Sunday, December 28, 2008

မျက်နှာဖုံးများဖြင့် ကခုန်ခြင်း


လေယာဉ်တံခါးက ထွက်လိုက်တော့ အေးချမ်းတဲ့ လေအေးက သူ့ခန္ဓာကိုယ်ကို တိုးဝှေ့သွားတယ်။ သူလာခဲ့တဲ့ အရပ်ဒေသနဲ့မတူတဲ့ ရာသီဥတု၊ အပြင်အဆင်တွေက မြင်ကွင်းကို အသစ်အဆန်းဖြစ်နေစေတယ်။ သူလာခဲ့တဲ့ ဒေသမှာတော့ လူတွေကားတွေ မနားတမ်းလှုပ်ရှားရုန်းကန်နေကြတယ်။ သစ်ပင်ကြီးကြီးမားမားတွေလည်း မြို့ထဲ မှာသိပ်မရှိ၊ ပန်းမာန်တို့ရဲ့စိမ်းလမ်းစိုပြေမှုမရှိဘဲ ခြောက်သွေ့လို့နေတယ်၊ ကားတွေ စားသောက်ဆိုင်တွေက ထွက် တဲ့မီးခိုးငွေ့ရနံ့တွေလှိုင်နေတဲ့ လေထုလည်းရှိရဲ့။ ခုရောက်ရှိနေထိုင်မဲ့ မြို့လေးမှာတော့ ထိုအရာများကို တွေ့မြင် ခံစားရမှာ မဟုတ်တော့ပေ။

အသင့်စောင့်ကြိုနေတဲ့ကားပေါ်မှာ သူစီးနှင်းလိုက်ပါလာတော့မှ မြို့လေးကိုသူ သေချာစိတ်ကြိုက် လေ့လာ ခွင့်ရသွားတယ်။ မြို့လေးမှာ ကားတွေ၊ ယာဉ်တွေသိပ်မရှုပ်ထွေး၊ ထူးခြားတာက လူတိုင်းလိုလိုပင် စက်ဘီးတွေကို အားကိုးပြီး ခရီးသွားလာနေကြခြင်းပင်။ ပြီးတော့မြို့ပြမှာမြင်ရခဲသော မြင်းလှည်းများ။ ထို့နောက် ထူးခြားလှပတဲ့ မြင်းရထားလုံးများ။ မြင်မြင်သမျှ အရာအားလုံးသူ့အတွက်တော့ အသစ်တွေဖြစ်လို့နေသည်။

သူစီးလာတဲ့ကား လမ်းမကြီးဆီကနေ လမ်းသွယ်ထဲကိုဝင်လာတော့ မြင်ကွင်းတွေကတမျိုးပြောင်းသွားတယ်။ အိမ်ပုံစံတွေက ခေတ်မှီပုံစံတွေ မဟုတ်ပေမဲ့ ခန်းငြားထည်ဝါမှုကြောင့် အမြင်မှာတင့်တည်လှသည်။ ခြံဝင်းကျယ် များကြောင့် အိမ်၏ပုံစံကိုခြံဝက မမြင်သာအောင် ဂိတ်တံခါးနှင့် အိမ်ဆင်ဝင်တို့အလှမ်းကွာဝေးသည်။ သူပင်စင်ယူ ရတော့မယ်ဆိုတည်းက ဒီမြို့လေးကို ခေါင်းချရာမြို့လေးအဖြစ်ရွေးချယ်ခဲ့သည်။ တိတ်ဆိတ်မှုကို နှစ်ချိုက်လွန်း သော သူ့အတွက်တော့ အတော့်ကိုစိတ်ကျေနပ်ဖွယ်ကောင်းသော ရွေးချယ်မှုတခုပင်။

တသက်လုံး အစိုးရတရားသူကြီ်း အဖြစ်အမှုထမ်းခဲ့ရ၍ ဝန်ထမ်းများအတွက်ပေးတဲ့ အိမ်တွေမှာနေခဲ့ရလို့ မိမိစိတ်ကြိုက် အိမ်ဖွဲ့စည်းမှုမျိုး ရွေးချယ်ခွင့်မရခဲ့။ ပင်စင်ယူဖို့ နှစ်အနည်းငယ်အလိုကမှ ဒီမြို့လေးကို သူ့စိတ်ကူး ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူလိုချင်တဲ့ ပတ်ဝန်းကျင်အနေအထားကို ပွဲစားဖြစ်သူအားပြောပြပြီး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ပွဲစားပို့ပေးတဲ့ ဓာတ်ပုံကြည့်ပြီး ပတ်ဝန်းကျင်အနေအထားကို သူငယ်ချင်း ဆရာဝန်ကြီးထံမှာ စုံစမ်းပြီးတဲ့နောက် ချက်ချင်းပင် ငွေချေကာ ဒီအိမ်ကြီးကို သူဝယ်ယူခဲ့သည်။

ခြံဝင်းတံခါး အမည်းရောင်မှာ ကနှုတ်ပန်းလေးတွေကို ရွှေရောင်သုတ်ထားတဲ့ ခြံဝင်းကျယ်တခုရှေ့မှာ စီးလာတဲ့ ကားရပ်လိုက်တယ်။ ခြံစောင့်ကောင်လေးက ဝင်းတံခါးကို အသင့်စောင့်နေတဲ့ပုံနဲ့ ဖွင့်ပေးလိုက်တယ်။ ခန်းနားလှ တဲ့ တိုက်အဝင်ပေါက်က ဆင်ဝင်တိုင်လုံးကြီးကို ခြံဝကနေတောင်လှမ်းမြင်နေရတယ်။ ခြံအဝင် ဂိတ်တံခါးနဲ့ ဆင်ဝင်အောက်ကို သွားတဲ့ လမ်းလေးရဲ့ တဖက်တချက်မှာတော့ နှင်းဆီပန်းတွေကို ရောင်စုံစိုက်ထားတာတွေ့ခဲ့ရ လို့ အတော်လေးကြည်နှုးခဲ့မိသေးတယ်။

အိမ်ကြီးရဲ့ ထည်ဝါခန့်ငြားမှုကို အုပ်ကျွပ်မိုးနီနီတွေက ပံ့ပိုးထားသည်။ အိမ်ထဲကို မဝင်သေးပဲနဲ့ အိမ်ကြီးကို သူတပတ်ကြည့်နေမိသည်။ အိမ်ကြီး က စစ်ပြီးခေတ်မှာဆောက်လုပ်ထားပုံရပေမဲ့ အဆက်မပြတ် ကောင်းမွန်စွာ ပြုပြင်မွန်းမံ့ထားတဲ့အတွက် အိုဟောင်းမသွားပဲ ပိုလို့ထည်ဝါနေသေးသည်။ ဆက်လျှောက်လာရင်း အိမ်နောက် ဘက်ကိုရောက်လာသည်။ အိမ်နောက်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ ကြောင်လိမ်လှေခါး တခုရှိသည်။ တွေ့ရမြင်ရသမျှတော့ အတော်လေးကို သူသဘောနှင့်တိုက်ဆိုင်သောအိမ်ကြီးပေပဲ။

အိမ်ရှေ့ဘက်ကိုပြန်ရောက်တော့ ခြံစောင့်ကောင်လေးနှင့် ကားမောင်းသူအပါအဝင် အခြားသူမတွေ့ဘူး သေးတဲ့သူများကိုတွေ့လိုက်ရသည်။

"မင်္ဂလာပါ ဦးမင်းထင် ခင်ဗျား .. ကျနော်က ဦးဘိုးခင်ပါ။ ဒီအိမ်အတွက် အစစအရာရာ လိုအပ်တာတွေလုပ်ပေးဖို့ ဆရာဝန်ကြီး ဦးအေးမောင်က မှာထားပါတယ်။ ဒါကတော့ ခြံစောင့်တာဝန်ယူတဲ့ မောင်ကိုပါ။ ဒါကတော့ ထမင်းချက် ဒေါ်နော်။ ဒါကတော့ ဦးမင်းထင် သိပြီးတဲ့ အတိုင်း ယာဉ်မောင်း မောင်မြပါ။"

သူနဲ့ အသက်ရွယ်တူရှိမဲ့ ဦးဘိုးခင် ရဲ့ တယောက်ခြင်း မိတ်ဆက်ပေးသမျှကို သူ ပြုံးရင်းနှုတ်ဆက်လိုက်တယ်။ ခရီးပန်းလာလို့ အနားယူချင်နေပြီဖြစ်တာကို ရိပ်မိတဲ့ ဦးဘိုးခင်ကပဲ ဦးဆောင်ပြီးသူ့ကို အိမ်ထဲကိုခေါ်လာခဲ့တယ်။ အိမ်အဝင်ဝက တရုတ်ကြွေပန်းအိုးကြီး နှစ်လုံးက သူ့အမြင်ကိုစွဲဆောင်နေတယ်။ ဧည့်ခန်းကိုဖြတ်ပြီးတော့ သူတို့ လျှောက်လာတော့ တံခါးပိတ်ထားတဲ့ အခန်းတခုကို သူသတိထားမိသွားတယ်။ ဘာအခန်းလဲ လို့မေးကြည့် မိတော့ စာကြည့်ခန်းဖြစ်နေသည်။

အပေါ်ထပ်ကိုတက်တဲ့လှေကား ပေါ်ကိုခြေချလိုက်မိတော့မှ လှေကားရဲ့ ထိပ်နံရံမှာ ထူးခြားတဲ့ မျက်နှာဖုံးတခုကို ချိတ်ထားတာတွေ့လိုက်ရလို့ မေးကြည့်လိုက်တော့။

"ဟုတ်ပါတယ် ဆရာ … အရင်အိမ်ပိုင်ရှင်က ဒီလိုမျက်နှာဖုံးတွေ စုဆောင်းရတာ ဝါသနာပါတယ်။ ဒါမျိုးမျက်နှာဖုံးတွေ အခန်းတိုင်းနီးပါးရဲ့ နံရံတွေပေါ်မှာရှိတယ်ဆရာ။ အရင်ပိုင်ရှင်က သံတမာန်ဟောင်းတဦး ဆိုတော့ မျက်နှာဖုံးတွေကို နိုင်ငံပေါင်းစုံက လက်ရာတွေစုဆောင်းထားလေ့ရှိတယ်။ ဆရာ မကြိုက်ရင် ဖြုတ်ပစ်လိုက်ရမလား…"

ဦးဘိုးခင်ကို သူလက်ကာပြလိုက်တယ်.. "မဖြုတ်ပါနဲ့ သူဘာသူကြည့်ကောင်းနေသားပဲ" မျက်နှာဖုံးပုံစံကို ကြည့်တာနဲ့တင် ဂျပန်ပြည်က လက်ရာဆိုတာတော့ သတိထားလိုက်မိတယ်။ ပြဇာတ်ကရာမှာ ဝတ်ဆင်လေ့ရှိတဲ့ မျက်နှာဖုံးမျိုး။ မျက်နှာဖုံး အသွင်က အနည်းငယ် အကျည်းတန်သည်။

အရင်အိမ်ပိုင်ရှင် သေဆုံးသွားလို့ ကျန်ရစ်သူမိသားစုဆီက ဒီအိမ်ကို သူပြန်ဝယ်လိုက်တာပဲ။ သူတို့ကလည်း အိမ်ထောင်ပရိဘောဂ ပစ္စည်းများအားလုံးကို တပါတည်းထားပစ်ခဲ့ကြသည်။

အပေါ်ထပ်ကိုရောက်တော့ လှေကားထိပ်က အခန်းကို ဦးဘိုးခင်က ဖွင့်ပေးသည်။ အခန်းထဲမှာ သူ့ရဲ့ အိတ်ကို ကုတင်ခြေရင်းမှာချထားတာတွေ့ရသည်။ သူ့ကိုထားခဲ့ပြီး ဦးဘိုးခင်ပြန်ဆင်းသွားတော့ အခန်းကိုလိုက်ကြည့်မိ တော့… ။ ကုတင်ရဲ့ ခေါင်းရင်းတည့်တည့်နံရံပေါ်မှာ လှပတဲ့ အမျိုးသမီးအသွင် မျက်နှာဖုံး တခုကို ထပ်တွေ့ ရပြန်တယ်။

ဒီတခါမျက်နှာဖုံးကတော့ ကြည်လဲ့တဲ့ အပြာရောင်နဲ့ ရွှေရောင်ရောစပ်အသုံးပြုထားပြီး။ ဦးခေါင်းထိပ် မှာ အပြာရောင်ရင့်ရင့်ဌက်မွေးတောင်တွေနဲ့အလှဆင်ထားသည်။ နီညိုရောင်ကတ္တီပါ နောက်ခံနံရံ နှင့် ကြည်ပြာ ရောင် မျက်နှာဖုံးလိုက်ဖက်မှုကိုကြည့်ရင်း အရင်အိမ်ရှင်ရဲ့အနုပညာဆန်မှုကို သူ မလေးစားပဲမနေနိုင်အောင် ဖြစ်ရသည်။ အခန်းကို စိတ်ကြိုက်လှည့်ပတ်ကြည့်ရှုပြီးတော့မှ သူရေချိုးခန်း ဘက်ကိုခြေလှမ်းပြင်လိုက်သည်။

ရေချိုးခန်းထဲမှာတော့ မျက်နှာဖုံး တခုမှ ချိတ်ဆွဲထားခြင်းမရှိတာကို သတိထားမိလို့ တကိုယ်တည်းပြုံးမိလိုက် တယ်။ ရေချိုးပြီးတော့ ခုတင်ပေါ်မှာ လှဲလိုက်ရင်း လေယာဉ်ပျံစီးခဲ့ရလို့ ညောင်းညာနေတဲ့ ခန္ဓာကိုယ်ကိုဆန့်ရင်း အိပ်မောကျသွားခဲ့တာ ညစာစားဖို့ ဦးဘိုးခင်လာနိုးမှပဲ နိုးတော့တယ်။

ညစာကို စားပွဲမှာ အဆင်သင့်ခူးထားသည်။ ညစာစားပြီးတော့ သူ စာကြည့်ခန်းဘက်ကို လျှောက်လာလိုက်တယ်။ အခန်းကို ဝင်ဝင်ခြင်းတွေ့လိုက်ရတဲ့ အပြင်အဆင်နဲ့တင် သူစိတ်ကြိုက်ဖြစ်နေတယ်။ သူ မရောက်ခင်ထဲက ကြိုတင်ပို့ထားတဲ့ သူ့တသက်တာ စုဆောင်းထားတဲ့ စာအုပ်တွေက ဦးဘိုးခင် စီစဉ်ထားမှုကြောင့် နံရံကပ်ဘီဒို တွေထဲမှာ စနစ်တကျရှိလို့နေတယ်။

အခန်းရဲ့ အလယ်ကကျွန်းစားပွဲကြီးဆီကို လျှောက်လာပြီး ကုလားထိုင်မှာဝင်ထိုင်လိုက်တယ်။ စားပွဲရဲ့ မျက်နှာချင်း ဆိုင်နံရံပေါ်တွင် မျက်နှာဖုံးတွေ ချိတ်ဆွဲထားတယ်။ အီတာလီနိုင်ငံ ဗင်းနစ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့မျက်နှာဖုံးတပ် ပွဲတော်မှာ ဝတ်ဆင်လေ့ရှိတဲ့ ဂျိုကာပုံစံမျက်နှာဖုံး၊ ဌက်မွေးတွေနဲ့လှပတဲ့ ရွှေရောင်အနားကွပ် မျက်နှာဖုံးတွေ အပြင်၊ သူတခါမှမမြင်ဘူးတဲ့ ဘယ်နိုင်ငံတွေကမှန်း မသိနိုင်တဲ့ မျက်နှာဖုံးပုံများကို နံရံမှာချိတ်ဆွဲထားတယ်။ အမည်းရောင်ကတ္တီပါ နောက်ခံနဲ့မို့ မျက်နှာဖုံးတွေကို ရုပ်လုံးပိုကြွနေစေတယ်။

ဒီအိမ်ပိုင်ရှင်က ဘာလို့ မျက်နှာဖုံးပုံတွေကိုမှ ရွေးချယ်စုဆောင်းခဲ့တာလဲဆိုတာကို သူ ပထမဆုံးအကြိမ် စဉ်းစားဖြစ်သွားတယ်။ ဒီမျက်နှာဖုံးပုံတွေက ထူးခြားနေတာတော့ အမှန်ပင်။ လှပတယ် ထည်ဝါတယ် ခန့်ညား တယ်။ တွေ့မြင်လိုက်သူတွေရဲ့ စိတ်ကိုလှုပ်ရှားသွားစေတယ်။ ဒါပေမဲ့ မျက်နှာဖုံးတွေရဲ့ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ မျက်လုံးနေရာတွေကတော့ သိပ်နှစ်မျို့စရာမကောင်းလှ။ ဘာလို့ မနှစ်မျို့တဲ့ ခံစားမှုဖြစ်တယ်ဆိုတာ သူကိုယ်တိုင်လည်း သေချာမသိ။ မျက်လုံးနေရာတွေက သူ့စိတ်ကို မသိုးမသန့်ဖြစ်စေသည်ဟု ခံစားနေရသည်။

သူ စာကြည့်စားပွဲမှာထိုင်ပြီး စာအုပ်တအုပ်ကို ဖတ်နေလိုက်သည်။ စာသာဖတ်နေသည် စိတ်က စာထဲမှာသိပ်မရှိ တစုံတယောက်က သူ့ကိုကြည့်နေသလိုလိုခံစားနေရသည်။ စာဖတ်နေလက်စကိုရပ်ပြီး ဦးခေါင်းကို မော့ကြည့်ပြီး မျက်နှာတူရှုကိုကြည့်လိုက်မိတော့ နံရံပေါ်က မျက်နှာဖုံးများရဲ့ မျက်လုံးဟောက်ပက်များနှင့် သူ့မျက်လုံးတွေ သွားဆုံလေသည်။ မဖြစ်တော့ သူစာဆက်ဖတ်လို့ ဘယ်လိုမှဖြစ်မည်မထင်တော့။

ဒီလှပသော မျက်နှာဖုံးတွေက ထင်ထားတာထက် သူ့ကို အနှောင့်အယှက်ပေးနေပြီ။ အသက် ၆၀ ကျော် ပင်စင်ယူပြီး အိုကြီးအိုမကျခါမှ သူရဲတစ္ဆေကို မယုံကြည်သောသူ့ အတွက် ဘာများ စိတ်မသိုးမသန့်ဖြစ်နေရတာ ပါလိမ့် သူကိုယ်သူ မကျေနပ်ပြန်တွေးမိသည်။ သူစိတ်ပျက်စွာထိုင်ရာမှ ထလိုက်သည်။ ခရီးလည်း ပန်းလာတယ် ဆိုတော့ စောစောအိပ်လိုက်တာက အကောင်းဆုံးဖြစ်မည်။

အပေါ်ထပ်ကိုတက်တဲ့ လှေကားထိပ်မှာ ချိတ်ထားတဲ့ မျက်နှာဖုံးပုံကိုတော့ သူမျက်နှာချင်းမဆိုင်ဖြစ်အောင် လှေကားထစ်တွေကို ငုံကြည့်ပြီးတက်လာခဲ့သည်။ အခန်းထဲရောက်တော့ ခေါင်းရင်းနံရံမှာ ချိတ်ထားတဲ့ ကြည်ပြာ ရောင်မျက်နှာဖုံး ရဲ့ မျက်လုံးများကိုလည်း မကြည့်ဖြစ်အောင် ရှောင်တိမ်းနိုင်လိုက်သည်။ ညသောက်စရာရှိတဲ့ ဆေးသောက်ပြီး။ ကိုယ်လက်ဆေးကြောသုတ်သင်ကာ သူ အိပ်ရာဝင်သည်။ အိပ်ရာပြောင်းဖြစ်လို့ အတော်နဲ့ သူအိပ်မပျော်…. ဟိုဒီတောင်စဉ်ရေမရ အတွေးတွေလျှောက်တွေးနေမိသည်။ သူ အခြေချတော့မဲ့ မြို့လေး အကြောင်းရော .. အိမ်သစ်အကြောင်း.. ပင်စင်ယူခဲ့တဲ့ အလုပ်အကြောင်းတွေပါ တောင်စဉ်ရေမရ စဉ်းစားနေမိ သည်။

လေပြေလေးညင်ညင်သာသာ တိုက်ခတ်သလိုခံစားရတဲ့ အခိုက်မှာ မှေးကနဲတချက်ဖြစ်သွားသည်။

သူ့မျက်လုံး တွေကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်အခန်းတခုထဲမှာရောက်နေသည်။ ရှေ့တည့်တည့်ရှိ တံခါးချပ် ကို ဆွဲဖွင့်လိုက်တော့ တရားစစ်ဆေးနေသည့် တရားခွင်ဖြစ်နေသည်။ သူကပရိသတ်တွေထိုင်သည့် နေရာတွင် ဝင်ထိုင်လိုက်သည်။ ထူးခြားနေသည်က တရားစစ်ဆေးသူများအားလုံး မျက်နှာဖုံးများ ဝတ်ဆင်ထားခြင်းပင်။ တရားသူကြီး ရဲ့ ရှေ့တည့်တည့် တရားစစ်ခံသောနေရာတွင် တရားခံတယောက်ရှိနေသည်။

ထိုသူသည် သူခိုးမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ထိုသူသည် အပြစ်ဒဏ်ကျခံရမည်ကို ကြောက်ရွံ့နေရမည့် အစား လူအားလုံးကိုမထေမဲ့မြင်ပုံစံနှင့်ခါးထောက်ပြီး တရားစီရင်ချက်ကို နားထောင်နေလေသည်။ တရားခံဖြင့် မတူသောတရားခံတယောက်ပင်။ ပို၍ထူးခြားသည်က တရားသူကြီးသည် ရွှေရောင်နှင့် ငွေရောင်ရောစပ်ထားပြီး ကျောက်မျက်ရတနာတွေ စီချယ်ထားတဲ့ ချောမောလှပသော မိန်းမပျိုမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ဂျူရီ လူကြီးမင်းများသည်လည်း အမျိုးမျိုးသော မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။

ဂျူရီလူကြီးမင်းများက တီးတိုးတိုင်ပင်ပြီးနောက် သူတို့၏ ဆုံးဖြတ်ချက်ပါစာအိတ်ကို တရားသူကြီးထံ လူရွှင်တော် မျက်နှာဖုံးတပ်ထားသူ ဂျူရီလူကြီးမင်းက လှမ်းပေးလိုက်သည်။ တရားသူကြီးသည် တရားခံအားအမှုမှ ကွင်းလုံး ကျွတ်လွှတ်လိုက်ကြောင်း ကြေညာလိုက်လေသည်။ တရားခံ၏မူလက မထေမဲ့မြင်ပုံစံမှာပို၍ ဆောင့်ကြွားကြွား နိုင်စွာဖြင့်အခန်းထဲမှထွက်ခွာသွားတော့သည်။ တရားသူကြီးနှင့်တကွ ဂျူရီလူကြီးများအားလုံးလည်း ထွက်ခွာ သွားကြသည်။

သူသည် နေရာမှမထပဲ စိတ်ညစ်ညူးလာသည်။ ပုံမှန်မဟုတ်သည့်တရားစီရင်ပုံကိုကြည့်ပြီး တရားသူကြီးနှင့်တကွ ဂျူရီလူကြီးမင်းမျာ်း ဘက်လိုက်စွာဆုံးဖြတ်ခဲ့သည်ကို အော်ကလီဆန်စွာတွေးမိလာပြီး ပျို့အန်မိတော့ မလိုဖြစ် လာသည်။ ခနနေတော့ ခုနက တရားသူကြီးပြန်ထွက်လာပြီး ကုလားထိုင်မှာ ထိုင်လိုက်ပြန်သည်။ ဂျူရီလူကြီး တွေလည်း သူတို့နေရာပြန်လာထိုင်နေကြပြန်သည်။ နောက်ထပ် အမှုတခုကို စီရင်ချက်ချဖို့ အတွက် တရားခံကိုခေါ်ထုတ် လာဖို့ တရားသူကြီးမှ အမိန့်ပေးလိုက်သည်။

ဒီတခါတော့ တရားသူကြီးသည် စုန်းကဝေတကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသော မျက်နှာဖုံးကိုဝတ်ဆင် ထားသည်။ မျက်နှာဖုံးအရောင်မှာသွေးကဲ့သို့ နီရဲနေသည်ကို ကြည့်ပြီး ရှေ့ဆက်ဘာတွေဖြစ်မလည်းဆိုပြီး သူ စိတ်စောနေသည်။ တရားခံကိုခေါ်ထုတ်လာကြသည်။ တရားခံသည် အဖြူနှင့်ရွှေရောင်ရောစပ်ထားသော တည်ကြည်လေးမြတ်သည့် သူရဲကောင်းလူငယ်တဦး၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ လူငယ်၏ မျက်နှာဖုံးမှ တောက်ပ သောအရောင်များကြောင့် တရားခွင်တခုလုံးပို၍ လင်းထိန်နေတော့သည်။

လူငယ်သည် တရားသူကြီးရှေ့တွင် ရဲရင့်စွာထည်ဝါသောကိုယ်နေဟန်ဖြင့် စီရင်ချက်ချမည်ကို စောင့်စားနေသည်။ ဂျူရီလူကြီးများက ထုံးစံအတိုင်းပင် တီးတိုးတွတ်ထိုးနေကြပြန်သည်။ တချို့က ဆုံးဖြတ်ချက်ချရမည်ကို ချီတုံ ချတုံဖြစ်နေကြပုံရှိနေသည်။ တခေါက်ထပ်၍တိုင်ပင်ကြပြန်သည်။ ဂျူရီလူကြီးများရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေ သော တရားသူကြီးက စိတ်မရှည်စွာဖြင့်ချောင်းတချက်ဟန့်လိုက်သည်။ ဗြုန်းဆို တံခါးရွက်များ လေခပ် ပြင်းပြင်း တိုက်ခတ်သကဲ့သို့ အရှိန်ပြင်းစွာပွင့်ထွက်သွားပြီး တကိုယ်လုံးအစိမ်းရင့်ရောင်ဝတ်စုံဖြင့် မြေခွေးမျက်နှာဖုံးတပ် ထားသူ လူတဦးဝင်လာသည်။ လက်ထဲတွင်လည်း အနက်ရောင်စာအိတ်ကြီး တအိတ်ကို ယူဆောင်လာသည်။

ထိုသူကိုတွေ့လိုက်သည်နှင့် တရားသူကြီးမင်းသည် ထိုင်နေရာမှထ၍ အရိုအသေပေးမိတော့မတတ် လှုပ်လှုပ် ရှားရှားဖြစ်သွားသည်။ ထိုအစိမ်းရောင်ဝတ်စုံနှင့်လူသည် မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ပန်ဖြင့် တရားသူကြီး နေရာသို့ သွား၍လက်ထဲ၌ကိုင်ဆောင်လာသော အနက်ရောင်စာအိတ်ကြီးကို တရားသူကြီးကိုပေးလိုက်သည်။ တရားသူကြီးသည် စာအိတ်ကိုဖွင့်ဖတ်ပြီးနောက် အားရကျေနပ်ဟန်ဖြင့်ခေါင်းကိုငြိမ့်လိုက်သည်။ ထို့နောက် သွားများကိုစေ့၍ထွက်လာသော အံကြိတ်သံဖြင့် စီရင်ချက်အမိန့်ကိုဖတ်လိုက်သည်။ ဂျူရီလူကြီးမင်းများသည် ဤအမှုတွင် အသုံးမဝင်တော့ချေ။ ဂျူရီလူကြီးတချို့၏ သက်ပြင်းချသံသဲ့သဲ့ကို သူကြားလိုက်ရသည်။

အခန်းထဲတွင် တရားသူကြီး၏ မနှစ်မျို့ဖွယ်ရာ စီရင်ချက်ဖတ်နေသံမှတပါး တိတ်ဆိတ်နေသည်။ သူသည်မိမိ၏ အသက်ရှုသံကို ပြန်ကြားနေရသည့် တိတ်ဆိတ်ငြိမ်သက်မှုမျိုးကြောင့် စိတ်မသက်မသာဖြစ်လာသည်။ တရားခံ လူငယ်၏ မတုန်မလှုပ်နားထောင်နေသည်ပုံမှာ သူ့အား မလေးစားပဲမနေနိုင်လောက်အောင်ဖြစ်လာသည်။ လူငယ် ၏ မျက်နှာဖုံးမှ ဝင်းဝါသောအရောင်များသည်လည်း ပို၍ထိန်လင်း တောက်ပလာနေသည်။

စီရင်ချက်ဖတ်ကြားပြီးအဆုံးတွင် အမိန့်ကိုဖတ်ကြားနေသော တရားသူကြီး ၏ မျက်နှာဖုံးအရောင်သည် သွေးပုပ် ရောင်ကိုပြောင်းလွဲသွားတော့သည်။ လူငယ်အား သေစားသေစေအမိန့်ချမှတ်လိုက်သည်။ တရားခွင် လာရောက် နားထောင်သောပရိသတ်၏ ကန့်ကွက်သံတို့ဖြင့် တရားခွင် တခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ တရားသူကြီး၏ စားပွဲကိုထုရိုက်သံသည် လူတို့၏ ဆူညံ့စွာ ငြင်းခုံမှုများအောက်တွင်ပျောက်ဆုံးနေတော့သည်။

တရားသူကြီးသည် လူများသူ၏ အမိန့်ကိုမနာခံသဖြင့်ပို၍ ဒေါသပေါက်ကွဲလာတော့သည်။ ဒေါသပိုပြင်းထန်လာ လေ စုန်းကဝေမျက်နှာဖုံးသည် သွေးများယိုစိမ့်ထွက်ကျလာတော့မည်ကဲ့သို့ နီရဲ လာနေသည်။ ဘေးပတ်ဝန်းကျင် ရှိ မြင်ကွင်းများကြောင့် သူ စိတ်မသက်မသာဖြစ်လာသည်။ ဆူညံ့သောအသံများကြောင့် အာရုံကြောတွေ ကိုက်ခဲလာသည်ကို ဆက်လက်၍ သည်းမခံနိုင်သည့် အဆုံး နေရာမှ ထရပ်လိုက်သည်။

တရားသူကြီး ၏ ကျယ်လောင်သော အမိန့်ပေးသံ အဆုံးတွင် မျက်နှာဖုံးတပ်လူများက သူ့ကို ဖမ်းချုပ် လိုက်ကြသည်။ သူအာခေါင်တွေကွဲမတတ် သူအပြစ်မရှိကြောင်းရှင်းပြနေသော်လည်း။ တရားခွင်ရဲ့ ပွက်လောရိုက် နေသော အသံများအောက်တွင် တိုး၍မပေါက်နိုင်ဖြစ်နေတော့သည်။ နောက်ဆုံးတော့ သူ ကိုယ်တိုင်လက်ကို ကြိုးများဖြင့်တုပ်နှောင်ခံထားရပြီး တရားအစစ်ခံရသောနေရာတွင် ရပ်နေလျက်သားဖြစ်နေသည်။ တရားသူကြီး သည် မျက်နှာအမူရာသုံးမျိုးပါရှိသော မျက်နှာဖုံးကို ဝတ်ဆင်ထားပြန်သည်။

သူသည် တရားစီရင်ရာတွင် မျှတမှုမရှိသောတရားသူကြီး ကိုကြောက်ရွံ့ပြီး ကိုယ်ခန္ဓာတခုလုံးတုန်ခါနေတော့ သည်။ မျက်နှာခြင်းဆိုင်မှာရှိသော တရားသူကြီး ကို မော့အကြည့်တွင် မျက်နှာဖုံးနောက်ကွယ် မှ မျက်လုံးများနှင့် သွားဆုံသည်တွင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားရသည်။

တရားသူကြီး၏မျက်လုံးများသည် သူ့မျက်လုံးများ ….. သူ၏မျက်လုံးများဖြစ်လို့နေသည်။ သူသေချာအောင် ထပ်ကြည့်သည်… အထပ်ထပ် .. အခါခါ … အခေါက်ခေါက်… မျက်လုံးများ … သူ့မျက်လုံးများ.. ရှက်ရွံ့ဝမ်းနည်းသည့်ခံစားချက်ကြောင့် ရင်ထဲ၌နာကျင်လာသည် …. အပြစ်မရှိသော လူငယ်လေးတဦးကို သေစားသေစေအမိန့်ချမှတ်ခဲ့သော ကြံရာပါ ကောက်ကျစ်စဉ်းလဲသော တရားသူကြီး … ….သူကိုယ်တိုင် ဖြစ်နေသည်ကို မယုံကြည်နိုင်စွာ ဦးခေါင်းများကို ခါရမ်းပစ်မိနေသည် … မျက်လုံးထဲတွင် မျက်နှာဖုံးတပ်လူများ ၏ အရိပ်များယိမ်းထိုးကခုန်နေကြသည်… ………. ခေါင်းများမူးနောက်အောင် ရှက်ရွံ့သိမ်ငယ်သည့် ခံစားချက်က သူ့ကိုထိုးနှက် တိုက်ခိုက်လာသည်…. ထိုခနမှာပင် သူ့ခန္ဓာကိုယ်သည် လေထဲမှ အောက်ကိုတလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်…….။

တကိုယ်လုံးချွေးများရွှဲစိုပြီးသူနိုးလာသည်။ ညလယ်ကြီးမှာတယောက်ထည်း အိပ်မက်တွေမက်ပြီး သူနိုးလာခဲ့ သည်ပဲ။ အိပ်မက်သည် ပြန်လည်တွေးတောချင်စရာမကောင်းအောင်ကို ချောက်ချားစရာကောင်းလှ သည်။

အကယ်၍သာ အိပ်မက်ထဲကလို တရားမျှတမှုမရှိသော ဘက်လိုက်တတ်သော အဂတိလိုက်စားသော ကြံရာပါ တရားသူကြီးအဖြစ် အပြင်မှာသူကိုယ်တိုင်ရော တကယ်ဖြစ်ခဲ့ဘူးပါလားလို့ သူ့ရဲ့ လုပ်သက်တလျှောက်လုံး စစ်ဆေးကြားနာခဲ့သော အမှုများကို သူပြန်လည် စမ်းစစ်ကြည့်နေမိသည်။

သူသည် ဂတိ၊ အဂတိ ဆိုသော တရားတွေကို ဘဝတလျှောက်လုံး ကောင်းမွန်စွာစောင့်ထိန်းခဲ့သော တရားသူကြီး တဦးသာဖြစ်ခဲ့ကြောင်း သူကိုယ်သူ သေချာသွားမှပဲ သက်ပြင်းငွေ့ငွေ့ကို ဆွဲဆွဲငင်ငင်ချ လိုက်ရင်း စိတ်ချလက်ချ ပြန်လည်အိပ်မောကျသွားတော့သည်။ ။





စိုးသင့်ဆွေ
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၀၈
နံနက် ၁း၆၅ မိနစ်

(ဓာတ်ပုံကို www.sxc.hu/profile/Slash41 ထံမှယူပါသည်



10 comments:

MANORHARY said...

လောကမှာအဲလိုမျက်နှာဖုံးနဲ့လူတော်တော်များများကို
တွေ့နေရတယ်။ဝတ္ထုလေးကကောင်းတယ်။ပြီးတော့
တစ်စုံတစ်ရာမကတဲ့အတွေးတွေလည်းရသွားတယ်။

Anonymous said...

ပို့စ်ကောင်းလေးတခုပါဘဲ ညီမေ၇၊ မျက်နှာဖုံးစွပ်ထားသူတွေ လောကမှာ အများကြီး ရှိနေသလို၊ ကိုယ့်ကိုယ်ကိုပါ ပြန်စဉ်းစား သုံးသပ်မိနေတယ်၊ ဘယ်လိုမျက်နှာဖုံးတွေများ စွပ်ခဲ့သလည်းလို့လေ၊

April said...

မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ချို့ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးတယ်။ ဒါပေမယ့် တစ်ခါတစ်ခါတော့လည်း ပြန်တွေးမိတယ် ကိုယ်လည်း မျက်နှာဖုံးများ စွပ်ထားမိ သလားလို့လေ။

ချစ်ခင်လျက်
မိုးနေ

ပုံရိပ် / Pon Yate said...

အိပ်မက်ဆိုတာ တကယ့် အဖြစ်အပျက်တွေကို ထင်ဟပ်တာပေါ့နော်။ ၀တ္ထုရေးတာ ကောင်းတယ်။

ဆောင်းယွန်းလ said...

ဆွဲဆောင်မှုအပြည့်ရှိတဲ့ဝတ္ထုတစ်ပုဒ်ပါဘဲညီမရေ.
အတွေးတွေအများကြီးပွားသွားစေပါတယ်..
ညီမကဝတ္ထုရေးတော်တော်ကောင်းတာဘဲ.
ကြိုက်တယ်..
ခင်မင်လျက်..

မဆုမွန် said...

မျက်နှာဖုံးတွေ..လာဖတ်သွားပါတယ်..စဉ်းစားစရာတွေ အများကြီးရခဲ့တယ်

ကိုအောင် said...

မျက်နှာဖုံးတွေထဲက တစ်ခုကို တိတ်တိတ်လေး
လာခိုးသွားတယ် အမရေ။

Rita said...

အစ်မ
ကျွန်မမှာဆို မျက်နှာဖုံးတွေ အများကြီးရှိတယ်။
အခြေအနေနဲ့ အချိန်အခါအလိုက် ပြောင်းပြောင်း စွပ်နေတာ။ ခုထိတော့ အဲဒီလို လုပ်ရတာကို သိပ် စိတ်ဝင်စားတယ်။

ဒူကဘာ said...

ဒူကဘာတော့ မျက်နှာဖုံးတွေ ..စွတ် အရူးကွက်ပါ တခါတလေ နင်းတတ် သေးတာ၊ တရံတခါ ဆီမှာတော့ မျက်နှာဖုံးစွတ် အရူးကွက် နင်းတာဟာ သူတထူး အတွက်ကောင်းဖို့ ဖြစ်တတ်တာလဲ ရှိပါရဲ့နော်။

မေ့သမီး said...

အစ်မရေ ညီမလေမျက်နှာဖုံးတပ်တဲ့သူတွေကိုအရမ်းမုန်းတာ။ ပတ်ဝန်းကျင်ကအဲဒီမျက်နှာဖုံးတွေကို ကြည့်ပြီးဆုံးဖြတ်ကြတယ်။ ညီမလေ မျက်နှာဖုံးတစ်ခုမှ မတတ်ချင်ဘူး။ ဒါပေမယ့် လူတွေက ပြောကြတယ်။ လုပ်ငန်းခွင်ထဲရောက်သွားရင် ကိုယ်မူလသဘောအတိုင်း လူတွေကိုဆက်ဆံလို့မရတော့ဘူးတဲ့။ မျက်နှာဖုံးတပ်ကိုတပ်ရမယ်တဲ့။ ဒီလိုဆိုရင် လောကမှာရှိတဲ့လူတော်တော်များများဟာ မျက်နှာဖုံးတပ်ထားတဲ့လူတွေချည်းပဲပေါ့။