြီး။ နောက်များမကြာမီမှာတော့ ကျော်ကြားတဲ့ ကဗျာရေးဟန်တွေဖြစ်လာပါတယ်။

နီရူဒါ ဟာ အရှေ့ဖက်အာရှနိုင်ငံများရဲ့ သံတမန်အရာရှိတာဝန် သက်တမ်းကုန်ဆုံးလို့ ချီလီနိုင်ငံကိုပြန်လည် ရောက်ရှိလာပြီးနောက် စပိန်နိုင်ငံ ဗွန်နိုစိုက်ရက်စ်မြို့ နှင့် ဘာစီလိုနားမြို့တွေကို ပြောင်းရွေ့တာဝန်ပေးခြင်းခံရ ပြန်ပါတယ်။ သူတာဝန် ထမ်းဆောင်နေစဉ် ကာလမှာ စပိန်နိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ သူဟာ အဲဒီကာလတွေမှာ ကွန်မြူနစ်ဝါဒကိုသက်ဝင်ယုံကြည်လာပြီး နောက်ပိုင်း ဘဝ တလျှောက်လုံး ကွန်မြူနစ်ဝါဒကိုပဲ ဆုပ်ကိုင်သွားခဲ့တယ်။

သူဟာ အဲဒီခေတ် အခါက လက်ဝဲဝါဒကို သက်ဝင်ယုံကြည်သူပညာတတ်များနည်းတူ ဆိုဗီယက်ယူနီယံ မှ ဂျိုးဇက်ဖ် စတာလင်(Joseph Stalin) ကို လေးစားသူတယောက်လည်းဖြစ်ပြီး နာဇီဝါဒကိုလည်း ဆန့်ကျင်သူ တယောက် လည်းဖြစ်တယ်။ စတာလင်အကြောင်းရေးဖွဲ့တဲ့ ကဗျာများ Canto a Stalingrado (1942) နဲ့ Nuevo canto de amor a Stalingrado (1943) ကိုရေးဖွဲ့ခဲ့တယ်။ ၁၉၅၃ ခုနှစ်မှာတော့ သူဟာ စတာလင် ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရတယ်။ အဲဒီနှစ်မှာပဲ စတာလင် ကွယ်လွန်ခဲ့တဲ့ အတွက် စတာလင် တမ်းချင်း အလင်္ကာ (Ode to Joseph Stalin) ကိုရေးဖွဲ့ခဲ့တယ်။သူဟာ ဆိုဗီယက်အောက်တိုဘာတော်လှန်ရေးရဲ့ခေါင်းဆောင် လီနင် (Lenin) ကိုလည်း လေးစားသူ တယောက်ဖြစ်ပြီး။ လီနင် ဟာ ရာစုနှစ်တခုလုံးရဲ့ အတော်ဆုံး ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့ သူကမှတ်ချက်ပေးခဲ့တယ်။

သူဟာ မတ်လ ၄ရက်၊ ၁၉၄၅ ခုနှစ်မှာ ချီလီကွန်မြူနစ်ပါတီကိုယ်စားပြု ဥပဒေပြုအထက်လွှတ်တော်အမတ် နေရာရွေးချယ်ခံခဲ့ရပြီး။ နောက် ၄လ အကြာမှာတော့ သူဟာ ချီလီကွန်မြူနစ်ပါတီရဲ့ ပါတီဝင်ဖြစ်လာခဲ့တယ်။ ၁၉၄၆ ခုနှစ်မှာ သမတ ဂုန်ဇာလီ ဗီဒီလာ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ နီရူဒါ ဟာ မဲဆွယ်ပွဲများရဲ့ မန်နေဂျာအဖြစ် လုပ်ကိုင်ပေးခဲ့တယ်။ ချီလီလက်ဝဲယိမ်းပါတီတွေက သမတလောင်း ဗီဒီလာ ကိုထောက်ခံ ခဲ့တယ်။ ဒါပေမဲ့ သမတ ဂုန်ဇာလီ ဗီဒီလာ ဟာ အာဏာရရှိပြီးနောက်ပိုင်းမှာတော့ ကွန်မြူနစ်ပါတီကို ဆန့်ကျင် လာတယ်။

နီရူဒါ ရဲ့ အထက်လွှတ်တော်အမတ်ဘဝဟာ သတ္တုတွင်းအလုပ်သမားများရဲ့ သပိတ်ကို ထောက်ခံမှု နှင့် သမတ ကို သတ္တုတွင်းအလုပ်သမားများအား နှိပ်စက်ညှင်းပန်း ထောင်ချမှု တို့အတွက် ပြစ်တင်ဝေဖန်ပြီးတဲ့ နောက်ပိုင်း မှာအဆုံးသတ်သွားခဲ့တယ်။ သမတဗီဒီလာ ဟာ နီရူဒါ ကို ဖမ်းဝရမ်း ထုတ်ပြီးဖမ်းခိုင်းခဲ့တဲ့ အပြင် ကွန်မြူနစ်ပါတီကိုလည်း တရားမဝင်ပါတီ အဖြစ်ကြေညာခဲ့တယ်။ သူဟာ ချီလီနိုင်ငံအတွင်းမှာ ၁၃လကျော် ပုန်းအောင်းနေထိုင်ခဲ့ပြီး။ ၁၉၄၉ ခုနှစ်မှာ ချီလီနိုင်ငံကနေ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်။ ပြည်ပမှာ ၃နှစ်ကြာ တိမ်းရှောင်နေစဉ်ကာလများမှာ ဥရောပနိုင်ငံများ၊ တရုပ်၊ အိန္တိယ နဲ့ ဆိုဗီယက်ယူနီယံ တို့ကိုလှည့်လည်ခရီးသွားခဲ့တယ်။

တောင်အမေရိတိုက်ရှိ မက်ဆီကို နိုင်ငံမှာ နေထိုင်စဉ် “Canto General” ဟုခေါ်တဲ့ အပိုင်း၁၅ ပိုင်းပါဝင်တဲ့ ကဗျာရှည်များ ကိုရေးသားခဲ့ပြီး ၁၉၅၀ ခုနှစ် မက်ဆီကို နိုင်ငံမှာပဲ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တယ်။ အဲဒီ စာအုပ်မှာ အပိုင်း၁၅ ပိုင်း ပါဝင်ပြီး ကဗျာရှည်ပေါင်း ၂၃၁ ပုဒ်ပါဝင်တယ်။ ကဗျာရှည် ၂၃၁ ပုဒ်ထဲက ၉ခုမြောက်ဖြစ်တဲ့ “Let the Woodcutter Awaken” ကို မြန်မာစာရေးဆရာ မြသန်းတင့်က “သစ်ခုတ်သမားနိုးကြားလော့” ဆိုတဲ့ ခေါင်းစဉ်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ ဒီကဗျာကို နီရူဒါ ဟာ တောင်အမေရိကတိုက်တနေရာမှာ ၁၉၄၈ ခုနှစ်ကရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။



ပြည်တော်ပြန် ဘဝ။

၁၉၅၂ ခုနှစ်မှာတော့ ချီလီနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလွဲတွေဖြစ်ပြီး ဆိုရှယ်လစ်ပါတီအားကောင်းလာ တဲ့နောက်မှာ နီရူဒါ ဟာ ချီလီနိုင်ငံကို ပြန်လာခဲ့တယ်။ အမိနိုင်ငံကိုပြန်လာပြီးတဲ့နောက်မှာ သူဟာ ကမ္ဘာသိကျော်ကြားတဲ့ ကဗျာဆရာဘဝနဲ့ သံတမန်လုပ်ငန်းဆောင်တာများကိုတာဝန်ယူခဲ့ပြန်တယ်။ သူဟာ စစ်အေးတိုက်ပွဲအတွင်း ကျူးဘား၊ ဆိုဗီယက်ယူနီယံ နဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ခဲ့တဲ့ “Cuba Missile Crisis” ကျူးဘားနိုင်ငံညှုကလီးယားပြဿနာ အတွက် အမေရိကန်တို့ကို ပြတ်ပြတ်သားသားဝေဖန်ခဲ့ပြီး ဗီယက်နမ်ကျူးကျော်စစ်ပွဲကိုလည်း အပြင်းထန်ဆုံး ရှုံချခဲ့ သူတယောက်လည်းဖြစ်တယ်။ ဒါကြောင့် အမေရိကန် CIA အဖွဲ့ရဲ့ အထူးစောင့်ကြည့်ခံရသူတဦးလည်းဖြစ်တယ်။ နီရူဒါ ဟာ ၁၉၆၄ ခုနှစ် နိုဘယ်စာပေဆု အတွက်လျာထားခံခဲ့ရပြီး အမေရိကန်လက်အောက်ခံ ကွန်မြူနစ်ဆန်ကျင်ရေးအဖွဲ့အစည်းတခုရဲ့ ကန့်ကွက်မှု ကြောင့် နိုဘယ်ဆုနဲ့ ဝေးခဲ့ရပါတယ်။

၁၉၆၆ ခုနှစ်မှာ နယူးယောက်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ စာရေးဆရာများညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခံ ခဲ့ရပေမဲ့။ သူ့ကို ကွန်မြူနစ်တယောက်ဖြစ်နေတဲ့ အတွက် အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခဲ့ပါတယ်။ နီရူဒါ ဟာ အဲဒီခေတ်အခါက သက်ရှိထင်ရှားရှိနေတဲ့ လက်ဝဲယိမ်းပညာတတ်ကဗျာဆရာ တယောက်
အဖြစ်လည်း ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။

သူ ၏ အချစ်။

အချစ်ကဗျာတွေ အရေးကောင်း အဖွဲ့ကောင်းတဲ့ ကဗျာဆရာကြီးရဲ့ ဘဝမှာ ကိုယ်တွေ့အချစ်ဇာတ်လမ်းများစွာရှိခဲ့ ပါသေးတယ်။ သူဟာ သူ့ချစ်သူမိန်းမပျိုလေး တွေ ရဲ့ အကြောင်းကို သူ့ရဲ့အချစ်ကဗျာများထဲမှာ ထည့်သွင်း ရေးသားလေ့ရှိပါတယ်။

နီရူဒါ မြန်မာပြည်ကို သံတမန်ရာထူးဖြင့် သွားရောက်အမှုထမ်းရွက်ခဲ့စဉ်တုန်းက မြန်မာ အမျိုးသမီးတယောက် နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးတယ်။ “Josie Bliss” လို့ အများကခေါ်ပြီး အင်္ဂလိပ်လို အမြဲဝတ်စားတတ်တဲ့ မိန်းမပျိုလေး ကို နီရူဒါ က မြန်မာကျားသစ်မလေးလို့ ချစ်စနိုးနဲ့တင်စားလေ့ရှိပါတယ်။ သူနဲ့ မြန်မာမိန်းမပျို တို့ရဲ့ ချစ်ဇာတ်လမ်းဟာ မိန်းမပျိုလေးရဲ့ နီရူဒါအပေါ် သဝန်တိုမှုကြောင့်သွေးအေးခဲ့ရပါတယ်။ နီရူဒါ ဟာ သူ့ရဲ့ “အချစ်ကဗျာ ၂၀ ” ထဲမှာ အဲဒီ မိန်းမပျိုလေး အကြောင်းစပ်ဆိုခဲ့တဲ့ကဗျာများ အထဲက “Tango del Viudo” ဟာလည်း တပုဒ်အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ ၁၉၂၉ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့တယ်။

သူ့ရဲ့ ပထမဆုံး ဇနီး မာရီယာ (Maria Antonieta Haagenar)ကို ဂျာဗား မှာတွေ့ခဲ့ပြီး။ ၁၉၃၀ ဒီဇင်ဘာလ မှာ သူမနဲ့ လက်ထပ် ခဲ့ပါတယ်။ ပထမဇနီး မာရီယာ နဲ့ သမီးတယောက်ရှိခဲ့ပြီး နာဇီအုပ်စိုးတဲ့ ကာလအတွင်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ နီရူဒါ ဟာ သူ့ ပထမဇနီး နဲ့ တရားဝင်မကွာရှင်းရသေးခင်မှာ စပိန်နိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သူ့ထက် အသက် ၂၀နှစ် ကြီးတဲ့ အာဂျင်တီးနား အမျိုးသမီး ဒီလီယာ ကာရီလ် (Delia del Carril) နဲ့ ချစ်ဇာတ်လမ်းစတင်ခဲ့ပါတယ်။ ၁၉၃၆ မှာတော့ ပထမဇနီးကို ကွာရှင်းခဲ့ပြီးနောက် ကာရီလ် နဲ့ တရားဝင်လူသိရှင်ကြားတွဲခဲ့ပါတယ်။ ၁၉၄၃ မှာတော့ ကာရီလ် နဲ့ တရားဝင်လက်ထပ်ခဲ့ပါတယ်။ (ဒါပေမဲ့ အဲဒီလက်ထပ်မှုကို ချီလီနိုင်ငံက တရားမဝင်ဘူးလို့ နောက်ပိုင်းကြေညာခဲ့တယ်။)

၁၉၅၁ ခုနှစ် ပါရီ ကို အသွားမှာ နောက်ဆုံးဇနီးဖြစ်လာမဲ့ ချီလီအဆိုတော် မာလ်တီဒယ် (Matilde Urrutia)နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ တဖြည်းဖြည်းနဲ့ ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် မှာတော့ နီရူဒါ ဟာ ဒုတိယဇနီးသည်နဲ့ ပြတ်စဲခဲ့ပြီး မာလ်တီဒယ် နဲ့အတူနေထိုင်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ မာလ်တီဒယ် ကို တတိယ ဇနီးအဖြစ် တရားဝင်လက်ထပ်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန် ၁၉၇၃ ခုနှစ် အထိ တတိယဇနီးနှင့် အတူနေထိုင် သွားခဲ့ပါတယ်။


ဘဝရဲ့ နောက်ဆုံး အချိန်များ။

နီရူဒါ ဟာ ၁၉၇၁ ခုနှစ်မှာတော့ သူမျှော်လင့်စောင့်စားခဲ့ရတဲ့ စာပေဆိုင်ရာ နိုဘယ်ဆုကို အတိုက်အခံများကြားထဲ မှ ရရှိခဲ့ပါတယ်။ ပထမတော့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကို သူရဲ့ အတိတ်က စတာလင်ဝါဒထောက်ခံခဲ့မှု အပေါ်ကန့်ကွက်မှုတွေရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကဗျာဆရာကြီး နီရူဒါ ကိုရွေးချယ်ခဲ့တာပါ။

ကဗျာဆရာကြီးဟာ သူချစ်မြတ်နိုးတဲ့ ချီလီနိုင်ငံ၊ စန်တီရေဂိုမြို့ မှာ ၁၉၇၃၊ စက်တင်ဘာလ ၂၃ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူ့ရဲ့ အသုဘ အခန်းအနားကိုလူပေါင်းများစွာ တက်ရောက်ခဲ့ပြီး အသုဘအခန်းအနားကနေ အစိုးရအပြောင်းအလွဲအတွက် ဆန္ဒပြပွဲဖြစ်ခဲ့လို့ ရဲများနဲ့ နှိမ်နင်းခဲ့ရပါတယ်။ ချီလီနိုင်ငံပြည်သူများဟာ ကမ္ဘာကျော်ကဗျာဆရာကြီး ပက်ဗလို နီရူဒါ အတွက် နမြောတသစွာ ငိုကြွေးခဲ့ ကျပါတယ်။


စိုးသင့်ဆွေ

နိုဝင်ဘာလ ၂၀၊ ၂၀၀၈
ဘာသာပြန်ပြီးချိန် ညနေ ၆း၃၈ မိနစ်။



References : Pablo Neruda - Wikipida the free encyclopedia.
Pablo Neruda Foundation.

For Extra Reading: http://www.mizzimaburmese.com(ငြိမ်းဝေ-ဧရာဝတီမြစ်ကမ်းပေါ်မှာသူ့ဘဝစခဲ့ တယ်)





Read More...

Thursday, November 13, 2008

မတူညီတဲ့ ဆည်းဆာ


“တောက်…”ဖိုးလုံး စိတ်ဆိုးဆိုး နဲ့ မြေကြီးကိုရှပ်ကန် လိုက်တော့ ဖုန်မှုန့်တွေ လေထဲမှာ ဝေ့ကနဲ ဖြစ်သွားတယ်။ ဟုတ်တယ်လေ မနက်ကထည်းက ခုချိန်ထိ ဈေးဦးမှ မပေါက်သေး။ ဝိုင်းစိန် နဲ့ ပူစူးမ က ဒေါသတကြီးဖြစ်နေတဲ့ ဖိုးလုံးကို စိတ်မသက်မသာနဲ့ ကြည့်လို့ သူတို့လည်း ဒီနေ့ အဖို့ ဈေးဦးမပေါက်သေး။ ပူစူးမ လည်း ဖိုးလုံးလို ပေါက်ကွဲလိုက်ချင် ပေမဲ့ မိန်းကလေး ဆိုတော့ စိတ်ပျက် လက်ပျက်ထိုင်နေလိုက်တယ်။ ဝိုင်းစိန်မ လည်း ဘေးမှာထိုင် နေပေမဲ့ ဘုရားဖူးတွေ လာမဲ့လမ်းဖက်ကို မျှော်ငေးလို့။ ပူစူးမ ကောင်းကင် ပေါ်မော့ ကြည့်လိုက် တယ် နေက တော်တော် ကို မြင့်ပြီး မွန်းတည့်တောင် ရောက်တော့မယ်။ လွယ်ထားတဲ့ လွယ်အိတ် ညစ်နွမ်းနွမ်းလေး ထဲကို ငုံကြည့်မိတော့ လွယ်အိတ်ထဲက ရာတန်လေး ၂ရွက် နဲ့ ၂၀ တန်လေး ၅ ရွက် က ပြောင်လှောင်ကာ ပူစူးမကို ပြန်ကြည့်နေကြတယ်။ ဒါက ဝယ်သူကို ပြန်အမ်းဖို့ အတွက် အိတ်ထဲမှာ ဆောင်ထားတဲ့ ပိုက်ဆံ။

“ လူတွေ ဘယ်ရောက်ကုန်ကျပြီလည်းဟာ…” ဝိုင်းစိန်မ ခပ်ညီးညီးလေသံကို ဖိုးလုံးက နားကလောပြီး “သေပြီ..သေကုန်ကြပြီ” လို့ ထပြောတာ နဲ့ သူတို့ နှစ်ယောက် ရန်စောင်ပြန်ရော။ “တော်ကြဟာ .. နင်တို့ နှစ်ယောက်ကလည်း ဈေးဝယ်မလာလို့ စိတ်ညစ်ရတဲ့ကြားထဲ.. ” ပူစူး ကြားထဲက ဝင်ဟောက်လိုက်မှပဲ ဝိုင်းစိန်ရဲ့ မျက်စောင်း က ဖိုးလုံး မျက်နှာပေါ်က ခွာတော့တယ်။ သူတို့ ထဲမှာ ပူစူးမ က အကြီးဆုံး။ ပူစူး ပြီးတော့ မှ ဖိုးလုံး၊ ဝိုင်းစိန် ကတော့ အငယ်ဆုံးပေါ့ ဒါပေမဲ့ ကြီးတယ်ငယ်တယ် ဆိုတာ သူတို့ကြားမှာတော့ မရှိ ဒီလိုပဲ နင်ရယ် ငါရယ်လို့ ပြောရတာ အရသာရှိတော့ ဘယ်သူကပို အသက်ကြီးတယ်ဆိုတာတောင်မှ ခပ်မေ့မေ့။ ဖိုးလုံးကတော့ ယောင်္ကျားလေးဆိုတော့ အရာရာ သူ့ကို ဆရာတင်ရင် ကျေနပ်နေရော။ ပူစူးတို့ ကလည်းအကြိုက်ပေါ့ ဆရာတင်ပြီးတော့ သူ့ကို ညာခိုင်းပြစ်လိုက်တယ်။ ဟိုကောင်မ ဝိုင်းစိန်မ ဆို အဆိုးဆုံး။ ဟိုနေ့ကလည်း မန်ကျည်းသီး စားချင်တာကို ဖိုးလုံးသစ်ပင်တက်တာ လွှားကနဲ လွှားကနဲ နဲ့ မြန်သလားမမေးနဲ့လို့ မြှောက်ပင့်ပြီး ဒွေးလေးစိန် တို့ ခြံဝိုင်းရှေ့က မန်ကျည်းပင်ကို တက်ခိုင်းတာ မန်ကျည်းကိုင်းခြောက်ပေါ်နင်းမိပြီး ကံကောင်းလို့ ဖိုးလုံး ကျမသေတာ။ ဒါတောင် ဖိုးလုံးတို့က လေမလျော့ သူလျင်လွန်းလို့ အပေါ်ကိုင်းကို ဆွဲမိတာလို့ လေကျယ်နေသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သူတို့သုံးယောက်က သွားအတူ လာအတူ ဈေးရောင်းလည်းတူတူပဲ။ ဈေးဝယ်သူကို လည်း ဘယ်တော့မှ လုပြီးမရောင်းဘူး။ ဈေးဦး မပေါက်သေးတဲ့သူကို ပေါက်ပြီးသူက အမြဲညှာလေ့ ရှိတယ်။ သူတို့ထဲမှာတော့ ဘယ်သူမှ သာတယ်နာတယ် မရှိဘူး မနာလိုတာလည်းမရှိဘူး ဖြူဖြူစင်စင်ပဲ။ သူတို့ သုံးယောက်မှာ တူညီတဲ့ ဘဝရုန်းကန်မှုတွေရှိတယ် အဲဒါကတော့ ဒီ ရွှေစည်းခုံဘုရား မှာ ပုဂံ အမှတ်တရ ဓါတ်ပုံပို့စ်ကတ်လေးတွေ ဘုရားဖူး ဧည့်သည်တွေကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်းကြခြင်းပဲ။ နေထွက် ကနေ နေဝင်ချိန်ထိ ဒီရွှေစည်းခုံ ဘုရားမှာ ပူစူးမတို့ သုံးယောက်ကို တွေ့ရမည်သာ။ မပြောင်းလွဲ တဲ့ ဈေးခေါ်သံ လေးတွေ နဲ့ အတူ ရွှေစည်းခုံ ဘုရားရဲ့ သမိုင်းကြောင်းတွေကို ဧည့်သည်တွေကို ကျက်မှတ်ထားသမျှ ရွတ်ပြနေတတ်တဲ့ သူတို့ကလေးတွေ မှာ တူညီတဲ့ မိသားစု ဝမ်းရေးပြဿနာတွေလည်း ရှိသေးရဲ့။

သူတို့ သုံးယောက်လုံးက ဝက်ကြီးအင်းရွာမှာနေတယ် ရွှေစည်းခုံဘုရားနဲ့ တော့သိပ်မဝေးဘူးပေါ့။ ပူစူးမ မှာက အမေ မရှိတော့ အဖေရယ် အဖေ့နောက်မိန်းမရယ် သူဖက်ကပါလာတဲ့ သား တယောက်ရယ် အတူတူနေတယ်။ ပူစူး အဖေ က ဧရာဝတီမြစ်ထဲမှာ ဌက်ခတ်တယ် အဖေ့ မိန်းမက ယွန်းထည်လုပ်တဲ့အလုပ်ရုံ မှာ သူ့သားက တော့ ညောင်ဦးဈေးထဲက ဆိုင်တဆိုင်မှာ အကူအလုပ်လုပ်တယ်။ ပူစူးမ က ဒီရွှေစည်းခုံ ဘုရားမှာ ပို့စ်ကတ် ရောင်းတယ်။ အဖေနဲ့ ပူစူးက လွဲလို့ ကျန်နှစ်ယောက် က နှစ်ပတ် တခါ မှလုပ်ခရတယ်။ ဒီတော့ အဖေနဲ့ ပူစူး တနေ့လုပ်တဲ့ ဝင်ငွေက အိမ်ထောင်တခုလုံး တနေ့စားဖို့။ ဒီနေ့ အဖေ နေမကောင်းလို့ ဌက်သွားမခတ်နိုင် ဒီတော့ ပူစူး ဈေးရောင်းကောင်းမှသာ နောက်နေ့ အတွက် ဆန်ဝယ် ဆီဝယ် လုပ်လို့ရမှာ။ ဖိုးလုံးကတော့ အဖေရော အမေရော မရှိတော့ ဖိုးအေ မမာသည်ကြီးနဲ့နေတာ။ ဆိုတော့ ဖိုးလုံးက ပူစူးထက်ကို ပိုပြီး နေ့တွက်ကိုက် ဖို့လိုတယ်။ အားလုံးထဲမှာတော့ ဝိုင်းစိန် က ပူစူးတို့လောက် ပြာပြာသလဲ နေ့တွက် ကိုက်ဖို့ စိတ်ပူနေစရာ မလို။ ဝိုင်းစိန်က အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ အဖေရော အကိုကြီးတယောက် ပါရှိသေး တယ်။ ဒါပေမဲ့ အဖေက ဟိုးတလောကမှ ရေချိုးမှားတာနဲ့ တိုက်ဆိုင်ပြီး မမာတာ ခုထိကို အလုပ်မဆင်းနိုင်သေးတော့ ဝိုင်းစိန်မ ရဲ့ လုပ်စာလည်း သူတို့အိမ်အတွက် လပ်တလော အဆင်ပြေဖို့ လိုအပ်နေ သည်။ သူတို့ သုံးယောက်မှာ နောက် တခုတူညီနေတာက သူတို့ အားလုံး ကျောင်းမနေခြင်းပင်။

ပူစူးမ ဟိုဒီ တွေးတောရင်း က ဖိုးလုံး နဲ့ ဝိုင်းစိန်တို့ အော်ဟစ်သံ ကြောင့် လန့်ဖြန့်ပြီး ဒီမျောက်နှစ်ကောင် ဘာဖြစ်လည်းလို့ ကြည့်လိုက်မိတော့ ဝိုင်းစိန်က ပြေကျနေတဲ့ ဆံရစ်ဝိုင်းကို ကိုင်ပြီးငိုနေတယ် ဖိုးလုံးက သာအောင် ဆိုတဲ့ကောင်လေးရဲ့ လည်ပင်းအင်္ကျီစကိုဆွဲထားပြီး မျက်နှာတည့်တည့်ကို သေချာချိန်ပြီး လက်သီးနဲ့ထိုးမယ်လို့ပြင်နေတယ်။ ရန်ဖြစ် နေတာကိုတွေ့တော့မှ ပူစူးမ သတိဝင်လာပြီး “ဟဲ့ ဟဲ့ ဘာဖြစ်တာလည်း.. တော်တော့ ဖိုးလုံးလွတ်လိုက်…ဟဲ့ ဟိုကောင်မ ဝင်ဆွဲလေ ငိုမနေနဲ့ …” ပူစူးမ သူတို့ နှစ်ယောက်ကြား အတင်းဝင်ပြီး ဖိုးလုံးကိုယ် ကိုတွန်းထုတ် မှ သာအောင်ခင်မျာ နာသွားတဲ့ လည်ပင်းကို ပွတ်ရင်း ငိုမဲ့မဲ့ဖြစ်နေတယ်။ သာအောင် က ပူစူးမ တို့လိုပဲ ပို့စ်ကတ်ရောင်းတဲ့ ကောင်လေး ဒီ ရွှေစည်းခုံဘုရား မှာ ပူစူးတို့ အပြင် ပို့စ်ကတ်ရောင်းတဲ့ တခြား ကလေးတွေ ရှိသေးတယ်။ ပူစူးတို့ သုံးယောက်ကသာ ဒီနေရာမှာ ရောင်းတာကြာနေပြီ ဆိုတော့ ကိုယ့်အဖွဲ့နဲ့ ကိုယ်လိုဖြစ်နေတာ။ နောက်မှ ရောက်လာတဲ့ ကလေးတွေထဲမှာ အဲဒီ သာအောင် ဆိုတဲ့ကောင် အဆိုးဆုံး သူက ဈေးလည်းလုရောင်းတတ်တယ်။ ဘယ်သူ့ကိုမှလည်း ညှာရကောင်း မှန်းမသိ သူဈေးဦးပေါက်ပြီးလည်း လုရောင်းနေတာပဲ။ ခုလည်း ဝိုင်းစိန်မ ထိုင်နေတာကို ဘေးကဖြတ်သွားရင်းနဲ့ ဆံရစ်ဝိုင်းကို လက်နဲ့ ဆွဲသွားလို့ ဖိုးလုံးနဲ့ ရန်ဖြစ်ကြတာ။ ဖိုးလုံးကလည်း ပူစူးတို့ သုံးယောက်ထဲမှာ သူက ယောင်္ကျားလေးဆိုတော့ မိန်းကလေးတွေကို ကာကွယ်ပေးရတဲ့ တာဝန်ကို ဘယ်သူမှ မပေးပဲ ကျေကျေနပ်နပ် တာဝန်ယူထားသူဆိုတော့ သာအောင် နဲ့ ရန်ဖြစ်ကြတာပေါ့။

အော် ဒီနေ့မှပဲ ဘုရားဖူးတွေကလည်း နည်းလိုက်တာနော်…ပူစူးစိတ်ထဲမှာတွေးလိုက်တယ်။ ဘာလို့ ဧည့်သည် တွေနည်းသွားလည်းဆိုတာ အဖေ့ကို ဟိုကျောင်းဆရာလေး ပြောတာတော့ မြန်မာပြည်ကို ကမ္ဘာလှည့်ခရီး သည်တွေ အရင်ကလောက်မလာတော့လို့တဲ့။ ဘာလို့လည်းဆိုတာတော့ ဆရာလေးက မပြောသွားလို့ ပူစူးလည်း မသိလိုက်ဘူး။ အရင် က ဒီလို ဆောင်းရာသီဆိုရင် ကမ္ဘာလှည့်တွေ ဘုရားဖူးတွေ အတော်လာတာ။ ပူစူးတို့ တောင်မှ အင်္ဂလိပ်လို ရွှေစည်းခုံဘုရားသမိုင်းကြောင်းကျက်ထားရသေးတယ်။ ဆရာလေး သင်ပေး တာပေါ့ နားလည်လို့တော့ မဟုတ်ဘူး နှုတ်တိုက်ကျက်ထားတာလေ။ ဘုရားဖူးတွေ ပို့စ်ကတ်ဝယ် တယ်ဆိုရင် အလကား ဘုရားသမိုင်းကိုပြောပြပေးတာလေ။ နိုင်ငံခြားသားကြီးတွေဆို သဘောကျလွန်းလို့ သူတို့ က ပို့စ်ကတ်တွေလည်း ကလေးအားလုံးဆီက ဝယ်တယ် ပူစူးတို့ကို ချော့ကလက်တွေတောင် ပြန်ကျွေးသွားသေးတာ။ ပူစူးတို့လည်း သူတို့ကို ဘုရားသမိုင်း ကို အကောင်းဆုံးဖြစ်အောင် အင်္ဂလိပ်လိုပြောပေးလိုက်တယ်။ အမယ် ပူစူးက အင်္ဂလိပ်လို အသံထွက်ပီတယ်ဆိုပဲ သူတို့အချင်းချင်း ပြောတာကို ဧည့်လမ်းညွှန်မမ ပြန်ပြောပြတာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပူစူးတို့တွေ အဲဒီ အချိန်တုန်းက ဒီလောက်လည်း ငွေရဖို့ စိတ်မပူရဘူး။ အိမ် မှာလည်း ဒီလောက် မကျပ်တည်းဘူး၊ အရင်က များလှပြီလို့ထင်တဲ့ ပိုက်ဆံနဲ့ ဆန်သွားဝယ် တပြည်တောင် မရတော့ဘူး။ ပူစူး က ကလေးပေမဲ့ ဆန်ဈေး တွေ တက်တက်လာ တာတော့ သတိထားမိတယ်လေ။ နေ့တိုင်း ဈေးရောင်းကပြန်ရင် နောက်နေ့ချက်ဖို့ ဆန်ဝယ်ပြီးမှ အိမ်ကိုပြန်ရတာကိုး။

“ဟေး……ပူစူးမ ..နိုင်ငံခြားသားဧည့်သည်တွေလာနေပြီဟ … ” ဖိုးလုံးရဲ့ ဝမ်းသာအားရအော်သံ အဆုံး ပို့စ်ကတ်ရောင်းမယ့် ကလေးတွေရော ဘုရားသမိုင်းကြောင်းပြောပြမဲ့ ကလေးတွေရော အားလုံး အပြိုင်အဆိုင် ဧည့်သည်တွေ တက်လာနေတဲ့ စောင်းတန်း ဘက်ကို ပြေးကြလေရဲ့။ ဟိုကျတော့ ဧည့်သည်က ထင်ထားသလို အုပ်စုနဲ့ လာတဲ့ ဧည့်သည်တွေ မဟုတ် လူလေး ၅ ယောက် နဲ့ ဧည့်လမ်းညွှန်မမ တယောက်။ ဒါပေမဲ့ ဧည့်လမ်းညွှန်မမ က ပူစူးတို့နဲ့ မျက်မှန်းတမ်းမိပြီးသား ဒီတော့ သာအောင်တို့ အုပ်စု ရှေ့က ကာစီးကာစီး လုပ်နေတာတောင် သူတို့ဆီမှာ မဝယ်ပဲ ပူစူးတို့သုံးယောက် ရပ်နေတဲ့နားကို သူ့ဧည့်သည်တွေ ခေါ်လာနေတယ်။ ပြီးတော့ သူ့ ပါးစပ်က ပူစူးတို့နားမလည်တဲ့ စကားသံ လုံးလုံးထွေးထွေး နဲ့ သူ့ဧည့်သည်တွေကို ပြောပြနေတယ်။ ပြီးတော့ ပူစူးတို့ဆီကိုလျှောက်လာကြတယ်။ ဝိုင်းစိန်မ ကလည်း သူ့ အရပ်ပုပုလေး ကို ခြေဖျားထောက်ပြီး လက်ကပို့စ်ကတ်တွေ ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို ဧည့်သည်တွေ မတွေ့တွေ့ အောင် မြှောက်ပြနေတယ်။ ပူစူးလည်း အလွတ်ကျက်ထားတဲ့ အင်္ဂလိပ်စကားနဲ့ နှုတ်ဆက်လိုက်တယ်။ ဧည့်သည် မိန်းမကြီးတယောက်က အံသြတဲ့မျက်နှာဖြစ်သွားပြီး ပူစူးဆီက ပို့စ်ကတ်တွေ အများကြီးဝယ်တယ်။ ဖိုးလုံး နဲ့ ဝိုင်းစိန် ဆီကလည်း ဝယ်နေတယ်။ ဖိုးလုံးကလည်း သူ့ရဲ့ ဘယ်လို ပြောပြော မသာယာနိုင်တဲ့ အင်္ဂလိပ်သံကြီး နဲ့ ရွှေစည်းခုံဘုရား သမိုင်းကြောင်း ကို စရှင်းပြနေတော့တယ်။

ဈေးဦးပေါက် အနေနဲ့ တော့ ၁ ထောင်ကျော်လောက်ရလိုက်တယ်။ ပူစူးလည်း နည်းနည်းတော့ စိတ်အေးသလိုလို ရှိသွားတယ်။ ဟိုကောင် ဖိုးလုံး နဲ့ ဝိုင်းစိန်လည်း မဆိုးဘူးထင်ပါတယ်။ အဲဒီ ဧည့်သည်တွေ ပြီးတော့ နိုင်ငံခြားဧည့် သည်တွေ မလာတော့ဘူး။ ဘုရားဖူးယာဉ်တွေနဲ့တော့ လာကျပါတယ် ဒါပေမဲ့ စောင်းတန်းထဲက ဆိုင်တွေမှာပဲ ဝယ်လာကျတော့ ဘုရားပေါ်ရောက်တော့ ပူစူးတို့ဆီက မဝယ်တော့ဘူးပေါ့။ ဒီလိုနဲ့ ညနေစောင်းတဲ့ အထိ ကြိုးကြားကြိုးကြားပဲ ရောင်းရတော့တယ်။ ညနေ အိမ်ပြန်ချိန်ရောက်တော့ လွယ်အိတ်ထဲမှာ ရောင်းရတဲ့ငွေ ၂ ထောင်ကျော်လေးပဲရသေးတယ်။ ပူစူးမ စိတ်ညစ်သွားတယ် ဒီငွေနဲ့ ဘယ်လို ဆန်နဲ့ ဆီ ဝယ်ရမလည်းဆိုတာ မစဉ်းစားနိုင်အောင်ပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ပြန်ဖို့ အချိန်ကတော့ ရောက်လာပြန်ပြီလေ။ ဖိုးလုံး နဲ့ ဝိုင်းစိန်လည်း နေ့တွက်တော့ ကိုက်ပုံမရ။ ဖိုးလုံးမျက်နှာ သုန်မုန်နေတာကိုကြည့်ရင် သိနိုင်တယ်။ “ကဲ…အိမ်ပြန်ကျရအောင် ဒီချိန်ကျမှတော့ ဘယ်သူမှလည်း ဘုရားလာဖူးတော့မှာ မဟုတ်ဘူး..စောင်းတန်းထဲက ဆိုင်တွေတောင် ပိတ်ကုန်ပြီ” ပူစူး က ပြန်ဖို့နိုးဆော်မှ ပဲ သူတို့သုံးယောက်သား ဘုရားရင်ပြင်ပေါ်ကနေထလာဖြစ်တော့တယ်။

အိမ်ပြန်တဲ့ လမ်းမှာ မနက်က ဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန်မမ ကို ထပ်တွေ့သေးတယ် သူတို့ကတော့ ပူစူးတို့ ကို မမြင်ပါဘူး။ ဧည့်သည်တွေလက်ထဲမှာလည်း မှန်ပြောင်းတွေ၊ ကင်မရာတွေနဲ့။ သူတို့ ရွှေစည်းခုံဘုရားနားက ဧရာဝတီမြစ်ကမ်းနဖူး ဆီကိုသွားနေကြတာပဲ။ သူတို့ ပုဂံ ရဲ့ နေဝင်ဆည်းဆာကို ဧရာဝတီမြစ်ကမ်းနဖူး ကနေ ဓါတ်ပုံရိုက်မယ်ထင်ပါရဲ့။ ဝင်လုဆဲဆဲနေလုံးကြီးပတ်လည်က ပုဇွန်ဆီရောင်တိမ်တိုက်တွေရယ် ဧရာဝတီမြစ်ထဲက လှေငယ်လေးတွေရယ်ဟာ သေသပ်လှပစွာ ဆွဲထားတဲ့ ပန်းချီကားတချပ်လိုပါပဲ။ ပုဂံရဲ့ ဆည်းဆာ ကို တန်ဖိုးထားစွာနဲ့ ကြည့်လိုကျတဲ့ ဧည့်သည်တွေ ကြည့်ဖူးပြီးတဲ့ ဧည့်သည်တွေ ဘယ်လောက်များပြီလဲ။

ဆည်းဆာဆိုတာ နေ့တနေ့ကုန်ဆုံးပြီး ညဥ့်ဦးယံမလာခင် အချိန်ပိုင်းလေး အကူးအပြောင်းကာလတခု။ ဧည့်သည်တွေ အတွက်တော့ ကြည်နှုးရင်ခုန်ဖွယ်ကောင်းတဲ့အချိန်ပေါ့။ ပူစူးတို့အတွက်တော့ ဆည်းဆာဆိုတာ နောက်ထပ် ရုန်းကန်မှုတခုရဲ့အစ၊ နေ့သစ်ကိုရောက်ဖို့ အတွက် သန္ဓေတည်ရာ၊ ပင်ပန်းမှုတို့ရဲ့ တိုက်ပွဲခေါ်သံ။ သေချာတာတခုကတော့ ပူစူးမတို့ ဆည်းဆာနဲ့ ဘုရားဖူးဧည့်သည်တွေ ရဲ့ ဆည်းဆာ အမြင်တူပေမဲ့ ခံစားချက် တွေ မတူညီကြတာပါပဲ။


စိုးသင့်ဆွေ
နိုဝင်ဘာလ ၁၃ရက်၊ ၂၀၀၈
နံနက် ၁၀း၃၉


Read More...

Monday, November 10, 2008

သူခိုး ပေးပို့ လိုက်တဲ့ စာလေးတစောင်


သတင်းတိုလေးတပုဒ် ဖတ်မိပြီး သဘောကျလို့ ပြုံး၊ ပြုံးမိရာကနေ ဖြန့်တွေးကြည့်ရင်းနဲ့ ဒီစာလေးကို ရေးဖြစ်သွား တယ်။ သတင်းလေးက BBC News မှာပါတဲ့ သတင်းလေး အကြောင်းအရာက ဆန်းတယ်။ ခေါင်းစဉ်ကိုကြည့်ပါ။

“ဆိုင်ရှင်ထံသို့ သူခိုးမှ တောင်းပန်စာ ပေးပို့”

အင်္ဂလန်နိုင်ငံ ဘရစ်စတောလ်မြို့ရှိ အိန္ဒိယကုန်စုံဆိုင်ပိုင်ရှင် အီမရန် ဟာမက်ဟာ ထူးခြားတဲ့ တောင်းပန်စာ တစောင် လက်ခံရရှိခဲ့ပြီး။ စာနဲ့ အတူ အင်္ဂလန် ပေါင်စတာလင် ၁၀၀ ကိုပါလက်ခံရရှိခဲ့ပါတယ်။ စာပါ အကြောင်းအရာက…..

“ လေးစားရပါသော ဆိုင်ရှင်ခင်ဗျား ကျွန်တော်ဟာ ဒီစာကို နောင်တရခြင်းများစွာနဲ့ ရေးသားလိုက်တာပါ။ တချိန်တုန်းက ကျွန်တော်ဟာ ခင်ဗျားဆိုင်က ဆေးလိပ် အလိပ် ၄၀၀ ကို ခိုးယူခဲ့ဖူးပါတယ်။ ဒီစာနဲ့ အတူ ပူးတွဲပါ ပေါင်စတာလင်ငွေ ၁၀၀ ဟာ အဲဒီ ခိုးယူခဲ့ဖူးတဲ့ ဆေးလိပ် ၄၀၀ ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ငွေဖြစ်ပါတယ်။ လွန်ခဲ့သော ၇ နှစ် တုန်းက ကျွန်တော်ဟာ ဆေးအလွန် အကျွံ့စွဲနေသူတယောက်ဖြစ်နေပြီး တညမှာ ခင်ဗျားရဲ့ ဆိုင်နားကို ဖြတ်လျှောက်မိတုန်း ဆိုင်ကို တခြားတဦး ဖေါက်ထွင်းထားတာတွေ့ပြီး ပျက်စီးလို့ဟနေတဲ့ တံခါးကနေ ဆိုင်ထဲကို ဝင်ရောက်ခါ ဆေးလိပ် အလိပ် ၄၀၀ ကို ကျွန်တော်ခိုးယူခဲ့တာပါ။ အခုတော့ ကျွန်တော်ဟာ ဆေးဖြတ်လိုက်ပြီး ကျွန်တော့်ရဲ့ ဘဝကို ရိုးသားကောင်းမွန်စွာဖြတ်သန်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ရဲ့ အတိတ်က မိုက်ပစ်တွေကို ပြန်တွေးမိတိုင်းမှာ ကျွန်တော့်မှာ နောင်တရလို့မဆုံးပါဘူး။ ဒါကြောင့် အဲဒီအပြစ်တွေကို ဖျောက်ဖျက်လို့ ရအောင် ဒီတောင်းပန်စာနဲ့ အတူတူ ကျွန်တော် ခိုးယူခဲ့တဲ့ ဆေးလိပ်တွေရဲ့ တန်ဖိုးငွေသားကိုပါ ခင်ဗျားဆီပို့လိုက်ရတာပါ။ ခင်ဗျားရဲ့ ပစ္စည်းတွေပျောက်သွားလို့ တချိန်က ခင်ဗျားခံစား ရတဲ့ ခံစားချက်တွေ အတွက် ဒီစာနဲ့ အနည်းငယ်မျှလောက်သက်သာအောင် လုပ်ပေးနိုင်တယ်ဆိုရင်ဖြင့် ကျွန်တော်အထူးပင် ဝမ်းမြောက်မိမှာပါ ခင်ဗျာ။ ”


စာပါအကြောင်းအရာကတော့ ဒီလောက်ပါပဲ ဆိုင်ရှင်ဖြစ်တဲ့ အီမရန် ဟာမက် ကတော့ သူလက်ခံရရှိတဲ့ ပေါင်စတာလင် ၁၀၀ ကို မူးယစ်ဆေးစွဲသူများကုသရေး ရံပုံငွေ အဖြစ်လှုတမ်းလိုက်မယ်လို့ ပြောဆိုပါတယ်။


ကဲ သတင်းဖတ်ပြီးတော့ ပြုံးမိသွားပြီလား။ သူတပါးရဲ့ ချွေးနည်းစာကို ခိုးယူတာဟာ ရေသာခိုအချောင်လိုက် သမားတွေရဲ့စိတ်ဓါတ်ပါ။ လောကမှာ မိမိကိုယ်ကျိုးအတွက်နဲ့ သူများရှာထားဖွေထား တဲ့ ပစ္စည်းကို ပိုင်ရှင်မသိ အောင်ခိုးယူခြင်းဟာ ကောင်းမွန်တဲ့ စာရိတ္တ မဟုတ်ပါဘူး။ ဒါဟာ မိမိရဲ့ ကိုယ်ကျင့်တရားကို တန်ဘိုးချ လိုက်ခြင်းလည်းဖြစ်ပါတယ်။


အပေါ်သတင်းထဲကလို သူခိုးမျိုးကတော့ တော်တော့ကို ရှားပါးတဲ့ စိတ်ဓါတ်ပါပဲ။ သူဟာ အမှားကို အမှားမှန်းသိပြီး သူ့ကိုယ်သူ ပြုပြင် လိုက်နိုင်တယ်။ သူများပစ္စည်းကို အလကားယူမိခဲ့တဲ့ အတွက်လည်း နောင်တရကာ ပြန်တွေးလိုက်တိုင်း တနှံ့နှံ့ခံစားနေရပြီး မနေနိုင်တဲ့အဆုံးမှာ တောင်းပန်စာရေး လိုက်တာပါ။ သူဒီစာကို မရေးရင် ဆိုင်ပိုင်ရှင်ဖြစ်တဲ့သူက ခိုးသူဘယ်ဘယ်ဝါဆိုတာ သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။ သူခိုးရဲ့ တချိန်က မိမိကျူးလွန်လိုက်တဲ့ အမှုအပေါ် ဝန်ခံလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ခိုးယူမိတဲ့ပစ္စည်း အတွက် ပိုင်ရှင်ရဲ့စိတ်သောကကို ကိုယ်ချင်းစာစိတ် နဲ့ အတူ သူတပါးပစ္စည်းကို အချောင်မရယူ လိုတဲ့ စိတ်ထားကောင်းလေးတွေကို သတင်းလေးဖတ်ရင်း ဆက်စပ်တွေးမိသွားပါတယ်။ အကယ်၍သာ ဒီ သတင်းထဲက သူခိုးလို စိတ်ဓါတ်ကောင်းလေး သူခိုးကြီးတွေ သူခိုးလေးတွေ အားလုံးဆီမှာသာ ရှိခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ ခိုးချင်တယ်ဆိုတဲ့ အကျင့်၊ သူခိုးဆိုတဲ့ စကားလုံး ပျောက်ကွယ်သွားမယ်ထင်ပါရဲ့။


စိုးသင့်ဆွေ
နိုဝင်ဘာလ ၉ရက်၊ ၂၀၀၈
ည ၁၁း၅၀


Read More...