Thursday, December 18, 2008

အမှတ်တရ ဒီဇင်ဘာည တစ်ည


မနက်စောစောနိုးလာတော့ အိပ်ယာကမထခင် နဖူးပေါ်လက်တင် စဉ်းစားရင်းနဲ့ နောက်အပတ်ဆိုရင် ခရစ္စမတ် ရောက်တော့မှာပါလားဆိုတာ တွေးပြီးပျော်လာတယ် အမှန်တော့ကိုယ်က ခရစ်ယန်ဘာသာဝင် တယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း ဒီဇင်ဘာလကိုရောက်ရင် စိတ်ထဲအလိုလို ပျော်လာတတ်တယ်။

ခပ်ငယ်ငယ်ပိစိကွေး ဘဝတုန်းကတော့ ဆောင်းတွင်းကို သိပ်မကြိုက်ချင်ဘူး။ ချမ်း လွန်းတယ်လို့ ထင်မိတာ ကလည်းတကြောင်း၊ ပြီးတော့ ဆောင်းတွင်းကိုရောက်ပြီဆိုရင် ခြေထောက်တွေ လက်တွေ အဆီခြောက်ပြီး ကွဲတတ်တာမို့ လုံးဝမကြိုက်။ ခြေတွေ လက်တွေကလည်း ကွဲပြီဆိုမှဖြင့် သွေး တောက်တောက်ကျအောင် ဖြစ်တတ်တာဆိုတော့ ဆောင်းတွင်းကို လုံးဝမကြိုက်။

နည်းနည်းကြီးလာတော့.. ဆောင်းတွင်းကိုချစ်တတ်လာရော။ ဘာလို့လည်းသိလား ဆောင်းတွင်းရဲ့ မြူနှင်းစိုင်းတဲ့ မနက်ခင်းတွေမှာ မောင်နှမတွေ အိပ်ယာစောစောထ အိမ်နဲ့မနီးမဝေးက အကြော်တဲလေးဆီကိုသွားပြီး စောစောစီးစီး အကြော်လေး နဲ့ ရေနွေးကြမ်းလေးကိုသောက်ရင်း နှင်းစက်တွေသစ်ရွက်တွေပေါ်ကျတဲ့ အသံကို နားထောင်ပြီး ဟိုတွေးဒီတွေးလုပ်ရတာ သိပ်အရသာရှိတာပဲ။ ကံကောင်းလို့ ကောက်ညှင်းပေါင်းသည် လာရင်တော့ အကြော်နဲ့ ကောက်ညှင်းပေါင်း အတူတူတွဲစားပြန်တော့ ပိုလို့တောင်ကောင်းပြန်သေး။

ဒီဇင်ဘာလဆိုရင် ကျောင်းတွေပိတ်တော့ ငယ်ငယ်က အဖေတာဝန်ကျတဲ့ ပျဉ်းမနားကိုလိုက်သွားရတာကိုလည်း ထည့်ပြောမှ ဆောင်းတွင်းကို ချစ်တတ်လာတာပြီးပြည့်စုံမယ်ထင်တယ်။ ပျဉ်းမနားမြို့ပြင်မှာရှိတဲ့ သကြားစက်မှာ အဖေတာဝန်ကျနေတုန်းက ကျောင်းပိတ်ပြီဆို အမေနဲ့အတူတူ အဖေ့ဆီအလည်သွားတာပေါ့။ အကိုကတော့ ရန်ကုန်ပျော်သူကြီးဆိုတော့ တော်ရုံဘယ်တော့မှမလိုက်ဘူး။ ကိုယ်ကတော့ အမေ့နားက မခွာတဲ့သူမို့လို့ အမြဲတမ်းပါတာပေါ့။

နောက်ပြီး ရွယ်တူအပေါင်းအသင်းတွေရှိတော့ မပျင်းရတာကြောင့် လည်းလိုက်သွားတာပါတယ်။ အဲဒီမှာရှိတဲ့ သူငယ်ချင်းတွေကလည်း ကိုယ်လာမယ်ဆိုတာ အဖေ့ဆီကသိရင် ဝမ်းပန်းတသာနဲ့စောင့်နေတာပဲ။ ကိုယ်ကလည်း ပျဉ်းမနားမြို့ထဲကနေ စက်ရုံအထိ ၈မိုင်လောက်မောင်းရတဲ့ ခရီးကို ကြာလှချေရဲ့လို့ထင်ပြီး ကားပေါ်မှာ ဂနာကိုမငြိမ်နိုင်ဘူး။

သကြားစက်စီမံကိန်းအတွက် ဆောက်ပေးထားတဲ့ တိုက်လုံးချင်းလေးတွေထဲမှာ ကိုယ်တို့အိမ်က ပထမဆုံး စက်ထဲဝင်လိုက်တာနဲ့တွေ့ရမယ့် ထောင့်ကအိမ်ပဲ။ အိမ်ဘေးမှာ ဖုန်ထူတဲ့လှည်းလမ်းကြောင်းရှိတယ်။ အမေက လှဲရကျင်းရတာ ဖုန်ရှုပ်တယ်ဆိုပြီးတော့ မကြိုက်ဘူး ကိုယ်ကတော့သဘောကျတယ်။ ဘာလို့လည်းဆိုတော့ သူငယ်ချင်းတွေရဲ့ အိမ်က နောက်ဘက် တိုက်တန်း တတန်းကျော်လိုက်တာနဲ့ ရောက်ပြီ။

အိမ်ရှေ့ကိုကားဆိုက်တာနဲ့ အဖေ့ကိုတောင် နှုတ်မဆက်နိုင်ဘူး။ သူငယ်ချင်းတွေအိမ်ကိုတန်းနေအောင် ပြေးတာပဲ သူတို့ကလည်း တခါတလေ အိမ်ကလာစောင့်နေကြတယ်။ သူတို့လည်းကျောင်းပိတ် ထားလို့ အပြတ်မီးကုန်ယမ်းကုန်ကဲဖို့တာဆူနေကြပြီး စောင့်နေတာပေါ့။ ရောက်တဲ့အချိန်ကစပြီး ကစားလိုက်တာ တနေ့မှဖမ်း လို့မမိလို့ အမေက အဖေကိုတွေ့ဖို့လာတာလား သူငယ်ချင်းတွေကို တွေ့ဖို့လာတာလား ဆိုပြီး ဆူယူရတဲ့အထိပဲ။

သူငယ်ချင်းတွေက အဖေ့ သူငယ်ချင်းသားသမီးတွေပါ။ တချို့က ကိုယ့်လိုပဲ ရန်ကုန်ကလာတာ။ တချို့ကတော့ ပျဉ်းမနားမှာနေတဲ့သူတွေ။ ကိုယ်တို့ အုပ်စုမှာက အသက်အရွယ်စုံတယ်။ ဆယ်တန်းဖြေထားလို့ အားနေတဲ့ အကိုကြီးတောင်ပါသေးတယ်။ သူ့နာမည်တော့မေ့သွားပြီ။ ကိုယ်နဲ့ရွယ်တူက " မိနီ" အဖေ့သူငယ်ချင်း ဦးဇော်မင်း ရဲ့သမီး။ သူ့မှာ မောင်လေးတွေ ညီမလေးတွေရှိသေးတယ် သူတို့တွေနာမည်လည်းမေ့သွားပြီ။ " မိနီ " ကတော့ မှတ်မိနေတယ် ရွယ်တူမို့လို့။ အဲဒီတုန်းက ကိုယ်တို့က ၄တန်းပဲရှိသေးတာ။

ရန်ကုန်မှာကျတော့ အိမ်ထဲမှာ အတူတူနေတဲ့ မောင်နှမဝမ်းကွဲတွေနဲ့ပဲ ဆော့ရတယ် ခြံအပြင်မှာ ပေးမဆော့ဘူး။ ဒီက ရန်ကုန်မှာလို ကားတွေဘာတွေ ရှောင်နေစရာမလိုဘူး အလွန်ဆုံးရှိမှနွားလှည်းနဲ့ မြင်းလှည်းပဲရှိတာ ဆိုတော့ လွတ်လွတ်လပ်လပ် အပြင်မှာပေးဆော့ထားတယ်။ သူတို့နဲ့ ဆော့မှပဲ ကစားနည်း အသစ်တွေ သိရတယ်။ ထုတ်စီးထိုးတာတို့၊ လိပ်ဥဖွက်တမ်းတို့၊ စုံနေတာပဲ။ နောက်ပြီး အညာမို့ ကုက္ကိုလ်ပင်ကြီး တွေကလည်းပေါ၊ မန်ကျည်းပင်တွေကလည်းပေါဆိုတော့ အပင်တက်တတ်လာတာလည်း သူတို့ကျေးဇူးပဲ။

နောက်ပြီးတောလည်ထွက်တယ်ဆိုပြီး အနီးပါးနားက နေရာလေးတွေကိုလည်းသွားကြသေးတယ်။ ဟိုဆယ်တန်း ဖြေထားတဲ့ အကိုကြီးပါတော့ လူကြီးတွေက စိတ်ချလက်ချနဲ့ လွှတ်ထားလိုက်တာပဲ။ အရင်သကြားစက်ဟောင်း ဆောက်တုန်းက ခေါင်းတိုင်ကို ရှေ့နဲ့နောက်မှားဆောက်မိလို့ ခေါင်းတိုင်ထိပ်ကခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေ သွားတဲ့ ဂျပန်ကြီးရဲ့ အုတ်ဂူနားလည်း အကြောက်အလန့်မရှိသွားတာပဲ။

ဖုန်တွေအလိမ်းလိမ်းနဲ့ ကိုယ့်ခြေထောက် တွေကို ငုံကြည့်ရင်း နဲ့ ရန်ကုန်က မောင်နှမတွေကို သိပ်ပြချင်တာပဲ။ လှည်းတွေနဲ့ စက်ထဲကြိတ်ဖို့ ကြံချောင်းတွေသယ်သွားတာကို လှည်းမောင်းတဲ့ ကြံတောင်သူတွေဆီက ကြံလိုက်တောင်းရင် စားဖို့လောက်ကိုတော့ လက်က လှည်းမောင်းရင်းတဖက် ဓားနဲ့ကြံချောင်းကိုခုတ်ပေးသွား တာကလည်း အညာဒေသ က လူတွေရဲ့ ရိုးသားမှု ကိုသိသာစေတယ်။

လက်ခုပ်ပင်ကြီးတွေအောက်မှာ လက်ခုပ်သီးတွေသွားကောက်ရတာလည်း ဘာမှန်းတော့မသိဘူး ပျော်နေတာ ပဲ။ နွယ်ရှည်ညောင်ပင်ကြီးကိုတွေ့တော့လည်း နွယ်ပင်တုတ်တုတ်ကို ဒန်းလုပ်ပြီးစီးကြ၊ တွဲလောင်း ခိုစီးလိုက်နဲ့ ညောင်ပင်ခမျာလည်း ဒီမျောက်မူးလဲတွေရဲ့ လက်ချက်နဲ့ နွယ်ကြိုးတောင်အကိုင်းက မချရဲလောက် အောင်ပဲ။

သူငယ်ချင်းတွေထဲမှာ ခရစ်ယာန်ဘာသာဝင်သူငယ်ချင်း မောင်နှမတစုရှိတယ်။ သူတို့ကတော့ ကိုယ်လိုပဲ ရန်ကုန်ကနေ သူတို့အဖေဆီ အလည်လာတာပေါ့။ သူတို့ကတော့ အဖေ့သူငယ်ချင်း အန်ကယ်ဦးအေးကို သားသမီးတွေ။ သူတို့နာမည်တွေကိုတော့အကုန်မှတ်မိတယ်။ အစဉ်အတိုင်းပြောရရင် သဲသဲ (ကိုယ့်ထက် ကြီးတယ်)၊ ကိုကို(အရွယ်တူ)၊ အိနှင်း၊ မျိုး နဲ့ အောင်ထက်ကြီးတို့ပဲ။ ကိုကိုကတော့ သိပ်ပြီးတော့ လာကစား လေ့မရှိဘူး သူကခုတော့ လေယာဉ်ပျံကြီးမောင်းတဲ့ ပိုင်းလော့ကြီးဖြစ်သွားတယ်ဆိုပဲ။ မမသဲသဲရယ်၊ အိနှင်းရယ် မျိုးရယ် ကတော့ ကိုယ်တို့နဲ့ အဖွဲ့ကျတယ်။ အောင်ထက်ကတော့ အငယ်လေးဆိုတော့ ဝင်ကစားတချက် မကစားရတချက်ပဲ။

ဒီလိုမျောက်မူးသေအောင်ဆော့လာတဲ့ အဖွဲ့မှာ ခရစ္စမတ်မတိုင်ခင်နှစ်ပတ်လောက်အလိုလဲကျရော စိတ်ဝင်စား စရာကိစ္စတခုဖြစ်လာတယ်။ အဲဒါကတော့ သဲသဲတို့အိမ်မှာ လူကြီးတွေ ခရစ္စမတ်နားနီးလာပြီဆိုတော့ ဘုရား သီချင်းတွေဆိုကြတိုက်ကြနဲ့ သူတို့အိမ်မှာလူတွေဝင်လိုက်ထွက်လိုက်နဲ့ပေါ့။ ရန်ကုန်မှာတော့ အိမ်ကိုအသိတွေ ခရစ္စမတ်မရောက်ခင်ရက်တွေမှာ ခရစ္စမတ်သီချင်းတွေလာဆိုတာတွေ့ဖူးတယ်။ မေမေတို့လည်း ဒီသီချင်း တွေလိုက်ဆိုတာတွေ့ဖူးတယ်။

အိမ်တွေမှာ ဘုရားသခင်ရဲ့မွေးနေ့အခါတော်မှာ ဆုတောင်းပေးတဲ့အနေနဲ့ သီချင်းတွေဆိုတယ်လို့ပဲ သိထားတာ။ ခရစ်ယန်ဘာသာဝင်မဟုတ်ခဲ့လို့လည်း တခါမှအုပ်စုနဲ့လိုက်မဆိုခဲ့ဘူးဖူး။ သဲသဲတို့အိမ်မှာ သီချင်းတွေတိုက်နေသံ ကြားတော့မှ မျောက်အုပ်စုက အိမ်ပေါက်ဝမှာပြူတစ်ပြူတစ်နဲ့သွားစပ်စုကြတော့တာပေါ့။ သူတို့မေမေ သီချင်း တိုက်ဖို့လာတဲ့သူတွေအတွက်ချကျွေးထားတဲ့ မုန့်တွေလည်းကိုယ်တို့တွေ ဝိုင်းစားပစ်လိုက်တာပဲ။

နောက်တော့ သဲသဲကပြောတယ် နင်တို့တွေလည်း သီချင်းလိုက်ဆိုပါလားတဲ့။ အားလုံးတညီတညွတ်ထဲ "အေး" ဆိုပြီး ကလေးအုပ်ပါ သီချင်းတိုက်တဲ့ အထဲရောဝင်ဆိုကြတော့တယ်။ လူကြီးတွေကတော့ ဒီမျောက်ကလေးတွေ ငြိမ်ဆေးရသွားလို့ စိတ်အေးချမ်းသာသွားကြတယ်။ ပထမတော့ သီချင်းတိုက်နေတဲ့ လူကြီးတွေ စိတ်ညစ်တာပေါ့ အသံတွေက ကြောင်တဲ့ဟာက ကြောင်၊ အသံချရမယ့်နေရာလည်း မသိ၊ တက်ရမယ့်နေရာလည်း မသိနဲ့။ နောက်တော့ လူကြီးတယောက်သင်ပေးလိုက်တာနဲ့ ကလေးတွေလည်း ကီးကိုက်အောင်ဆိုတတ်သွားတယ်။

ဘယ်နေ့ ရပ်ကွက်ထဲလည်ဆိုရမှာလဲ ဆိုတော့ ခရစ္စမတ်နေ့ ညတဲ့။ အညာဒေသတို့ရဲ့ ထုံးစံအတိုင်း ပူရင်လည်း အရမ်းပူ၊ အေးရင်လည်း အရမ်းအေးတော့ ညဘက်ကြီးသီချင်းလိုက်ဆိုမယ်ဆိုတော့ ကိုယ်တို့တွေ နည်းနည်း တော့တွန့်သွားတယ်။ ကလေးတွေဆိုတော့ ညဘက် အေးစက်စက်ကြီးထဲ သီချင်းလိုက်ဆိုရမှာ တွေးပြီးတော့ လန့်တာပေါ့။

အဲဒါနဲ့ ကိုယ်တို့တွေ အဲဒီညကျရင် ငါကတော့ဘယ်ဦးထုပ်ဆောင်းမယ်၊ ဟိုတယောက်ကလည်း ငါ့မှာ ဆွယ်တာ အသစ်လေးရှိတာဝတ်ရမယ်နဲ့ အတွေးတွေများလို့ ခရစ္စမတ်ညကိုမျှော်ရင်းမောနေကြတာ နေ့လည်နေ့ခင်း ကောင်းကောင်းမဆော့နိုင်ကြဘူး။ မိဘတွေကတော့ ကလေးတွေတယ်ငြိမ်ပါလားပေါ့။ ကိုယ်တွေကသီချင်းလိုက် ဆိုမဲ့ကိစ္စကို စစ်ဆင်ရေးကြီးတခုလိုသဘောထားနေကြတာ သူတို့မသိဘူးလေ။

ခရစ္စမတ်နေ့ ညနေပိုင်းရောက်တာနဲ့ ဘယ်သူမှ ချိန်းစရာမလိုအောင် စုနေကြနေရာမှာ ကလေးအုပ်စုမိကြရော။ မိဘတွေကလည်း ကလေးတွေပါတော့ ညသူတို့လည်း လိုက်မယ်ပေါ့လေ။ အောင်မယ် ကိုယ်တို့အုပ်က အတော့် ကိုဟုတ်နေတာပေါ့။ သီချင်းစာသားတွေ မေ့သွားမှာကလည်းစိုးရိမ်နေကြသေးတယ်။ ကိစ္စတော့မရှိဘူးပေါ့ လူကြီးတွေပါတာပဲ ကိုယ်တွေမေ့ရင် သူတို့ဆိုလိမ့်မယ်ဆိုပြီး တယောက်နဲ့ တယောက် အားပေးနေရသေးးတယ်။

ကဲ… အိမ်ကစထွက်ပါပြီ။ စက်ရုံဝင်းကြီးကအကျယ်ကြီး ဝန်ထမ်းအိမ်တွေကလည်း စီမံကိန်းအတွက်ရော အရင်စက်ရုံအဟောင်းက ဝန်ထမ်းတွေရောရှိတာ။ ဒါပေမဲ့ ခရစ်ယာန်အိမ်တွေကိုပဲသွားဆိုမှာဆိုတော့ အိမ်ပေါက် စေ့ဆိုစရာတော့ မလိုဘူးပေါ့။ လမ်းတော့ဝေးဝေးလျှောက်ရမယ် ဒါလည်းကိစ္စမရှိပါဘူး စက်ရုံတဝင်းလုံးတောင် လှည့်ပတ်ဆော့နေတာဆိုတော့ အသာလေးပေါ့။

"We Wish you a Merry Christmas, We wish you a Merry Christmas and a Happy New Year" "Silent Night, Holy night All is clam all is bright …." ဒီလိုအင်္ဂလိပ်သီချင်းတွေကို မပီတပီနဲ့ အပြတ်ဟဲကြတဲ့အပြင်။

"ဒီဇင်ဘာရဲ့ အေးချမ်းလွန်းတဲ့ ည အချိန်အခါဝယ် …. …" ""ဤ အိမ်ပေါ်သို့ကောင်းချီးမင်္ဂလာရောက်စေသော်… ….. ကျေးဇူးတင်ပါတယ် ..ကျေးဇူးတင်ပါတယ် အိမ်ရှင်များတို့ရယ်…" လိုမြန်မာသီချင်းတွေ အဆုံး အသံပြာဝင်သည်အထိ ကလေးတအုပ်အော်ဆိုရင်း။ သွားလည်သောအိမ်များမှ ကျွေးမွေးသောအစား အသောက် များ သကြားလုံးများကို တဝကြီးစားသောက်ပြီးနောက်။ ည ၁၂နာရီကျော်မှ သဲသဲတို့အိမ်ပြန်ရောက်ပြီးတော့ သူတို့မေမေချက်ထားတဲ့ ကြာဇံချက်ကို တဝကြီးသောက်ပြီး ကိုယ်စီကိုယ်စီ မိဘတွေနဲ့အိမ်ကိုပြန်ကြပါတယ်။

အဲလို ပျဉ်းမနားမှာ အဖေ့နောက်အလည်သွားရင်းနဲ့ ခရစ္စမတ်မှာ သီချင်းဆိုခဲ့ဖူးတာက အစပြုပြီးတော့။ နောက်နောင် ခရစ်ယာန်သူငယ်ချင်းတွေရှိလာတော့ သူတို့တွေနဲ့ ခရစ္စမတ်နေ့မှာ Carol Singing ထွက်ရတာ ကိုနှစ်သက်တတ်လာတယ်။ သူတို့တွေ သီချင်းဆိုပြီးလို့ ခေါင်းငုံဆုတောင်းပေးနေတဲ့ အခါတွေမှာတော့ ကိုယ်က နံဘေးမှာ ယောင်နန ဖြစ်နေတတ်တာ တခုကလွဲရင် သီချင်းဆိုရတာကြိုက်တဲ့ ကိုယ့်အတွက်တော့ပျော်စရာပါပဲ။

ခုလည်း ခရစ္စမတ် နားနီးလာတာနဲ့ တယောက်တည်း ခရစ္စမတ်သီချင်းတွေ ဖွင့်ပြီး လိုက်ဆို၊ တယောက်တည်း ဆိုရတာ အားမရတာနဲ့ ခရစ်ယာန်သူငယ်ချင်းတွေ ရဲ့ ဘလော့ CBOX မှာ စာရေးပြီး သွားသွား အော်ဆို မိပြန်ပါတယ်။ တကယ်တော့ ခရစ္စမတ်သီချင်းတွေက ဒီလိုခရစ်တော်မွေးဖွားတဲ့ ဒီဇင်ဘာလ ခရစ္စမတ် ရက်မြတ်မှာသီဆိုမှလည်း ပိုပြီး ခံစားမှုရသမြောက်တာပါ။ နောက်တပတ် အထိပဲစိတ်ကြိုက် သီဆိုခွင့်ရှိတော့မှာ လို့ တွေးမိပြီး တေးသွားတပုဒ်ကို တိုးတိုးလေးသီဆိုမိနေပြန်ပါတော့တယ်။ ။






စိုးသင့်ဆွေ
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၈
နံနက် ၁း၄၃ မိနစ်
(ဓာတ်ပုံကို
www.soycandlesbyphebes.com မှယူပါသည်)

14 comments:

P.Ti said...

ငယ်ငယ်တုန်းကပျော်စရာလေးတွေက အမှတ်တရပဲနော်...

ဤ အိမ်ပေါ်သို့ကောင်းချီး မင်္ဂလာရောက်စေသောဝ်... မင်္ဂလာရောက်စေသောဝ်...

Merry X'mas & Happy New Year

mirror said...

အစ်မရေ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ...
အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်နော...

ခင်မင်လျက်
ညီမ
Mirror

Craton said...

ဖတ်ပြီး အနော်ပါပျော်လာတယ်.. အဟီး..
ကလေးဘ၀လေးတွေ ပြန်တွေးမိရင် ရယ်လည်းရယ်ရပြီး ပြန်လည်းတောင့်တာမိတယ်..
merry christmas ပါ အစ်မရေ။

ပျူနိုင်ငံ said...

အမက ဈေရ၀တီသကြားစက်မှာ နေခဲ့တာလား။
အတိတ်ဟာ လွမ်းစရာတွေ များတယ်နော်
အမရယ့် ပို့စ်လေးကို ဖတ်ပြီး မြန်မာပြည်ကို
ပိုလွမ်းသွားတယ် အမရေ။

ခင်မင်းဇော် said...

ဟက်ပီးခရစ်စမတ်ပါ....ဗျိုးးးးးးးးး
အမသားလဲ အဲလို လိုက်ဆိုရင် ပျော်နေတာပဲ သိလား။

ဟန်လင်းထွန်း said...

ဟုတ်တယ်နော်။ ဒီဇင်ဘာလဆိုရင် စိတ်ထဲမှာ အပျော်တွေအလိုလိုရောက်လာတယ်။ ကဲ ချင်လို့ နေမှာ။

စကားမစပ် ! Word Verification ကိုဖြုတ်ပေးပါလား။ ကွန်မန်းရိုက်ရတာ ပိုအဆင်ပြေလို့။

ဆောင်းယွန်းလ said...

အေးချမ်းတဲ့ခရစ်စမတ်သီချင်းလေးတွေနားထောင်သွား
ပါတယ်ညီမရေ..
ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ...

စိုးသင့်ဆွေ said...

အစ်မ.. ကျွန်တော် ကွန်မန့်ရေးရတာ အဆင်မပြေဘူးဗျ... ဘာဖြစ်လို့လဲ မသိဘူး.... ကွန်နက်ရှင်လည်းကောင်းတယ်....
ကျွန်တော်လည်း ခရစ္စမတ်မှာ သီချင်းလိုက်ဆိုခဲ့တာတွေကို ပြန်အမှတ်ရသွားတယ်။ ချမ်းချမ်းအေးအေးနဲ့ အရမ်းပျော်ဖို့ ကောင်းတယ်။ သီချင်းဆိုပြီးသွားရင် မီးပုံပွဲလုပ်ကြတယ်လေ။ အဲဒီအချိန်တွေကို ပြန်အမှတ်ရမိတယ်။
ဤအိမ်ပေါ်ကို ကောင်းချီးမင်္ဂလာရောက်စေသောဝ်... ကို ကျွန်တော်တို့ ကလေးတွေက ဤအိမ်ပေါ်ကို ကောက်ညှင်းပေါင်းတွေ ရောက်စေသောဝ်..ဆိုပြီး ဖျက်အော်ကြတာ... ပြန်လွမ်းတယ်...
Merry X'mas ပါ..

ခင်မင်လျက်
မိုးနေ
--------
ညီမလေးမိုးနေရဲ့ ဂျီမေးကတဆင့်လာတဲ့ကွန်မန့်

khin oo may said...

တို့ဆီလာဆိုပါဦး။

ကမာနီလာ said...

တို့ကတော့ ငယ်ငယ်တုန်းက ဆောင်းတွင်းဆို ကြိုက်တယ်ဟေ့ ၊ အေးအေးနဲ့ ကျောင်းမတက်ဘဲ အိမ်မှာအိပ်နေလွန်းလို့ ဆရာမက တိုင်စာခဏခဏပို့ပါ့၊ အခုတော့ အိပ်ချင်လည်းကုန်းရုန်းထနေရတဲ့ဘ၀ ညီမေ၇းတာလေးဖတ်ပြီး ငယ်ဘ၀တွေကို ပြန်လွမ်းမိတယ်

paysatthu ပေးဆပ်သူ said...

ဒီခရစ်စမတ် မှာ အရင်ကထက်ပိုပျော်ပါစေ

Ma Moe said...

I miss Kyi Kyi Myint's fried rice with BBQ pork that we ate early morning in Pyin Ma Nar.

မေငြိမ်း said...

ပျဉ်းမနားဆိုရင် အမ ရေဇင်းမှာ စာသွားရေးဖူးတာ သတိရတယ်.. ရေဇင်းဆည်ပေါ်က ကြည့်ရင် ဖုံတထာင်းထောင်းထနေတဲ့ လှည်းလမ်းကြောင်းလေး တွေကို ဆီးမြင်ရတာ.. ရင်ခုန်စရာ သက်ဝင် ပန်းချီကားပဲ.. အညာရဲ့ ရုပ်ပုံလွှာတခုလိုပဲနော်..။
ခု ပြန်လွမ်းသွားပြီ။

ယောနသံစင်ရော် said...

မောင်လေးပီတိ၊ ညီမ mirror၊ မောင်လေးCraton၊ ကိုအောင်၊ မခင်မင်းဇော်၊ ကိုဟန်လင်းထွန်း၊ အကိုဆောင်းယွန်း၊ မမိုးနေ၊ မKOM၊ ကိုကမာ၊ ပေးဆပ်သူ၊ ကွန်မန့်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။

မမိုး တို့အလည်လာတာကိုတောင် သိပ်မမှတ်မိလိုက်ဘူး မှတ်မိရင်ထည့်ရေးလိုက်ပါတယ်။

ဆရာမ .. ရေဇင်းဆည်ရယ် ရေဇင်းတက္ကသိုလ်ရယ်ကို ခဏခဏရောက်တယ်။ ဧည့်သည်တွေကို လိုက်ပို့တာပေါ့။ အဲဒီမှာ မြင်ကွင်းတွေသိပ်လှတယ်နော်...။