Monday, December 1, 2008

သီချင်းရုပ်ရှင်

ကျမ ရုပ်ရှင်ကြည့်ရတာ အင်မတန်မှကြိုက်နှစ်သက်ပါတယ်။ အထူးသဖြင့် ဒရမ်မာကားတွေကို ပိုကြည့် ဖြစ်ပါတယ်။ နောက်ပြီးတော့ သီချင်းရုပ်ရှင် (Musical Movie) တွေကြည့်ရတာ အလွန်ကြိုက်ပါတယ်။ သီချင်းရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်တဲ့ သူတွေဟာ သီချင်းဆိုပြီး ပြဇာတ်ဆန်ဆန် သရုပ်ဆောင်တာကို သဘောကျမိတယ်။ စိတ်ဆိုးလည်း စိတ်ဆိုးတဲ့ အလျှောက်၊ ဝမ်းနည်းလည်း ဝမ်းနည်းသွားတဲ့ အလျှောက် စကားမပြောပဲ သီချင်းဆိုပြီး သရုပ်ဆောင်မှုရဲ့နောက်ကို ဂီတကောင်းရင် ကောင်းသလို စီးမြောသွားရတာ ဆိုတော့ စိတ်ထဲမှာ ကြည်နှုး၊ ဝမ်းနည်း၊ ပျော်ရွှင် စတဲ့ ခံစားမှုရသတွေကို တေးဂီတလေးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ခံစားရတာကို ကြိုက်နှစ်သက်မိတာပါ။


အများအားဖြင့် သီချင်းရုပ်ရှင်တွေကို ပြဇာတ်အနေနဲ့ ဇာတ်ခုံပေါ်မှာ အောင်မြင်ပြီးမှ ရုပ်ရှင်အဖြစ်ဖန်တီး ထုတ်လုပ်တာပါ။ သီချင်းရုပ်ရှင်များရဲ့ အစဟာ ပြဇာတ်များဆီမှ အခြေခံပြီးပေါ်ပေါက် လာတယ်ဆိုလည်း မမှားပါဘူး။ ၁၉၃၀ မှ ၁၉၅၀ နှစ်အတွင်းမှာသီချင်းရုပ်ရှင်များရဲ့ အောင်မြင်မှုရှိဆုံး အချိန်ကာလတွေပါပဲ။ ပထမဦးဆုံး သီချင်းရုပ်ရှင်ဇာတ်လမ်းတိုတွေကို ၁၉၂၃-၂၄ ဝန်းကျင်တွေမှာ စတင်ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ တချို့ သီချင်းရုပ်ရှင်တွေမှာ မူရင်းပြဇာတ်ရဲ့ သရုပ်ဆောင် မင်းသား မင်းသမီးတွေကိုပဲ ပြန်လည် သရုပ်ဆောင် စေပါတယ်။

၁၉၅၀ ရှေ့ပိုင်း သီချင်းရုပ်ရှင်တွေကိုတော့ လက်လှမ်းမမီလို့ မကြည့်ဘူးပေမဲ့ ၁၉၅၀ ပြည့်လွန် နှစ်များက သီချင်းရုပ်ရှင်တွေကိုတော့ ကြည့်ဖူးပြီး အတော်များများကို ကြိုက်နှစ်သက်မိတယ်။ ထင်ရှားတဲ့ သီချင်းရုပ်ရှင်တွေ ကတော့ “The Sound of Music” “The King and I” “My Fair Lady” တို့ပါ။ ဒီရုပ်ရှင်တွေ အားလုံးဟာ ယနေ့အထိ ပြဇာတ်အနေနဲ့လည်း ကပြနေရဆဲဖြစ်တဲ့ အပြင် ဇာတ်ဝင်သီချင်း တွေဟာလည်း ယနေ့ခေတ် အထိ အရောင်းတွင်ကျယ် နေတုန်းပါပဲ။

၁၉၆၀ နောက်ပိုင်းမှာတော့ သီချင်းရုပ်ရှင်တွေမှာပါဝင်တဲ့ တေးဂီတသံစဉ်တွေဟာ ခေတ်ပေါ် ရော့ခ်၊ ပေါ့ပ် သံစဉ်တွေ အဖြစ်ပြောင်းလဲလာပါတယ်။ ရော့ခ် ဘုရင် အဲလ်ဗစ် ပရက်စလေ ရဲ့ သီချင်းရုပ်ရှင်တွေ ဟာလည်း အလွန် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ သူ့ရဲ့ "Jailhouse Rock" တို့ "Blue Hawaii" ဇာတ်ကားတွေဟာ ရုပ်ရှင်ကားရဲ့ ဝင်ငွေစံချိန်တင်မက ဇာတ်ဝင်သီချင်းခွေ ရောင်းအားမှာလည်း စံချိန်တင်နိုင်ခဲ့တဲ့ ဇာတ်ကား တွေပါ။ ၁၉၆၀ နောက်ပိုင်းကျတော့ သီချင်းရုပ်ရှင်တွေ အခန်းကဏ္ဍဟာ မှေးမှိန်သွားခဲ့ပေမဲ့ လုံးလုံးကြီး ပျောက်ကွယ် သွားတာတော့ မဟုတ်ပါဘူး။


၂၀၀၀ ခုနှစ် မတိုင်မီအစောပိုင်းကာလတွေမှာတော့ သီချင်းရုပ်ရှင်တွေ ပြန်ရေပန်းစား လာပါတယ်။ သီချင်းရုပ်ရှင် တကားဟာ ရုပ်ရှင် အနေနဲ့အောင်မြင်ပြီဆိုရင် ဇာတ်ကားပြသလို့ရတဲ့ ဝင်ငွေ အပြင် ဇာတ်ဝင်တေးသီချင်းတွေကို ရောင်းရတဲ့ ဝင်ငွေကလည်း မက်မောလောက်စရာမို့ ပြန်လည်ရိုက်ကူး လာကြတာလည်းဖြစ်နိုင်ပါတယ်။ ၂၀၀၀ခုနှစ် နောက်ပိုင်းမှာ ဝင်ငွေကောင်းခဲ့တဲ့ သီချင်းရုပ်ရှင်တွေလည်း အတော်များပါတယ်။ အသစ်ဖန်တီး တင်ဆက်တဲ့ "Moulin Rouge!" ၊ "High School Musical" တို့လို ရုပ်ရှင်တွေ အပြင်၊ ပြဇာတ်လောကမှာ အောင်မြင် ထင်ရှားနေတဲ့ "Chicago" ၊ "The Phantom of the Opera"၊ "Mamma Mia!" ဇာတ်လမ်းတွေကိုပါ ရုပ်ရှင်အဖြစ် ရိုက်ကူး ခဲ့ကြပါတယ်။


၁၉၉၆ မှာ ရိုက်ကူးခဲ့ပြီး ပေါ့ပ်ဘုရင်မ မက်ဒေါနား (Madonna) နဲ့ မင်းသား အန်တိုနီယို ဘန်ဒဲရက်စ် (Antonio Benderas) ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အီဗီတာ "Evita" ကတော့ ကျမရဲ့ အနှစ်သက်ဆုံး သီချင်းရုပ်ရှင် တခုပါ။ ဇာတ်လမ်းက အာဂျင်တီးနားနိုင်ငံ ရဲ့ သမတကတော် မစ္စ အီဗာ ဒူအာတီ ဒီ ပဲရွန် (Eva Duarte de Perón) ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်နဲ့ အဆိုတော် မက်ဒေါနားကို သရုပ်ဆောင်ကောင်း တယောက်အဖြစ် တကမ္ဘာလုံးက အသိမှတ်ပြုခဲ့ရတဲ့အပြင် သူမဟာ အကောင်းဆုံးမင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း ကတော့ အောက်ခြေလူတန်းစား အလွှာက မိန်းမပျိုလေး တဦးဘဝကို ရုန်းကန်ခဲ့ရပုံ၊ သူမရဲ့ အလှကို ခုတုံးလုပ်ပြီး ဘဝမြင့်တက်ဖို့အတွက် ယောင်္ကျားသားတွေ ကိုအသုံးချခဲ့ပုံ၊ အောက်ဆုံး အလွှာကနေပြီး တဖြေးဖြေး ရုပ်ရှင်မင်းသမီး ဖြစ်လာခဲ့ပြီး ဗိုလ်မှုး တယောက်(နောက်ပိုင်း အာဏာရှင်စနစ်ကိုဆန့်ကျင်သူ နိုင်ငံရေးသမား) နဲ့ ချစ်ကြိုက်ခဲ့ပြီး နောက်မှာ နိုင်ငံရေးနယ်ပယ် ထဲရောက်လာကာ ချစ်သူ ထောင်ကျနေခိုက်မှာ အာဏာရှင်စနစ်အောက်က အာဂျင်တီးနား နိုင်ငံလွှတ်မြောက်ဖို့ သူကိုယ်တိုင် လူထုနဲ့ တိုက်ပွဲဝင်ခဲ့ပုံ၊ အထက်တန်းလွှာကလူများက သူမအား အထင်အမြင်သေးပုံ။

နောက်ဆုံးမှာတော့ အာဂျင်တီးနားနိုင်ငံရဲ့ သမတကတော်အဖြစ် ရောက်ရှိသွားခဲ့တယ်။ လူထူနဲ့ တသားထဲရှိတဲ့ စိတ်ဓါတ်ကြောင့် လူထုရဲ့ ချစ်ခင်မှုကိုရရှိခဲ့ပုံတွေ အပြင်၊ သူမရဲ့ အဝတ်အစားဖက်ရှင်ဒီဇိုင်းတွေကို ကမ္ဘာကတောင် ဂရုစိုက်စောင့်ကြည့်ခဲ့ရပုံတွေ နောက်ဆုံးတော့ ကင်ဆာရောဂါဖြစ်ပြီး အသက် ၃၃နှစ် အရွယ်မှာ သေဆုံးသွားပါတယ်။ သေဆုံးချိန်မှာ ပြည်သူတွေဟာ နှမြောတသဖြေ မဆည်ပုံစတဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားပါတယ်။

ဒီနေရာမှာ သရုပ်ဆောင်မင်းသမီးကိုယ်တိုင်က အဆိုတော်လည်းဖြစ်ပြန် အကမှာလည်းတော်ပြန်ဆိုတော့ အဆိုရော အကပါ အသားပေးရိုက်ကူးထားပါတယ်။ သီချင်းရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ဇာတ်မှာပါဝင်တဲ့ သရုပ်ဆောင်တွေပါ အားဖြည့်အသုံးတော်ခံကြတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပိုကြည့်လို့ကောင်းပါတယ်။ သီချင်း စာသားတွေကလည်း အထူးကောင်းမွန်နေပါသေးတယ်။

သီချင်းရုပ်ရှင်တွေမှာ ဇာတ်လမ်းပြောပြသူ တယောက်ကိုလည်းဇာတ်ကောင်တယောက် အနေနဲ့ထည့်သွင်း တတ်ပါတယ်။ ဒါကတော့ ပြဇာတ်ကတဲ့ အခါမှာ ဇာတ်ခုံပေါ်မှာ ဇာတ်လမ်းပြောပြတဲ့ သူတယောက် အမြဲထည့်သွင်းလေ့ရှိတဲ့ အလေ့အထကို ရုပ်ရှင်မှာပြန်သုံးထားတာပါ။ ဇာတ်ခုံပေါ်မှာတော့ ဒီလို ဇာတ်လမ်းပြောပြသူ ဟာ အမဲရောင်ထက်အောက်ဆင်တူ ဝတ်စုံကိုပဲ ဝတ်ဆင်ရပါတယ်။ ဒါမှလည်း တခြားလူတွေဝတ်ဆင်တဲ့ အရောင်တွေ ကွဲပြားအောင်လို့ပါ။ အီဗီတာ ရုပ်ရှင်ကားမှာတော့ မင်းသား အန်တိုနီယို ဘန်ဒဲရက်စ် က ဇာတ်လမ်းပြောပြသူ အဖြစ်ပါဝင် ထားပါတယ်။

တကယ့်ပြင်ပလောက မှ ဇာတ်ကောင် သမတကတော် အီဗာ ဟာ အဲဒီခေတ်အခါက ဖက်ရှင်ဒီဇိုင်း နတ်ဘုရားမ တဆူ ဖြစ်ခဲ့ပြီး သူဝတ်ဆင်သမျှကို အာဂျင်တီးနားပြည်သူတွေသာမက နိုင်ငံတကာကပါ အတုခိုးခဲ့ရ ပါတယ်။ အဲ သရုပ်ဆောင်ရတဲ့ မင်းသမီး မက်ဒေါနားဟာ ဒီရုပ်ရှင်မှာ ဦးထုပ် ၃၉လုံး၊ ဖိနပ် ၄၅ရံ၊ နားကပ် ၅၆ရံ ဝတ်ဆင်ခဲ့ပြီး အဝတ်အစားအမျိုးမျိုးကို ၅၈ကြိမ်လဲလှယ်ခဲ့လို့ ကမ္ဘာ့ဇာတ်ဝင်အဝတ်အစားအများဆုံးလဲလှယ်သူ အဖြစ် ဂရင်းနစ်စံချိန်ဝင်သွားပါသေးတယ်။

ဒီဇာတ်ကားကို သာမာန် ဖျော်ဖြေရေး အနေနဲ့ပဲ ကြည့်ကြည့် အာဂျင်တီးနားနိုင်ငံရဲ့ သမိုင်းအထောက်အထား တခုအနေနဲ့ပဲကြည့်ကြည့် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တခုဖြစ်ပါတယ်။ တကယ်လို့များ ဒါရိုက်တာပေးချင်တဲ့ ရသတွေကို မြင်ရင်မြင်တတ်သလို မိန်းမငယ်လေး တယောက် ဘဝကို ရေစုန်မြောမလိုက်ပဲ အရှုံးမပေးတမ်း ရင်ဆိုင်ပုံ၊ သူမရဲ့ ချစ်သူအပေါ်စွန့်လွှတ် အနစ်နာခံပုံတွေ၊ နိုင်ငံ့အရေးအတွက် နိုင်ငံရေးဗဟုသုတမရှိပေမဲ့ သူ့ကိုယ်စွမ်းရှိသလောက် လုပ်ဆောင်ပုံတွေကို ခံစားနိုင်ပါတယ်။

ကျမကတော့ ဒီရုပ်ရှင်ကားကိုနှစ်သက်လို့ ၁၀ ခါထက်မနည်းကြည့်ခဲ့ဖူးပါတယ်။ ကြည့်တဲ့အခါတိုင်းမှာလည်း ပိုလို့နှစ်သက်မိပါတယ်။ မက်ဒေါနားရဲ့ သရုပ်ဆောင်ကောင်းမှု ဇာတ်ကောင်စရိုက်ဈန်ဝင်စားမှု ဟာ ဒီရုပ်ရှင်ကား ကို အောင်မြင်စေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ကြည့်ပြီးသား ကြိုက်ပြီးသား ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မကြည့်ရသေးတဲ့သူတွေကိုတော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ လက်တို့လိုက်ချင်ပါတယ်။

ကျမကြိုက်တဲ့ တချို့ သီချင်းရုပ်ရှင်လေးတွေကို youtube ကရှာပြီး အပေါ်က ဇာတ်ကားနာမည်တွေမှာ လင့်လုပ်ပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဦး ကြိုက်ကြမယ် ထင်ပါတယ်။

(ကျမတို့မောင်နှမတွေကို ငယ်ကတည်းက သီချင်းရုပ်ရှင်လေးတွေကို စိတ်ဝင်စားလာအောင် ပြသပြီး စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ သူတို့ ကိုယ်တိုင်လည်း သီချင်းရုပ်ရှင်တွေကို အင်မတန်ကြည့် အင်မတန်ကြိုက်ကြတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမရဲ့ အဖိုး ဦးဘသန်း နှင့် ဘဘကြည်မောင် တို့ အတွက် ဒီစာလေးကို အမှတ်တရ ရေးသားပါတယ်။)




စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁ရက်၊ ၂၀၀၈
နေ့လည် ၃း၁၈ မိနစ်

မှီငြမ်းကိုးကား ။ ။ Wikipedia The Free Encyclopedia (Musical Movie, Evita)
ဓါတ်ပုံ ။ ။ From Wikipedia The Free Encyclopedia, My Fair Lady and Evita


11 comments:

ပျူနိုင်ငံ said...

ကောင်းတယ် အမရေ။ ကျနော်တော့ သီချင်းရုပ်ရှင်
ဆိုရင် အိန္ဒိယကားတွေဘဲ အကြည့်များတယ်။ အမ
ပြောတော့မှ ဒီဇာတ်လမ်းတွေ ရှာကြည့်အုံးမယ်။
အမပြောတဲ့ ဇာတ်လမ်းတွေ ကျနော် ကြည့်ဘူးလား
မကြည့်ရသေးဘူးလား သေသေချာချာ မသဲကွဲဘူး
ဖြစ်နေတယ် အမရေ။ အားပေးပါတယ် ဗဟုသုတ
ဖြစ်စရာပါ။

လူလ said...

မင်္ဂလာပါ မမယော

လာဖတ်သွားတယ်။
အီဗီတာ ရုပ်ရှင်ကား တကားပဲ ကောင်းကောင်း သိတယ်။ ဒါတောင် မကြည့်ရသေးဘူး၊ သတင်းတွေမှာ ကြားဖူးတာက ဒီရုပ်ရှင်ကားကို အာဂျင်တီးနား ပြည်သူပြည်သားတွေ မကြိုက်ဘူးလို့ သိရတယ်။ အာဂျင်တီးနားနိုင်ငံသားတွေ လက်ခံထားတာက သမိုင်းဝင် ပုဂ္ဂိုလ်တယောက်အဖြစ် မြင်တယ်။ သူတို့ တိုင်းပြည်အတွင်းက အမြင်နဲ့ တခြားတိုင်းပြည်က အမြင်က မတူညီ ကွဲပြားတယ်၊ ဒါကြောင့်လဲ သမိုင်းတွေဟာ ရေးသူတို့၏ စိတ်ထားနှင့် ယှဉ်ပြီး အပြောင်းအလဲ ဖြစ်သွားတာ များတယ်။
ဘာပြောပြော သုတတခုအဖြစ် မှတ်သွားတယ်။
အားပေးလျှက်ပါ...

ရွှင်လန်းချမ်းမြေ့ပါစေ...

ဆောင်းယွန်းလ said...

Evita ကိုတော့ကျနော်လည်းကြိုက်တယ်.Chicago လည်းကောင်းတာပါဘဲ.ကျန်တဲ့ဇာတ်ကားတွေကိုတော့
ကြည့်ဖြစ်အောင်အချိန်ယူရပါဦးမယ်.
အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးပါ..
ခင်မင်လျက်

ဆောင်းယွန်းလ

ဒူကဘာ said...

သီချင်း ရုပ်ရှင်ကြိုက်မှတော့ ပြဇါတ်ဆို မပြောဝံ့တော့ဖူး၊ အနုပညာ ခံယူသက်ဝင်မှု မြှင့်တယ် ဒါကြောင့်လဲ စာရေးကောင်းသကိုး....။

MANORHARY said...

The King and I ,My Fair Lady , The sound of Music တွေကိုကြည့်ပြီးပြီ..Evita ကို
ကြည့်လိုက်ဦးမယ်။ The sound of Music ကိုတော့
အကြိုက်ဆုံးပဲ....

ယောနသံစင်ရော် said...

ကိုအောင်၊ ကိုလူလ ကျေးဇူးတင်ပါတယ်။ အကိုဆောင်းယွန်း မိတ်ဆွေကောင်းဆိုတဲ့ အရာဟာဘဝမှာ ဘာနဲ့မှတန်ဖိုးဖြတ်လို့ မရဘူးတဲ့အကို။ မနော် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော် အမကြိုက်မှာပါ။ ကိုဒူကဘာ ကျမက သီချင်းဆိုတာလည်း ဝါသနာပါသေးတယ်။

ငါယုံကြည်ရာ ငါ့ကမ္ဘာ said...

အစ်မရေ ညီမလည်း သီချင်းရုပ်ရှင်တွေကိုအရမ်းကြိုက်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းပေါ်တဲ့ High School Musical လိုကားတွေပဲ ကြည့်ဖူးသေးတယ်။ အစ်မပြောတဲ့ကားတွေကိုမကြည့်ဘူးသေးဘူး။ Comedy နဲ့ Drama အရမ်းကြိုက်တယ်။ အစ်မနဲ့တူတာပေါ့။

eveningstar said...

စကားတွေ ချန်မထားခဲ့ပေမယ့် ပုံမှန်တော့ ဝင်ဖတ်ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ နည်းနည်း အလှမ်းဝေးတဲ့ ကျွန်တော့်အတွက် ဗဟုသုတတွေလည်း ရပါတယ်။ နီးနီးနားနားမှာပြနေရင် သွားပြေးကြည့်ချင်လောက်အောင်လည်း အရေးအသားတွေက ကောင်းပါတယ်ဗျာ။

Mhaw Sayar said...

ခပ်ငယ်ငယ်ကတော့ အမေနဲ့ အတူတူ အိန္ဒိယ Musical ဓာတ်ရှင်တွေ အတော် ကြည့်ဖြစ်တယ်ဗျ။ အဲဒီနောက် အဆက်ပြတ်သွားတာ အတော်ကြာပြီ။ ဒီနှစ်ထဲမှာ Mamma Mia! ဆိုတဲ့ တစ်ကားကို ပြန်ကြည့်ဖြစ်တာ ပထမဆုံး Musical Movie ပါပဲ။ အစ်မရဲ့ အညွှန်းအရ Evita ကို ကြည့်ဖြစ်အောင် ကြည့်ဖို့ ကြိုးစားလိုက်ဦးမယ်ဗျာ။

စကားမစပ်- Musical ဓာတ်ရှင်တွေက သာမန် ဓာတ်ရှင်တွေထက် ထူးထူးခြားခြားကြီး ရှည်လွန်းတာကိုတော့ အနည်းငယ် ကသိကအောက် ဖြစ်မိသဗျ။ :)

k said...

Mammamia လည်းကောင်းတယ်တဲ့။ မကြည့်ရသေးပါဘူး၊ သွားကြည့်မလားလို့၊ http://www.mammamiamovie.com

ABBA ရဲ့သီချင်းတွေကြိုက်ရင်ကြိုက်သွားမယ်ထင်တယ်။
ကျွန်တော်ကတော့ ABBA ဆိုရင်အရမ်းကြိုက်ပါတယ်။

April said...

ကျွန်တော်လည်း သီချင်းရုပ်ရှင်တွေ ကြိုက်တယ်။ Chicago နဲ့ Mama Mia! ကိုတော့ ကြည့်ပြီးပြီ။ ကျန်တဲ့ကားတွေ မကြည့်ဖူးသေးဘူး။ ကျွန်တော်က ABBA သီချင်းတွေကိုလည်း ကြိုက်တယ်လေ။
ပျော်ရွှင်ပါစေ။

မိုးနေ