Monday, December 15, 2008

လမ်းကလေး၏ အစွန်းနှစ်ဘက်


နံနက်ခင်းနေခြည်ဟာခန်းဆီးလိုက်ကာကို ထိုးဖေါက်ပြီး အ ဘွားအိုရဲ့ မျက်နှာပေါ်ဖြာကျလာတယ်။ ဌက်ကလေးတွေရဲ့ အော်သံလေးကို ကြားလိုက်ရချိန်မှာတော့ အဘွားအို မျက်လုံး တွေကိုဖြေးလေးစွာဖွင့်လိုက်တယ်။ နေ့သစ်တခုကို ရောက်ပြီဆိုတဲ့အသိနဲ့အတူ ခါတိုင်းနေ့နဲ့မတူတဲ့နေ့ဆိုတာကို သတိထားမိပြီး အဘွားအို နိုရာ စိတ်တွေလန်းဆန်းတက်ကြွ လို့နေတယ်။

အိပ်ရာနံဘေးက ပြူတင်းပေါက်တွေကို ကာရံထားတဲ့ အဝါရောင်ခန်းဆီးစလေးကို အားအင်ချိနေတဲ့ လက်ချောင်း လေးတွေနဲ့ ပင့်တင်လိုက်ရင်း ပြူတင်းပေါက်အပြင်ကို အဘွားအို ငေးမောကြည့်လိုက်တယ်။ သူ့ အခန်းပြူတင်းပေါက်ကနေ လှမ်းကြည့်ရင် လူအိုရုံ အဝင်ဂိတ်တံခါးဝဆီသွားတဲ့ လမ်းလေးကိုမြင်ရတယ်။

လမ်းလေးရဲ့ တဖက်တချက်မှာတော့ ပန်းရောင်စုံလေးတွေကို လူ၊ တိရစ္ဆာန်တွေ ဘေးကကာကွယ်ဖို့ အဖြူရောင် သစ်သားတိုင်လေးတွေနဲ့ ခြံခတ်ထားတယ်။ နံဘေးက မြက်ခင်းစိမ်းလေးတွေရဲ့ အနောက်ဘက်မှာတော့ လူတဖက်ထက်ကျော်တဲ့ မေပယ်ပင်ကြီးတွေကို လမ်းလေးနဲ့အပြိုင် တဘက်တချက် အစီအရီပေါက်နေတာ တွေ့ရမယ်။

နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ရွက်ကြွေကျစပြုနေတဲ့ မေပယ်ပင်ကြီးတွေကို ပိုပြီးကြည့်ကောင်းစေတယ်။ တပင်လုံးမှာရှိတဲ့အရွက်တွေ ရွှေဝါရောင်သန်းနေတဲ့ မေပယ်ပင်တွေဟာ နံနက်ခင်းနေခြည်ထိုးလိုက်မှ ရွှေအို ရောင်ပိုတောက်ပပြီး မြင်ရသူတွေရဲ့ အမြင်ဓာတ်ကို သိမ်းကြူံးညို့ငင်နေတယ်။

လမ်းပေါ်ကရွက်ကြွေတွေ ဆောင်းလေမြူးဆော့ကစားလို့ ဟိုဒီရှပ်တိုက်ပြေးနေတာကိုကြည့်နေရင်း သူ့ပါးပြင် တလျောက် မွေးညှင်းနုလေးများလှုပ်ခတ်သွားသလားလို့တောင် ထင်မိယောင်မှားဖြစ်လို့နေတယ်။ လမ်းလေးပေါ် နေပျောက်လေးတွေ ကွက်တိကွက်ကြားထိုးနေပုံလေးက အဘွားအိုရဲ့ စိတ်ဓာတ်ကို နုပျိုလန်းဆန်း လာစေတယ်။

ပြင်ပမြင်ကွင်းကိုကြည့်ရင်း သူ့နှလုံးအိမ် အနက်ရှိုင်းဆုံးအထိ အနွေးဓာတ်တခု ဖြစ်ပေါ်လာတာကို ကြည်နှုးစွာ ခံစားနေလိုက်တယ်။ ဒီလိုဆောင်းဝင်ခါစ မနက်ခင်းများရဲ့ အလှကို ကြုံတွေ့ခဲ့ဘူးတာ အကြိမ်ပေါင်း အတော်များ ခဲ့ပြီ။ ဒီမြင်ကွင်းတွေကို အတူတကွ ခံစားခဲ့ဖူးတဲ့ ချစ်ခင်ရင်းနှီးရသော မိသားစုဝင်များ သူငယ်ချင်း မိတ်ဆွေများကို အဘွားအို လွမ်းဆွတ်တမ်းတမိလာတယ်။

ပင့်မထားတဲ့ ခန်းဆီးစလေးကို ပြန်ချလိုက်ရင်း သေးကွေးပိန်လှီတဲ့ ခန္ဓာကိုယ်လေးကိုအသာလေး ကုတင်ပေါ် ပြန်လှဲလိုက်တယ်။ မျက်လုံးတွေကိုအသာ မှိတ်ထားလိုက်တယ် အိပ်ပျော်သွားမှာတော့မဟုတ်ဘူး။ ခုနက နံနက်ခင်း အလှအပတွေကို မျက်စိလုံးထဲ ပြန်မြင်ယောင်ရင်း အခန်းထဲကိုဝင်လာမဲ့ ခြေသံတစုံကို နားစွင့် နေမိတယ်။

"မင်္ဂလာနံနက်ခင်းပါ …. နေကောင်းရဲ့လား မစ္စ နိုရာ" ဒီလို နှုတ်ခွန်းဆက်သံတွေကို မနက်ခင်းတိုင်းကြားနေကြ။ မနက်တိုင်း ဒီနေ့အတွက်တာဝန်ကျကူညီစောင့်ရှောက်ပေးမဲ့ သူတယောက်ယောက် က အခန်းထဲကို ဝင်လာ ပြီး ဝေရာဝစ္စတွေလုပ်ပေးဖို့ ခန်းဆီးလိုက်ကာတွေအားလုံးကို ဖွင့်လိုက်ရင်း အခုလိုပဲ ပိဋိသန္ဓာရစကားဆိုမယ်။ ပြီးရင် သူ့ကို မျက်နှာသစ်ဆေးကျောပေးပြီး နံနက်စာထည့်ထားတဲ့ လင်ဗန်းကို ကုတင်ပေါ်မှာ စားလို့ရအောင် ပြင်ဆင် ပေးမယ်။ သူ စိတ်စောနေလို့ နံနက်စာကို မြန်မြန်လက်စသတ်လိုက်တယ်။

မနက်စာကတော့ ထုံးစံအတိုင်း ကြက်ဥ မကျက်တကျက်တလုံး၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်တချပ်၊ နောက်ပြီး သစ်သီးဖျော်ရည်တခွက် ဒါမှမဟုတ် နွားနို့တခွက်။ တခါတလေတော့ ကော်ဖီ ပြင်းပြင်း ခပ်ပူပူတခွက် ကိုတောင်းတမိတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ကော်ဖီလုံးဝပေးမသောက်တော့တဲ့ အတွက် ဆန္ဒသာရှိပြီး သောက်ခွင့်မရ။

သူ့လို လူအိုတွေအတွက် ဆန္ဒရှိပြီးလုပ်ခွင့်မရတဲ့ အရာတွေကလည်းအများသားပဲ။ အသက်တချောင်းရှင်သန်မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့တချို့ ဆန္ဒတွေက ဖြည့်ဆည်းခွင့်မရကြတာများတယ်။ သူတို့ရဲ့ အခြေအနေက ရင့်မှည့်နေတဲ့ သစ်သီးတလုံးလို၊ ကြွေလုစဲစဲသစ်ရွက်တရွက်လို လေပြေလေးတချက်ဝေ့တာတောင် အထိအခိုက် မခံနိုင်ကြ။ ဘာကိုမှ အမှားအယွင်းခံလို့မရတဲ့ ကျန်းမာရေးအခြေအနေမျိုး။

စောင့်ရှောက်သူအမျိုးသမီးက အဝတ်အစားလဲလှယ်ပေးပြီးချိန်မှာ တာဝန်ကျသူနာပြု အခန်းထဲဝင်လာပြီး အဘွားအိုရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးတယ်။ သွေးပေါင်ချိန်တိုင်းတယ် သောက်ရမဲ့ဆေးတွေကို လက်ဖဝါးထဲ ထည့်ပေးရင်း သောက်ရေခွက်လေးကိုပါလှမ်းပေးလိုက်ပါသေးတယ်။ ပြီးတော့ အဘွားအိုကို ဘီးတပ် ကုလားထိုင်ပေါ်ရွေ့ပြောင်းပေးကြတယ်။

သူရဲ့တဦးတည်းသောသားလေးကို တွေ့ရမယ်ဆိုတဲ့ အသိကြောင့် ပါးပြင်လေးတောင် ပန်းသွေးရောင် တောက်ပြီး လန်းဆန်းတက်ကြွနေတယ်။ သူ့ကို ခါတိုင်းထက်ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ပေးဖို့ အကူအမျိုးသမီးကို ပြောလိုက်တယ်။ အမျိုးသမီးက အဘွားအိုရဲ့ ငွေရောင်တောက်နေတဲ့ ဆံပင်ကြိုးတိုးကြဲတဲ တွေကို ငြင်ငြင်သာသာလေးဖီးပေးနေတယ်။

အားလုးံပြင်ဆင်ပြီးတော့ ခေါင်းရင်းနားက တိုင်မှာချိတ်ထားတဲ့ အဖြူရောင်ဖဲကြိုး နဲ့ ဦးထုပ်ပြာလေး ကိုဆောင်းပေးလိုက်တယ်။ အဘွားအိုက သူ့အရိပ်ကို မှန်ထဲမှာကြည့်ရင်းနဲ့ တစုံတရာကိုသတိရသွားတဲ့ပုံစံနဲ့ မှန်တင်ခုံထဲက နှုတ်ခမ်းနီပန်းသွေးရောင်လေးကို တုန်ရင်တဲ့ လက်ချောင်းလေးတွေကို ထိန်းရင်းဆေးချယ် လိုက်သေးတယ်။ သားလေး အမြင်မှာ သူဟာ သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အရေးကြီးတယ် မဟုတ်လား။

အဘွားအိုရဲ့ ဘီးတပ်ကုလားထိုင်ကို အကူအမျိုးသမီးက နားနေဆောင်ဘက်ကိုတွန်းလာချိန်မှာ အဘွားအို က လမ်းမှာတွေ့တဲ့ ဘဝတူလူအိုတွေကို ပြုံးပြနှုတ်ဆက်ရင်းလိုက်ပါခဲ့တယ်။ နားနေဆောင်ရောက်တော့ လမ်းလေးကို သေချာမြင်ရတဲ့ ပြူတင်းပေါက်နားမှာ သူ့ကို ထားပေးဖို့ပြောလိုက်တယ်။ ဒါမှ လမ်းလေးဘက်က လျှောက်လာတဲ့ လူတွေကို မြင်ရမယ်မဟုတ်လား။

ဘေးနားမှာ ထိုင်နေတဲ့ မာရီ ဆိုတဲ့ အဘွားအိုက စကားတွေ ဖောင်ဖောင်ဖွဲ့အောင်ပြောနေလို့် အဘွားအိုက အလိုက်တသိ ရယ်မောပြန်လည်ပြောဆိုနေပေမဲ့သူ့ရဲ့ မျက်လုံးတွေကို လမ်းလေးရှိရာဘက်က မခွာဘူး။ ဟုတ်တယ်လေ ဒါမှ လမ်းလေးဆီက လျှောက်လာတဲ့ သူ့သားလေးကို သူအရင်မြင်ရမယ် မဟုတ်လား။ သားလေးလာရင် အရင်တခါကလိုပဲ သူအရင် လက်ပြနှုတ်ဆက်လိုက်ချင်သေးတယ်လေ။

အရင်တခါ သားလေးလာတုန်းက သူသိပ်ကြိုက်တဲ့ နှင်းဆီပန်းအနီရောင်လေး လက်ဆောင်အဖြစ်ယူခဲ့တယ်။ ဒီတခါရော ဘာတွေယူလာခဲ့ဦးမလဲဆိုတာ သူသိပ်သိချင်နေပြီး စိတ်လှုပ်ရှားလာတယ်။ တကယ်တမ်းက သားလေးယူလာမဲ့ လက်ဆောင်ထက် သားရဲ့မျက်နှာလေးကို တွေ့ရဖို့က ပိုအရေးကြီးလှတယ်။

မျက်လုံးတွေကို လမ်းလေးဆီက မခွာတန်း စိုက်ကြည့်နေလို့ သူ့မျက်လုံးတွေ နည်းနည်းညောင်းညာလာတယ်။ နားနေဆောင်ထဲမှာတော့ အလည်လာတဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ စကားသံ၊ ရယ်မောသံတွေနဲ့ အသက်ဝင် လှုပ်ရှားလာနေပြီ။ လမ်းလေးဘက်ဆီကလာတဲ့ လူတယောက်အရိပ်ကိုတွေ့တိုင်း အဘွားအိုရဲ့ နှလုံးခုန်သံ မြန်သွားလိုက် မျှော်နေတဲ့သူ မဟုတ်မှန်းသိရင် စိတ်ပျက်သွားလိုက၊် လမ်းလေးဘက်ဆီ ထပ်မျှော်ကြည့်လိုက်နဲ့ သူ့စိတ်တွေဗျာများလို့နေတယ်။

ဒီလူအိုရုံကိုစရောက်လာတဲ့နေ့တည်းက ဒီအဝင်လမ်းလေးကို သူသတိထားမိခဲ့တယ်။ အဘိုးးကြီး နဲ့ သားလေး သူ့ကို ထားရစ်ပြီးပြန်သွားတုန်းက အဝင်ဝလမ်းလေးဘက်ကိုမျှော်မျှော်ကြည့်ရင်း မျက်ရည်ထွေထွေကျ ခဲ့ရတယ်။ နောက် တပတ် ဧည်သည်တွေ့ရတဲ့ရက် ရောက်သည်အထိ သည်လမ်းလေးကို သူငေးကြည့်နေခဲ့မိတာ တရက်မှ မပျက်။

သုံးယောက်ထဲရှိတဲ့ မိသားစုလေးမှာ လေဖြတ်ပြီးအောက်ပိုင်းသေသွားတဲ့ သူ့ကို ပြုစုဖို့ ခင်ပွန်း အဘိုးကြီးနဲ့ ခရီးမနားတမ်းသွားရတဲ့ အဝေးပြေးကုန်ကားမောင်းတဲ့ သားလေးအတွက် ကရိကထမများအောင် ဒီနည်းလမ်း ကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ အဘိုးအိုကို ခွဲချန်ရစ်ထားခဲ့ရတာတော့ စိတ်မှာ အတော်ထိခိုက်မိတယ်။ ဒါပေမဲ့ သူ့ကို ပြုစုရင်း ပင်ပန်းပြီး အဘိုးအို အိပ်ရာထဲလဲသွားတာမျိုး ကိုတော့ နောက်တကြိမ် သူ အဖြစ်မခံနိုင်တော့။

ဒီမှာက တကိုယ်ရေသန့်ရှင်းရေးကအစ အစားအသောက်အဆုံး စနစ်တကျနဲ့ ပြုစုပေးကြတယ်။ တာဝန်ဆိုတဲ့ ဝတ္တရားအောက်မှာ မိသားစုလို နွေးထွေးမှုတော့ ပျောက်ဆုံးနေသည်သာ။ ဒီလမ်းလေးပေါ်မှာပဲ အဘိုးအို သူ့ကိုလာတွေ့ပြီး နောက်ဆုံးအကြိမ် လက်ပြနှုတ်ဆက်ခဲ့တာဟာ သူ့ကို အပြီးတိုင်ခွဲထားခဲ့ပြီး မမြဲတဲ့ခရီးကို ထွက်ခွာသွားလိမ့်မယ်လို့ထင်မထားခဲ့။ ကြိုများသိခွင့်ရခဲ့ရင် အဘိုးအိုဟာ သူ့ဘဝ အတွက် အရေးပါဆုံး သူဆိုတာ ပြောပြလိုက်ချင်သေးတယ်။

သူ့အတွက်တော့ ဒီလမ်းလေးဟာ အတိတ်ရဲ့ပုံရိပ်တွေကို အမှတ်ရတမ်းတစရာ၊ အနာဂတ်အတွက် မျှော်လင့်ခြင်း တည်ရာလည်းဖြစ်တယ်။ လမ်းလေးရဲ့ အဆုံးတဘက်မှာ ပြင်ပလောကဟာ လှပသစ်လွင်တဲ့ ဘဝပေါင်းများစွာ နဲ့ ဆက်လကအသက်ဝင်နေစဲဆိုတာ သူအာရုံထဲမှာမြင်ယောင်ကြည့်နေမိတယ်။

လမ်းလေးရဲ့ အဆုံးတဘက်မှာ ပျိုမြစ်လတ်ဆတ်တဲ့ သူ့ရဲ့ ငယ်ဘဝအတိတ်ဟောင်းတွေရှိခဲ့ဖူးသလို၊ ချိုမြတဲ့ အချစ်လည်းရှိခဲ့ရဲ့။ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ဖူးသလို၊ ဘာသာစကားတူ ချစ်ခင်ရင်းနှီး ရတဲ့ မိတ်ဆွေတွေရှိခဲ့ဖူးတယ်။ အောင်မြင်မှုတို့ရဲ့ အချိုဓာတ်ကို ခံတွင်းလိုက်ခဲ့ဖူးသလို၊ ခါးသီးတဲ့ ကျရှုံးမှုတွေ ကိုလည်း ကျိတ်မှိတ်မျိုချခဲ့ဖူးရဲ့။

လမ်းလေးရဲ့ ဒီမှာဘက်အဆုံးမှာတော့ ပါးရည်တွန့်လိပ်နေတဲ့မျက်နှာ၊ ငွေရောင်ဖြူလွလွဆံပင်၊ သေးကွေးပိန်လှီလှ တဲ့ ခန္ဓာကိုယ်ပိုင်ရှင် အကူမပါရင် အသက်ဆက်ဖို့အတော်ခဲယဉ်းတဲ့ အခြေအနေနဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အဘွားအိုတယောက်။ အမြင်အာရုံတွေ ဝေသီနေပြီဖြစ်ပေမဲ့ မျှော်လင့်ခြင်း အရောင်တွေသန်းနေတဲ့ မျက်လုံးလေး တစုံကတော့ လမ်းလေးရဲ့ အဆုံးတဘက်ကို မျှော်ငေးကြည့်လျက်သာ။ ဘုရားသခင်ရဲ့ ခေါ်ယူခြင်းမခံရခင် အချိန်အထိတော့ ဒီလမ်းလေးကို သူငေးကြည့်ခွင့်ရှိနေဦးမှာပါ။ ။


စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၀၈
နံနက် ၃း၀၀

(ဓာတ်ပုံကို http://www.sxc.hu/photo/1110606 မှယူပါတယ်။ Free Photo Download Site ဖြစ်ပါတယ်။)

11 comments:

MANORHARY said...

တစ်နေ့နေ့တစ်ချိန်ချိန်မှာအားလုံးမလွဲမသွေကြုံကြရမယ့်
ကာလပဲ...

ကမာနီလာ said...

လောကမှာ ရှောင်လွဲလို့မရတဲ့ ဇရာဆိုတဲ့ အိုမင်းရင့်ရော်မူတွေနဲ့ နောက်ဆုံးလောကကိုနှုတ်ဆက်ထွက်ခွာသွားရကြတာပါဘဲ။
မသေခင်အချိန်လေးမှာ ဟောဒီချစ်တဲ့ကမ္ဘာမြေအတွက် အကောင်းဆုံးတွေလုပ်ပေးခဲ့ကြရအောင်ဆိုတဲ့ အတွေးတွေဝင်လာခဲ့မိတယ်၊ တကယ်တော့ ကျနော်တို့ အားလုံးဟာ
ကမ္ဘာမြေရဲ့ ဧည့်သည်တွေပါဘဲလေ၊ ညီမေ၇ ကျေးဇူးအများကြီးတင်တယ်၊

လူလ said...

မင်္ဂလာပါ မမယော

လာရောက်ဖတ်ရှု့သွား၏
ချစ်ခင်နှစ်သက်သူနှင့် ကွေကွင်းရခြင်း၏ ဒုက္ခအမှန်၊
အိုရခြင်း ဆင်းရဲဆိုသော ဒုက္ခအမှန်ကို သရုပ်ဖေါ်ထားတယ်လို့ ထင်မိပါကြောင်း..

သြော် တနေ့တော့ မလွဲနိုင်တဲ့ ဒုက္ခများကို ရင်ဆိုင်ဦးရမယ်လေ..

ရွှင်လန်းချမ်းမြေ့ပါစေ...

ကလိုစေးထူး said...

ကျနော်အကြိုက်ဆုံး အရေးအသား ပုံစံထဲတွေထဲမှာ အခုလိုမျိုး သရုပ်ဖော် အရေးအသားလဲ အပါအ၀င်ပါ။ ကျနော့် အိမ်နားမှာလဲ အဲဒီလို လမ်းကလေးရယ်၊ လူအိုရုံရယ်၊ တခါတလေကျရင် အဲဒီ လူအိုရုံကနေ လမ်းလျှောက်ထွက်လာတတ်တဲ့ အဘိုးအဘွားတချို့ရယ်ကို တွေ့ရတတ်တယ်။ ဒီပို့စ်ကို ဖတ်ပြီး အဲဒီ မြင်ကွင်းတွေကိုတောင် မျက်စိထဲ မြင်ယောင်မိတယ်။

ဆောင်းယွန်းလ said...

တချို့ကဒီအဖွားအိုရဲ့ဘဝမျိုးကိုတောင်ပိုင်ဆိုင်ခွင့်မရှိဘဲ
ခပ်စောစောဘဲလောကကြီးကိုခွဲသွားကြရတယ်လေ.
လောကကြီးကတော့သူ့သဘာဝအတိုင်းလင်းတလှည့်
မှောင်တလှည့်..

မေ့သမီး said...

အဲဒီလိုခံစားမှုမျိုးကိုကြောက်တယ်။ အသက်ကြီးလာရင် မိသားစုနဲ့ကြင်ကြင်နာနာနွေးနွေးထွေးထွေးနေရပါစေလို့အမြဲဆုတောင်းတယ်။

မေငြိမ်း said...

အမ အလုပ်ချင်ဆုံး နောက်အလုပ်တခုက လူအိုတွေကို ပြုစုတဲ့ အလုပ်။ ကိုယ် အသက်ကြီးရင်လည်း လူအိုရုံမှာပဲ နေမယ် စိတ်ကူးတယ်။ ဒီတော့ ခု post လေး ဖတ်ရတော့ စိတ်ထဲ တမျိုးပဲ..

Craton said...

ဖတ်ပြီးတော့ သနားမိတယ်.. ကိုယ့်မေမေနေရာမှာ ၀င်တွေးပြီး ကိုယ်ချင်းစာကြည့်မိသေးတယ်.. ကြုံတွေ့ကြရမှာဆိုတော့ ခံနိုင်ရည်ရှိအောင် တော်တော်ကြိုးစားရဦးမှာ..။

ယောနသံစင်ရော် said...

မနော်၊ ကိုကမာ၊ ကိုလူလ၊ကိုစေးထူး၊ အကိုဆောင်းယွန်း၊ မေ့သမီး၊ ဆရာမ၊ Carton .. ကိုယ်များအိုသွားရင်ဆိုပြီးတွေးကြည့် ပြီးရေးဖြစ်သွားတာပါ။ ဒီလိုအချိန်ရောက်ရင် ကိုယ်ဒီလိုပဲ ခံစားရမှာ ဆိုပြီးတွေးမိလို့ပါ။

Bad Side of ME said...

ငှက်တွေ..စင်ရော်တွေလဲဒီလိုဘဲ
အချိန်တန်တော့အသိုက်အမြုံကနေပျံထွက်ကြတာပါပဲ
အဲဒါကြောင့်"စုန်ရေ"လို့ဆိုကြတာ..:)

Bad Side of ME

htoo said...

အမ
အဝေးကိုရောက် နေတဲ့ ဘဝမှာ အမေ့ကိုလွမ်းလာ တယ်
ပြုစုခွင့်လေး တောင်ရမလားနော်