Wednesday, January 28, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁) အင်တာနက်မဂ္ဂဇင်း



ပညာရေးအသားပေးကဏ္ဍများပါဝင်သည့် သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ(၃)အမှတ်(၁) ထွက်ရှိလာပါပြီ။ သံလွင်အိပ်မက်မှာပါတဲ့ မိုးခေါင်လွင်ပြင်၌ပျိုးသောပန်းခင်း ဝတ္ထုတိုလေးကိုဖတ်ဖို့ဖိတ်ခေါ်ပါရစေ။



Read More...

Thursday, January 22, 2009

သမတ ကျမ်းကျိန်ပွဲနေ့ ချီတက်ပွဲဓာတ်ပုံများ


ဓာတ်ပုံတွေအောက်မှရည်ညွှန်းချက်စာတွေကိုဖတ်ချင်တယ်ဆိုရင်တော့ ဓာတ်ပုံပေါ်ကို Click ပြီးကြည့်နိုင်ပါတယ်။



Read More...

Wednesday, January 21, 2009

ဝမ်းနည်းမှုများ နဲ့ ညနေခင်း

မနေ့ မနက်လင်းအားကြီးထဲက စပြီး ဝါရှင်တန်ဒီစီရဲ့လမ်းမတွေပေါ်မှာ လူတွေဟာရှုပ်ရှက်ခပ်နေပြီး သမတ ကျမ်းကျိန်ပွဲအတွက်စိတ်အားထက်သန်နေကြပါတယ်။ နေ့လည်ခင်းမှာတော့ သမတ အိုဘားမားကို ဂုဏ်ပြုတဲ့အနေနဲ့ အလှပြချီတက်ပွဲလုပ်ခဲ့ပါတယ်။ ချီတက်ပွဲကို နေ့လည်ခင်း ၂း၃၀ ခွဲမှာ Capitol ရှိတဲ့ Constitution Avenue ကစတင်ပြီး သမတ အိမ်ဖြူတော်ရှိတဲ့ Pennsylvania Avenue နဲ့ 17 th လမ်းဆုံတဲ့ ထောင့်မှာ အဆုံးသတ်ခဲ့ပါတယ်။

သမတကျမ်းကျိန်ပွဲကိုသွားကြည့်ချင်ပေမဲ့ အိမ်မှာ သမီးလေးကိုထားခဲ့ဖို့ လူခွဲမရှိတာရော၊ အမျိုးသားက အလုပ် သွားရတာရောနဲ့မို့ မသွားကြည့်နိုင်ခဲ့ပါဘူး။ အလှပြချီတက်ပွဲကိုလည်း စောစောသွား နေရာကောင်းယူပြီး သမတနဲ့ သမတကတော် လူထုကိုနှုတ်ဆက်တာကို ကြည့်ချင်ပေမဲ့လည်း အမျိုးသားအလုပ်က သမတ ကျမ်းကျိန်ပွဲအထူးအစီအစဉ်တွေအတွက် အလုပ်များသွားတာမို့ ရုံးကညနေ ၃ နာရီထိုးမှပြန်ရောက်လာခဲ့လို့ သူပြန်ရောက်မှ အိမ်ဖြူတော်ဘက်ကို အပြေးအလွှားသွားရပါတော့တယ်။

အိမ်က ၁၇ လမ်း နဲ့ Q လမ်းထောင့်မှာရှိပေမဲ့ သမတ အိမ်ဖြူတော်ရှိတဲ့နေရာကိုရောက်ဖို့ အတော် လမ်းလျှောက် ရဦးမှာမို့ အဌားပဲစီးသွားတော့မယ်ဆိုတဲ့စိတ်ကူးဟာလမ်းမပေါ်ရောက်တော့ အိမ်နားကလမ်းတွေကို လုံခြုံရေး အနေနဲ့ စစ်သားတွေကပိတ်ထားတာ တွေ့ရတယ်။ အဌားကားတစီးကိုတားပြန်တော့လည်း မြို့ထဲကလမ်းတွေ အတော်များများပိတ်ထားလို့ သူတောင်အိမ်ပြန်အိပ်တော့မယ်မလိုက်နိုင်ပါဘူးလို့ စိတ်ပျက်လက်ပျက် ပြောပါ တယ်။ ဒါနဲ့ အိမ်နဲ့မလှမ်းမကမ်းက ဘူတာရုံကို အပြေးတပိုင်းနဲ့ ထွက်ခဲ့ရတယ်။ အချိန်ကလည်း ညနေ ၃း၃၀ ဖြစ်နေပါပြီ။ သမတ က ညနေ ၄နာရီမှာ အိမ်ဖြူတော်ကိုရောက်ပြီး လူထုကို နှုတ်ဆက်မှာဆိုတော့ အချိန်သိပ်မရှိတော့ဘူးလေ။

အရေးထဲမှာ ဘူတာရုံ မှားဆင်းမိလို့ အိမ်ဖြူတော်ရှိတဲ့နားကိုလမ်းလျှောက်လိုက်ရတာက ၁၀မိနစ်လောက်ကြာ လိုက်သေးတယ်။ လမ်းမှာလည်း အိမ်ဖြူတော်ဘက်ကပြန်လာတဲ့လူအုပ် သွားနေတဲ့လူအုပ်နဲ့ ပလက်ဖောင်းတွေ ပေါ်မှာ ခြေချစရာတောင်မှမရှိလောက်အောင်ကို ရှုပ်ရှက်ခပ်နေတယ်။ နောက်ပြီး အိုဘားမား တီရှပ်၊ အိုဘားမား နံရံကပ်ပိုစတာ၊ အိုဘားမား အမှတ်တရ တံဆိပ်ဝိုင်းလေးတွေရောင်းသူတွေ၊ အိုဘားမား နားကပ်၊ အိုဘားမား ဆွဲကြိုး၊ လက်ကိုင်အိတ် ရောင်းနေတဲ့ သူတွေကိုလည်း နေရာအနှံ့မှာတွေ့နိုင်တယ်။ ဘယ်နေရာကြည့်ကြည့် အိုဘားမားမျက်နှာကြီးကိုပဲတွေ့နေရတော့တာပါပဲ။

နောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံရဲ့ ချစ်စရာကောင်းလှတဲ့ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်အနေနဲ့။ အမေရိကန် ကွန်မြူနစ်ပါတီ က လူတစုကိုလည်း လမ်းထောင့်တနေရာမှာ လူတွေကို ကွန်မြူနစ်သတင်းစဉ်တွေ ဝေဌနေ တာလည်းတွေ့ခဲ့ပါသေးတယ်။ အရင်းရှင်စနစ်ရဲ့ ဆိုးကျိုးများကို တော်လှန်ချိန်ရောက်ပြီဆိုပြီး အစ္စရေးနိုင်ငံ နဲ့ ပါလက်စတိုင်းတို့ရဲ့ ဂါဇာတိုက်ပွဲပုံပိုစတာကြီးကိုကိုင်မြှောက်ပြီးတော့ အော်ကြီးဟစ်ကျယ်ရှင်းလင်းပြောပြနေတဲ့ မိန်းမငယ်လေးကိုလည်း တွေ့ခဲ့ရတယ်။ ဓာတ်ပုံတောင်မရိုက်နိုင်ခဲ့ပါဘူး။ သမတကိုမတွေ့လိုက်ရမှာစိုးလို့ သူတို့ ဝေဌနေတဲ့သတင်းစာတစောင်ကိုပဲ ကမမ်းကတမ်း ဆွဲယူခဲ့ပါတယ်။


အိမ်ဖြူနဲ့ အနီးဆုံးဘူတာရုံဖြစ်တဲ့ Farragut West ဘူတာရုံရှေ့မှာတော့လူတွေဟာဘူတာရုံထဲကိုဝင်ဖို့ အတွက်လူတန်းရှည်ကြီးနဲ့စောင့်ဆိုင်းနေကြတာကို တွေ့လို့ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။လူတွေကအေး လွန်းလှတဲ့ ရာသီဥတုထဲမှာ ဘူတာရုံဝင်ဖို့ကို တန်းစီ စောင့်နေတာတောင်မှ အပြုံးမပျက်ကြပါဘူး။ တအုပ်စုနဲ့ တအုပ်စု နောက် ပြောင်ရင်း အချိန်ဖြုံးနေကြပါတယ်။

အိမ်ဖြူတော်နဲ့ အနီးဆုံး ၁၇ လမ်းနဲ့ Pennsylvania Ave လမ်းဆုံမှာရှိတဲ့ လုံခြုံရေးဂိတ် A & B ကိုရောက်တော့ အိမ်ဖြူတော်ဘက်ကို သွားလို့မရအောင်ဂိတ်ကိုပိတ်ထားလိုက်ပြီလို့ဆိုပါတယ်။ သမတမိန့်ခွန်းပြောမယ့် နေရာကို လှမ်းမြင်နေရပေမဲ့ အနားတော့ရောက်အောင်ဘယ်လိုမှသွားနိုင်တော့မှာမဟုတ်လို့ စိတ်အတော်ပျက်သွားမိပါ တယ်။ အမေရိကန်နိုင်ငံသားမဟုတ်ပေမဲ့ ပထမဆုံးလူမည်းသမတအဖြစ် အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင်နေ့ရက် ကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်တာပါ။ နောက်ပြီး သမတဆိုတာကလည်း အပြင်မှာ တွေ့ရခဲတယ်မဟုတ်လား။

ကဲ ဆက်ပြီးသွားလို့ မရဘူးဆိုတော့လည်း ရောက်တဲ့နေရာမှာသာ လက်မှိုင်ချရပ်ပြီးတော့ ၁၇ လမ်းပေါ်ကို မျှော်သာကြည့်နေနိုင်ပါတော့တယ်။ သမတက ၁၇ လမ်းပေါ်ကနေပြီးတော့ ကားနဲ့ အိမ်ဖြူတော်ထဲကို ဝင်သွား မှာဖြစ်တယ်။ ပြီးမှ အလှပြချီတက်တဲ့သူတွေကို စင်ပေါ်ကနေနှုတ်ဆက်မှာပေါ့။

ရာသီဥတုကလည်းအေးလိုက်တာမှ လက်အိတ်စွပ်ထားတာတောင် လက်တွေကအေးခဲပြီး နာတောင်နာကျင် လာ ပါတယ်။ ဘေးနားက လူမည်းအမျိုးသမီးကြီးဆိုရင် သမတကိုတွေ့ဖို့အခွင့်အလမ်းမရှိတော့လို့ အိမ်က ထွက်တာ နောက်ကျတယ်ဆိုပြီးသူ့သမီးကို မြည်တွန်တောက်တီးပြောဆိုနေသံကိုကြားရတော့ ရယ်လည်းရယ်ချင် ရယ် လည်းမရယ်ရက်အောင် သနားစရာကောင်းနေပြန်ပါတယ်။ မိနစ် ၂၀ လောက် အအေးခံရင်း လူတွေရဲ့ စိတ်ပျက်ငြီးညူသံတွေကို နားထောင်ပြီးတဲ့ နောက်ဆုံးမှာတော့ ဆိုင်ကယ်စီးပုလိပ်တွေ ဝိုင်းရံပြီးတော့ သမတစီးလာတဲ့ ကားကိုလှမ်းတွေ့ရပါတယ်။

အကွာအဝေးက အတော်ဝေးပေမဲ့ လူပုံသဏ္လန်ကိုတော့ ကောင်းကောင်းမြင်နိုင်တဲ့ အနေအထားပေါ့လေ။ သမတနဲ့ သမတ ကတော်တို့ လမ်းဆင်းလျှောက်မယ်ဆိုရင်တော့ မြင်နိုင်တဲ့ အနေအထားပါ။ ကံကောင်းစွာနဲ့ပဲ သမတ က ၁၇လမ်းနဲ့ Pennsylvania လမ်းဆုံနားကျတော့ လမ်းဆင်းလျှောက်ပါတော့တယ်။ ဘေးနားကရှိသမျှ လူတွေ အော်လိုက်ဟစ်လိုက်ကြတာ ကမ္ဘာပျက်သလားအောင်းမေ့ရပါတယ်။ ခုနက လူမည်းအမျိုးသမီးကြီး ဆိုရင် ခန္ဓာကိုယ်ဝဝကြီးနဲ့ ခုန်ပေါက်နေပါတယ်။ သမတတို့ ဇနီးမောင်နှံကို ဓာတ်ပုံရိုက်ဖို့မပြောနဲ့ သူ ကိုယ့် ခြေထောက်ကို မနင်းမိအောင်တောင် မနည်းရှောင်နေရပါတယ်။

ဘာပဲပြောပြော နောက်ဆုံးတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမတကို မျက်မြင်ကိုယ်တွေ့ အရှင်လတ်လတ်ကြီးတွေ့ခွင့်ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ မျှော်လင့်ခြင်းများစွာကို ပိုင်ဆိုင်သူ အပြောင်းအလွဲတွေဖန်တီးပေးမယ်လို့ ယုံကြည်အားကိုးခြင်းခံရသူ သာမာန်ပြည်သူထဲက ပေါက်ပွားခဲ့တဲ့ အမေရိကန်သမတ ဘားရက် အိုဘားမား ဟာ သူ့ရဲ့ ပြည်သူတွေကို နှစ်လိုဖွယ် အပြုံးနဲ့ လက်ဝှေ့ရမ်း နှုတ်ဆက်နေပါတယ်။ သူ့ရဲ့ ဇနီးဖြစ်တဲ့ မီရှယ် အိုဘားမား ကလည်း သူ့ခင်ပွန်း သမတကြီးလက်ကို နံဘေးမှာ ပါရမီဖြည့်ဖက်အနေနဲ့ ဆုပ်ကိုင်ထားပါတယ်။

အမေရိကန်ပြည်သူတွေဟာ သူတို့နိုင်ငံတော်အလံလေးတွေကိုဝှေ့ရမ်းပြီးပျော်ရွှင်နေပါတယ်။ သမတကလည်း ပြည်သူတွေကို အပြုံးနဲ့ပြန်လည်နှုတ်ဆက်နေပါတယ်။ တာဝန်ပေးအပ်သူများနဲ့ တာဝန်ပေးအပ်ခြင်းခံရသူ သမတ တို့ရဲ့ အပြုံးတွေထဲမှာတော့ စိတ်ဓာတ်ခွန်အား နဲ့ အပြန်အလှန်လေးစားယုံကြည်မှုတွေကို အထင်းသား မြင်တွေ့ နေရပါတယ်။

ဒီမြင်ကွင်းကို ကြည့်နေရင်းမှာ ရုတ်ခြင်းဆိုသလိုပဲ ဝမ်းနည်းမိသွားပါတယ်။ ကျမတို့နိုင်ငံမှာ ဒီလိုမြင်ကွင်းမျိုး ဒီလို ဝမ်းမြောက်ပျော်ရွှင်နေတဲ့ မျက်နှာမျိုးတွေကို တအားတွေ့မြင်ချင်မိလာပါတယ်။ ဝမ်းမြောက်ပျှော်ရွှင်နေတဲ့ မျက်နှာတွေအစား ညှိုးငယ်နေသော၊ ဆာလောင်သော၊ အားမတန်မာန်လျော့နေရသော မျက်နှာများ။ နာဂစ် အတွင်း သေဆုံးခဲ့သောကလေးငယ်များ၊ အပျက်စီးများရဲ့ ဓာတ်ပုံများသာ မျက်လုံးထဲမှာ တဆင့်ခြင်းမြင်ယောင် လာပါတယ်။

ကမ္ဘာတဖက်ခြမ်းရှိ တိုင်းပြည်တခုတွင် ပြည်သူတွေချိမ့်ချိမ့်သဲ အောင်ပွဲခံပျော်ရွှင်နေချိန်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူများကတော့ လျှပ်စစ်မီးတောင် နပ်မှန်အောင် မရနိုင်ပဲ လူသားတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ လွတ်လပ်စွာ ပြောဆို၊ ယုံကြည်ခွင့်များလည်း ဆုံးရှုံးနေရှာပါတယ်။ ကျမ ရင်ထဲမှာ အတိုင်းမသိ ဝမ်းနည်းနာကျင် လာပါတယ်။ သမတ အိုဘားမား နဲ့ သူရဲ့ ပြည်သူများရဲ့ မျက်နှာတွေကို ကြည့်ရင်းပျော်ရွှင်ရမယ့် အစား ပို၍ ပို၍ ဝမ်းနည်းမှုသာ ရင်ထဲမှာပြည့်လာပါတယ်။ အလှပြချီတက်တာတောင် ဆုံးအောင်ကြည့်ရှုနိုင်စွမ်းမရှိတော့ပါဘူး။

လူတွေကို တိုးဝှေ့ပြီးတော့ လူအုပ်ထဲကထွက်လာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလာတုန်းကလိုပဲ လူတွေရဲ့ အပျော်မျက်နှာများကိုတွေ့ခဲ့ရပေမဲ့ သူတို့ရဲ့ အပျော်များက ကျမရင်ထဲကို လုံးဝမကူးစက်နိုင်စွမ်းမရှိ တော့ပါဘူး။ ကျမရင်မှာ ခံစားရခက်အောင် ဝမ်းနည်းခြင်းများနဲ့သာ အပြန်လမ်းတလျောက်မှာပြည့်နှက်လို့သာ လာပါတော့တယ်။






စိုးသင့်ဆွေ
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၀၉
နေ့လည် ၁း၀၀ နာရီ

Read More...

Saturday, January 10, 2009

အိပ်မက်မဖြစ်စေချင်သော စိတ်ကူးလေးများ

မျက်လုံးတွေကို ဖြတ်ကနဲဖွင့်ကြည့်လိုက်တယ်။ ခန္ဓာကိုယ်က လှဲလျောင်းလျက် အနေအထားမို့ အိပ်ရာထဲမှာ ဆိုတာ သေချာသိလိုက်တယ်။ ဒါဖြင့် ငါဘယ်ရောက်နေတာလဲ … ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်နေမိတယ်။ ခြေရင်းက ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အလင်းရောင်မှုန်ပြပြ မြင်လိုက်တယ်တော့မှ အာရုဏ်ဦးအ လင်းရောင်ဆိုတာကို သတိထားမိသွားတယ်။ အော် ..ညက အလုပ်ကပြန်လာပြီးတော့ ပင်ပန်းလွန်းလို့ အိပ်ရာပေါ် ခဏဆိုပြီး လှဲလိုက်တာ မိုးလင်းသည်အထိ အိပ်လိုက်မိတာကိုး။

ပြူတင်းပေါက်က မြင်ရတဲ့ရောင်နီဖြဖြကို အိပ်ရာက မထပဲကြည့်နေတုန်းမှာပဲ ဟိုးဝေးဝေးဆီက အိပ်တန်းကနိုးပြီး ကယောင်ကတမ်းတွန်လိုက်တဲ့ ကြက်တွန်သံကိုကြားလိုက်ရတော့ ရင်ထဲမှာနွေးထွေးသွားပြီး အာရုံတွေလည်း လန်းဆန်းလာတယ်။ နေ့သစ်တခုကိုရောက်ခဲ့ပြန်ပြီ။ နည်းနည်းချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ စောင်ကိုမေးဖျားအထိ ရောက်အောင်ဆွဲခြုံလိုက်မိတယ်။ ဒီလိုဆောင်းတွင်းမျိုးမှာအိပ်ရာနိုးနိုးခြင်းမထသေးပဲ စောင်ခြုံကွေးရတာလောက် ကောင်းတဲ့ အရသာမရှိဘူး။ အပြင်မှာ နှင်းမြူတွေများဆိုင်းနေပြီလား။

အိပ်ပျော်မလိုဖြစ်သွားတုန်းမှာ .. "ပဲ....ပြုတ်၊ နံပြား………." အသံကို အနိမ့်အမြင့် နဲ့ ဆွဲဆွဲငင်ငင် အော်လိုက်တဲ့ ပဲပြုတ်သည် အသံဟာလည်း နားဝင်ကိုချိုနေတာပဲ။ ပဲပြုတ်နံပြားကို ပဲဆီဆိမ့်ဆိမ့်လေးဆန်း စားပြီး ကော်ဖီပူ လေးနဲ့ မျောချလိုက်ချင်ပေမဲ့ အိပ်ရာကထရမှာပျင်းနေတာနဲ့ပဲ ဒီနေ့တော့ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို ချီတက် မယ်လို့ စိတ်ကူးလိုက်တယ်။

အော်.. မေ့နေလိုက်တာ ဒီနေ့ စနေနေ့ပဲ..။ အလုပ်သွားစရာမလိုတဲ့နေ့ ကောင်းလိုက်တာ .. ဒါဆိုရင်တော့ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းဘက် သွားဦးမှပဲ မှာထားတဲ့ စာအုပ်ဟောင်းလေးတအုပ်ရပြီလား စနည်းနာ ရင်း နဲ့ အမေ့အိမ်တို့၊ စာပေလောကတို့ဝင်မွှေပြီး စာအုပ်လေးဘာလေးဝယ်ဦးမှပဲ။ ဖတ်စရာစာအုပ်တွေကုန်နေပြီ။ ဝမ်းစာဆိုတာဖြည့်နေရတယ်တဲ့... ဝမ်းစာပြည့်မှ အကြည်ဓာတ်ရတယ်ဆိုတာကလား။

အဲ.. နောက်ပြီးတော့ လောကနတ်ပန်းချီခန်းပေါ်လည်းတက်ဦးမှ.. ပန်းချီမောင်ဒီ၊ ပန်းချီကြီးမြင့်စော၊ နေမျိုးဆေး တို့ရဲ့ ကားတွေ ပြပွဲရှိနေတယ်တဲ့ ။ ပန်းချီကြီးမြင့်စောရဲ့ "ရန်ကုန်ည" ပန်းချီကားလေး တင်ထားတယ် ပြောတယ် နာမည်ကြီးကားလေးကို သွားကြည့်မှ.. သွားကြည့်ဦးမှ။

အော် … ရေးလက်စ ကားလေးရပ်ထားရတာ ခုမှသတိရတယ်။ ဒါဆို လောကနတ်ပန်းချီခန်းက အပြန် ဗိုလ်ချုပ်ဈေးသွားရဦးမှာပဲ ကုန်နေတဲ့ အာခရစ်လစ် (Acrylic) ဆေးလေးနည်းနည်းပါးပါးဝယ်ရမယ်။ စုတ်တံ ပြားလေးလည်း တချောင်းလောက်ထပ်ဝယ်ရမယ်။ ရှိနေတဲ့ဟာက ဖိရလွန်းတော့ အနားတွေဖွာပြီး ယပ်တောင် ဖြစ်နေပြီ။ ဒါဆိုရင်တော့ ရိုးရာပန်းပညာရှင်များအစည်းအရုံးပြခန်းကိုလည်း ဝင်ကြည့်လိုက်မှပဲ မရောက်တာ လည်းကြာ နေပြီဆိုတော့ ပန်းချီကားသစ်တွေတင်ထားမှာပဲ။

အဲ .. ဈေးရောက်မှတော့ နေ့လည်စာကို ဈေးမှာပဲစားတော့မယ်။ ဦးကြွိ ဘဲပေါင်းဆီချက် မစားရတာကြာပြီ စားပြီးရင် ဘေးဆိုင်က ရွှေရင်အေးမှာပြီး တဝကြီးသောက်လိုက်ဦးမှ။ အမေ့တို့ကိုပြောခဲ့ဖို့မမေ့နဲ့ဦး တော်ကြာ ထမင်းစားစောင့်နေဦးမယ်။ သူတို့ကလည်း စနေ၊ တနင်္ဂနွေ မိသားစုလေးလက်စုံစားချင်တာပေါ့။ ကိုယ်က တော့ အားတဲ့ရက်ဆိုတော့ .. သွားစရာလေးတွေကိုသွားချင်တဲ့ စိတ်ကများနေတယ်။

အင်း.. သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတာကြာပြီ။ ဒါဆိုရင်တော့ ဗိုလ်ချုပ်ဈေးက အပြန် ၃၂လမ်းကိုဘက်လှည့် လိုက်ဦးမယ်။ ဆရာဆူဒိုနင် နဲ့လည်း မပွားရတာကြာပြီ ၃၉ လမ်းက ဆရာ့အလုပ်ခန်းကို ဝင်တွေ့လို့ရသေးတယ်။ ကောင်းလိုက်တဲ့ ငါ့အကြံနှယ်….။ တချက်ခုတ်သုံးလေးငါးချက်ပြတ်အောင်တော့လုပ်မှ .. ရတဲ့ အားရက်က စနေရယ် တနင်္ဂနွေရယ် နှစ်ရက်ထဲရယ်။

သူငယ်ချင်းတွေနဲ့တွေ့ရင် .. စကားတွေပြောရင်းနဲ့ နေ့လည် ၃နာရီလောက်အထိဖြစ်သွားတော့မှာပေါ့။ ကောင်းတာပဲ ဒါဆိုလည်း .. မြို့ထဲကနေဆို တရုတ်တန်းကို နီးနီးလေး .. ၁၉လမ်းမှာ ဆန်ပြုတ်နဲ့ ဘဲသားသုတ် သွားစားလိုက်မယ်။ ဟိုကောင်တွေကတော့ သောက်မှာပဲ.. သူတို့သောက်တဲ့ဆိုင် အရင်မဝင်ခင် ငါ့ ဆံပြုတ်ဆိုင် ကို အရင်သွားစားဖို့ဆွယ်ရမယ်။ အမေ့ကိုတော့ ညစာပါ အပြင်မှာစားမယ်ပြောပြီး တနင်္ဂနွေ မှ မိသားစုနဲ့ ထမင်းအတူတူ စားပါ့မယ်လို့ ဂတိပေးခဲ့ရမယ်။

အင်း .. ဒါပေမဲ့ ဒီကောင်တွေက မူးရင်ရစ်တတ်တယ် ယောင်္ကျားလေးတွေဆိုတော့ ရစ်ပြီးစကားထများ နေလို့ ကတော့မဖြစ်သေးပါဘူး။ ပြီးတော့ သူတို့သောက်တဲ့ဆိုင်မှာ ငါတယောက်တည်းမိန်းကလေး ဘာလုပ်နေရမှာ တုန်း ငါလည်းဝင်မော့လို့ရတာမဟုတ်ဘူး အကင်လောက်ပဲစားလို့ရမှာ။

ရှုပ်ပါတယ်.. အင်းလျားကန်ဘောင်သွားမယ်လို့ပြောမှ၊ ဒါကောင်းတယ် ဘူးသီးကြော်စားရင်း .. ဟိုကြည့် ဒီကြည့်နဲ့ ဇာတ်လမ်းတပုဒ်ရသွားနိုင်တယ်။ ဒါမှမဟုတ်လည်း ပန်းချီဆွဲဖို့အာရုံခုခုပေါ့။ ကျောင်းကိုလည်း အလွမ်းပြေသွား ကြည့်လိုက်ချင်သေးတယ်။ ဝင်လို့တော့ရမယ်မထင်ဘူး.. အင်းလျားဘက်အပေါက်မှာရှိတဲ့ခွေးတွေက ညနေ မှောင်ရီတရောဆို ဝင်တဲ့သူကိုဆွဲတတ်တယ်ဆိုပဲ။

အဲတော့…ခုမှသတိရတယ် အနော်ရထာလမ်းပေါ်က ညဘက်ပလက်ဖောင်းပေါ်ခင်းရောင်းတတ်တဲ့ ဈေးသည်တွေ ဆီက အစွန်းချွတ်ဆေးလည်းဝယ်ချင်သေးတယ်။ ဟိုနေ့က ရုံးအကျီင်္အချဉ်ရည်တွေပေသွားတယ်။ ကျောက် မြောင်းထဲမှာပေါ့ ပုဇွန်ခွက်ကြော်သုတ်စားရင်းနဲ့လေ။ အင်း.. ငတ်တယ်လို့ပြောလည်းခံရုံပဲ တတ်နိုင်ဘူး။ ခုလည်းကြည့်လေ…အင်းလျားသွားချင်တယ် ဆိုပြီးတော့ စိတ်က မီးသတ်နားက ဒေါ်ရိတ်ကြီးရဲ့ မြင်းခွာရွက်သုတ် ကိုလွမ်းနေတယ်။

ဒေါ်ရိတ်ကြီးဆိုင်မှာထိုင်ပြီး လူတွေ လှုပ်လှုပ်ရှားရှားနဲ့ အိမ်ပြန်ကြ..လိုင်းကားတွေတဝှီးဝှီးနဲ့ နီယွန်မီးအောက်မှာ အလုအယက်မောင်းနေတာကို ရေနွေးကြမ်းတအိုးနဲ့ ထိုင်မြည်းရင်း တခါတခါ "ထူးအိမ်သင်ရဲ့ မြို့ပြညများ" ကိုနှုတ်က တိုးတိုးညီးမိတာတောင် သတိမထားလိုက်မိတဲ့ အခါတွေရှိတယ်။

ညဘက်ကြမှ အမေနဲ့ အဖေ့ကို ရွှေတိဂုံဘုရားဘက်ခေါ်သွားလိုက်ရင် တနေ့လုံးလျှောက်လည်ထားတဲ့ သူတို့သမီးကို စိတ်ပြေကောင်းပါရဲ့။ အမေတို့တော့ ဓာတ်လှေကားစီးချင်စီးကြပါစေ ကိုယ်ကတော့ ဘုရားကုန်း တော်ပေါ်ကို လှေကားနဲ့ပဲတက်မယ်။ စောင်းတန်းကဈေးသည်တွေရဲ့ ဈေးခေါ်တဲ့ အသံလေးတွေက နားထောင် ကောင်းလွန်းလို့။

ရင်ပြင်တော်ပေါ်ရောက်ရင်တော့ အမေတို့ ပုတီးစိပ်နေတုန်းမှာ တန်ဆောင်းတခုထဲဝင်ပြီး ဘုရားကြီးပေါ်က ခေါင်းလောင်းလေးတွေ လေတိုက်လို့လှုပ်တဲ့အသံသာသာလေးကို ကြည်နှုးမှုနဲ့ထိုင်နားထောင်ပစ်လိုက်ဦးမယ်။ ကံကောင်းရင် ဘုရားရှိခိုးကို ဌာန်ကရိုင်းကျကျဆိုပြီး ရှိခိုးနေတဲ့သူ တယောက်ယောက်ရဲ့ အသံကိုပါနားထောင်ခွင့် ရနိုင်တယ်။ ဘုရားပေါ်ကအဆင်းကြရင်တော့ စံပယ်ဖူးပန်းကုံးတွေ အိမ်ကဘုရားကိုကပ်ဖို့ ဝယ်သွားဦးမှ။

ဟဲ့ .. ငါ့စောင်ကို ဘယ်သူလာဆွဲတာတုန်း။ ဒီမှာ တနေ့လုံးအတွက်အစီအစဉ်ကို ချမ်းချမ်းနဲ့ စောင်ခြုံထဲကွေးရင်း စဉ်းစားနေတာ။ အို.. အို .. ဆံပင်တွေကို ဆွဲပြန်ပြီ.. ဒီတခါတော့မျက်လုံးဖွင့်ကြည့်တော့မှပဲ။ မျက်လုံးဖွင့် လိုက်တော့ မျက်ဝန်းနက်နက်လေးတစုံကိုတွေ့လိုက်တယ်။ "ဒါ.. ဒါ .. ဒါ.. မားမား.. မား.." မပီကလာ အသံလေးကို ကြားတော့မှ အော်….သမီးလေးပါလား.။ သူတယောက်ထဲ နိုးနေလို့ အမေကို လာနိုးနေတာကိုး ။

ဟင် !!! ဒါဆို .ခုရောက်နေတာ .. မြန်မာပြည်မဟုတ်ဘူးပေါ့။ ရန်ကုန်မှာမဟုတ်ဘူးပေါ့။ ခုနက တွေးနေတဲ့ အစီအစဉ်တွေ…. အားလုံး ……. ဘာတွေလည်း အိပ်မက်တာလား .. မဟုတ်ပါဘူး ပဲပြုတ်သည်အော်သံကို အတိအကျကြားလိုက်ပါတယ်။ လင်းကြက်တွန်သံကြီးရော… ရန်ကုန်မဟုတ်ရင် ဘယ်က ကြက်တွန်သံကြားရမှာ လဲ။

အိပ်ချင်မူးတူးဖြစ်နေတဲ့ စိတ်တွေအားလုံးကို ကမြောသောပါးစုစည်းနေရင်းနဲ့ ရင်ဘတ်ထဲမှာဟာသွားတယ်။ ဟာတာတာရင်ဘတ်ကြီးနဲ့ထပ်တူ လူလည်း ဝမ်းနည်းပန်းနည်းဖြစ်သွားတယ်…။ ရောက်နေတဲ့ အရပ်ဒေသဆီကို စိတ်တွေပုံမှန်ပြန်ရောက်တော့မှ မွေးမြေရပ်မြေနဲ့ မိုင်ပေါင်းများစွာဝေးကွာနေသောမျက်နှာစိမ်းတို့၏ အရပ်ဒေသ။

ပဲပြုတ်သည်မလာသော..လင်းကြက်တွန်သံလေးမှရေးရေးမကြားရသော…..ပန်းဆိုးတန်းစာအုပ်အဟောင်းတန်း မရှိသော.. မြန်မာ့အလှပန်းချီကားများမရှိ..၊ ၃၂ လမ်းမရှိ…၊ ဒေါ်ရိတ်ကြီးမရှိ..၊ ၁၉လမ်းမရှိ၊ ဗိုလ်ချုပ်ဈေးမရှိ..၊ ရင်မခုန်သောဒေသ.. ခံစားချက်မရှိ.. .. ပျော်ရွှင်မှုမရှိ…မိဘမရှိ.. ချစ်ခင်သူများမရှိ… မရှိ… .. မရှိ… ဘာမှ မရှိသော အရပ်ဒေသတခုမှာခြေစုံရပ်လျက်သား။ မိသားစုဘဝတခုတည်ဆောက်လျက်သား။

ပြန်ရန်လမ်းဖြင့်တနေ့ရောက်လာဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးမျှရှိမနေရင် သေဆုံးပြီးသည်နှင့် ထပ်တူကျမည့် ဘဝတခုကို ထမ်းပိုးလျက်… ရှိသော လူတယောက် နှင့် သူချစ်သောသူနှစ်ယောက်။ ဘဝသည် စနှင့်ပြီးဖြစ်နေ၍သာ ဆက်၍သယ်ပိုးနေရသည်…လွတ်ချခွင့်ရှိရင်လွတ်ချလိုက်ပြီး အသစ်မှပြန်ကာစလိုက်ချင် တော့သည်။

ဆုတောင်းတိုင်းပြည့်မယ်ဆိုလျှင် တောင်းမည့်ဆု တခုသာရှိပါသည်။ ။



စိုးသင့်ဆွေ
ဇန်နဝါရီလ ၁၀ရက်၊ ၂၀၀၉
နံနက် ၁း၂၀မိနစ်

(စိတ်ကူးအိမ်မက်များ .. အတွက် တဂ်ထားတဲ့ ညီမ Mirror အတွက် အမှတ်တရ)

Read More...