Saturday, January 10, 2009

အိပ်မက်မဖြစ်စေချင်သော စိတ်ကူးလေးများ

မျက်လုံးတွေကို ဖြတ်ကနဲဖွင့်ကြည့်လိုက်တယ်။ ခန္ဓာကိုယ်က လှဲလျောင်းလျက် အနေအထားမို့ အိပ်ရာထဲမှာ ဆိုတာ သေချာသိလိုက်တယ်။ ဒါဖြင့် ငါဘယ်ရောက်နေတာလဲ … ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်နေမိတယ်။ ခြေရင်းက ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အလင်းရောင်မှုန်ပြပြ မြင်လိုက်တယ်တော့မှ အာရုဏ်ဦးအ လင်းရောင်ဆိုတာကို သတိထားမိသွားတယ်။ အော် ..ညက အလုပ်ကပြန်လာပြီးတော့ ပင်ပန်းလွန်းလို့ အိပ်ရာပေါ် ခဏဆိုပြီး လှဲလိုက်တာ မိုးလင်းသည်အထိ အိပ်လိုက်မိတာကိုး။

ပြူတင်းပေါက်က မြင်ရတဲ့ရောင်နီဖြဖြကို အိပ်ရာက မထပဲကြည့်နေတုန်းမှာပဲ ဟိုးဝေးဝေးဆီက အိပ်တန်းကနိုးပြီး ကယောင်ကတမ်းတွန်လိုက်တဲ့ ကြက်တွန်သံကိုကြားလိုက်ရတော့ ရင်ထဲမှာနွေးထွေးသွားပြီး အာရုံတွေလည်း လန်းဆန်းလာတယ်။ နေ့သစ်တခုကိုရောက်ခဲ့ပြန်ပြီ။ နည်းနည်းချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ စောင်ကိုမေးဖျားအထိ ရောက်အောင်ဆွဲခြုံလိုက်မိတယ်။ ဒီလိုဆောင်းတွင်းမျိုးမှာအိပ်ရာနိုးနိုးခြင်းမထသေးပဲ စောင်ခြုံကွေးရတာလောက် ကောင်းတဲ့ အရသာမရှိဘူး။ အပြင်မှာ နှင်းမြူတွေများဆိုင်းနေပြီလား။

အိပ်ပျော်မလိုဖြစ်သွားတုန်းမှာ .. "ပဲ....ပြုတ်၊ နံပြား………." အသံကို အနိမ့်အမြင့် နဲ့ ဆွဲဆွဲငင်ငင် အော်လိုက်တဲ့ ပဲပြုတ်သည် အသံဟာလည်း နားဝင်ကိုချိုနေတာပဲ။ ပဲပြုတ်နံပြားကို ပဲဆီဆိမ့်ဆိမ့်လေးဆန်း စားပြီး ကော်ဖီပူ လေးနဲ့ မျောချလိုက်ချင်ပေမဲ့ အိပ်ရာကထရမှာပျင်းနေတာနဲ့ပဲ ဒီနေ့တော့ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို ချီတက် မယ်လို့ စိတ်ကူးလိုက်တယ်။

အော်.. မေ့နေလိုက်တာ ဒီနေ့ စနေနေ့ပဲ..။ အလုပ်သွားစရာမလိုတဲ့နေ့ ကောင်းလိုက်တာ .. ဒါဆိုရင်တော့ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းဘက် သွားဦးမှပဲ မှာထားတဲ့ စာအုပ်ဟောင်းလေးတအုပ်ရပြီလား စနည်းနာ ရင်း နဲ့ အမေ့အိမ်တို့၊ စာပေလောကတို့ဝင်မွှေပြီး စာအုပ်လေးဘာလေးဝယ်ဦးမှပဲ။ ဖတ်စရာစာအုပ်တွေကုန်နေပြီ။ ဝမ်းစာဆိုတာဖြည့်နေရတယ်တဲ့... ဝမ်းစာပြည့်မှ အကြည်ဓာတ်ရတယ်ဆိုတာကလား။

အဲ.. နောက်ပြီးတော့ လောကနတ်ပန်းချီခန်းပေါ်လည်းတက်ဦးမှ.. ပန်းချီမောင်ဒီ၊ ပန်းချီကြီးမြင့်စော၊ နေမျိုးဆေး တို့ရဲ့ ကားတွေ ပြပွဲရှိနေတယ်တဲ့ ။ ပန်းချီကြီးမြင့်စောရဲ့ "ရန်ကုန်ည" ပန်းချီကားလေး တင်ထားတယ် ပြောတယ် နာမည်ကြီးကားလေးကို သွားကြည့်မှ.. သွားကြည့်ဦးမှ။

အော် … ရေးလက်စ ကားလေးရပ်ထားရတာ ခုမှသတိရတယ်။ ဒါဆို လောကနတ်ပန်းချီခန်းက အပြန် ဗိုလ်ချုပ်ဈေးသွားရဦးမှာပဲ ကုန်နေတဲ့ အာခရစ်လစ် (Acrylic) ဆေးလေးနည်းနည်းပါးပါးဝယ်ရမယ်။ စုတ်တံ ပြားလေးလည်း တချောင်းလောက်ထပ်ဝယ်ရမယ်။ ရှိနေတဲ့ဟာက ဖိရလွန်းတော့ အနားတွေဖွာပြီး ယပ်တောင် ဖြစ်နေပြီ။ ဒါဆိုရင်တော့ ရိုးရာပန်းပညာရှင်များအစည်းအရုံးပြခန်းကိုလည်း ဝင်ကြည့်လိုက်မှပဲ မရောက်တာ လည်းကြာ နေပြီဆိုတော့ ပန်းချီကားသစ်တွေတင်ထားမှာပဲ။

အဲ .. ဈေးရောက်မှတော့ နေ့လည်စာကို ဈေးမှာပဲစားတော့မယ်။ ဦးကြွိ ဘဲပေါင်းဆီချက် မစားရတာကြာပြီ စားပြီးရင် ဘေးဆိုင်က ရွှေရင်အေးမှာပြီး တဝကြီးသောက်လိုက်ဦးမှ။ အမေ့တို့ကိုပြောခဲ့ဖို့မမေ့နဲ့ဦး တော်ကြာ ထမင်းစားစောင့်နေဦးမယ်။ သူတို့ကလည်း စနေ၊ တနင်္ဂနွေ မိသားစုလေးလက်စုံစားချင်တာပေါ့။ ကိုယ်က တော့ အားတဲ့ရက်ဆိုတော့ .. သွားစရာလေးတွေကိုသွားချင်တဲ့ စိတ်ကများနေတယ်။

အင်း.. သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတာကြာပြီ။ ဒါဆိုရင်တော့ ဗိုလ်ချုပ်ဈေးက အပြန် ၃၂လမ်းကိုဘက်လှည့် လိုက်ဦးမယ်။ ဆရာဆူဒိုနင် နဲ့လည်း မပွားရတာကြာပြီ ၃၉ လမ်းက ဆရာ့အလုပ်ခန်းကို ဝင်တွေ့လို့ရသေးတယ်။ ကောင်းလိုက်တဲ့ ငါ့အကြံနှယ်….။ တချက်ခုတ်သုံးလေးငါးချက်ပြတ်အောင်တော့လုပ်မှ .. ရတဲ့ အားရက်က စနေရယ် တနင်္ဂနွေရယ် နှစ်ရက်ထဲရယ်။

သူငယ်ချင်းတွေနဲ့တွေ့ရင် .. စကားတွေပြောရင်းနဲ့ နေ့လည် ၃နာရီလောက်အထိဖြစ်သွားတော့မှာပေါ့။ ကောင်းတာပဲ ဒါဆိုလည်း .. မြို့ထဲကနေဆို တရုတ်တန်းကို နီးနီးလေး .. ၁၉လမ်းမှာ ဆန်ပြုတ်နဲ့ ဘဲသားသုတ် သွားစားလိုက်မယ်။ ဟိုကောင်တွေကတော့ သောက်မှာပဲ.. သူတို့သောက်တဲ့ဆိုင် အရင်မဝင်ခင် ငါ့ ဆံပြုတ်ဆိုင် ကို အရင်သွားစားဖို့ဆွယ်ရမယ်။ အမေ့ကိုတော့ ညစာပါ အပြင်မှာစားမယ်ပြောပြီး တနင်္ဂနွေ မှ မိသားစုနဲ့ ထမင်းအတူတူ စားပါ့မယ်လို့ ဂတိပေးခဲ့ရမယ်။

အင်း .. ဒါပေမဲ့ ဒီကောင်တွေက မူးရင်ရစ်တတ်တယ် ယောင်္ကျားလေးတွေဆိုတော့ ရစ်ပြီးစကားထများ နေလို့ ကတော့မဖြစ်သေးပါဘူး။ ပြီးတော့ သူတို့သောက်တဲ့ဆိုင်မှာ ငါတယောက်တည်းမိန်းကလေး ဘာလုပ်နေရမှာ တုန်း ငါလည်းဝင်မော့လို့ရတာမဟုတ်ဘူး အကင်လောက်ပဲစားလို့ရမှာ။

ရှုပ်ပါတယ်.. အင်းလျားကန်ဘောင်သွားမယ်လို့ပြောမှ၊ ဒါကောင်းတယ် ဘူးသီးကြော်စားရင်း .. ဟိုကြည့် ဒီကြည့်နဲ့ ဇာတ်လမ်းတပုဒ်ရသွားနိုင်တယ်။ ဒါမှမဟုတ်လည်း ပန်းချီဆွဲဖို့အာရုံခုခုပေါ့။ ကျောင်းကိုလည်း အလွမ်းပြေသွား ကြည့်လိုက်ချင်သေးတယ်။ ဝင်လို့တော့ရမယ်မထင်ဘူး.. အင်းလျားဘက်အပေါက်မှာရှိတဲ့ခွေးတွေက ညနေ မှောင်ရီတရောဆို ဝင်တဲ့သူကိုဆွဲတတ်တယ်ဆိုပဲ။

အဲတော့…ခုမှသတိရတယ် အနော်ရထာလမ်းပေါ်က ညဘက်ပလက်ဖောင်းပေါ်ခင်းရောင်းတတ်တဲ့ ဈေးသည်တွေ ဆီက အစွန်းချွတ်ဆေးလည်းဝယ်ချင်သေးတယ်။ ဟိုနေ့က ရုံးအကျီင်္အချဉ်ရည်တွေပေသွားတယ်။ ကျောက် မြောင်းထဲမှာပေါ့ ပုဇွန်ခွက်ကြော်သုတ်စားရင်းနဲ့လေ။ အင်း.. ငတ်တယ်လို့ပြောလည်းခံရုံပဲ တတ်နိုင်ဘူး။ ခုလည်းကြည့်လေ…အင်းလျားသွားချင်တယ် ဆိုပြီးတော့ စိတ်က မီးသတ်နားက ဒေါ်ရိတ်ကြီးရဲ့ မြင်းခွာရွက်သုတ် ကိုလွမ်းနေတယ်။

ဒေါ်ရိတ်ကြီးဆိုင်မှာထိုင်ပြီး လူတွေ လှုပ်လှုပ်ရှားရှားနဲ့ အိမ်ပြန်ကြ..လိုင်းကားတွေတဝှီးဝှီးနဲ့ နီယွန်မီးအောက်မှာ အလုအယက်မောင်းနေတာကို ရေနွေးကြမ်းတအိုးနဲ့ ထိုင်မြည်းရင်း တခါတခါ "ထူးအိမ်သင်ရဲ့ မြို့ပြညများ" ကိုနှုတ်က တိုးတိုးညီးမိတာတောင် သတိမထားလိုက်မိတဲ့ အခါတွေရှိတယ်။

ညဘက်ကြမှ အမေနဲ့ အဖေ့ကို ရွှေတိဂုံဘုရားဘက်ခေါ်သွားလိုက်ရင် တနေ့လုံးလျှောက်လည်ထားတဲ့ သူတို့သမီးကို စိတ်ပြေကောင်းပါရဲ့။ အမေတို့တော့ ဓာတ်လှေကားစီးချင်စီးကြပါစေ ကိုယ်ကတော့ ဘုရားကုန်း တော်ပေါ်ကို လှေကားနဲ့ပဲတက်မယ်။ စောင်းတန်းကဈေးသည်တွေရဲ့ ဈေးခေါ်တဲ့ အသံလေးတွေက နားထောင် ကောင်းလွန်းလို့။

ရင်ပြင်တော်ပေါ်ရောက်ရင်တော့ အမေတို့ ပုတီးစိပ်နေတုန်းမှာ တန်ဆောင်းတခုထဲဝင်ပြီး ဘုရားကြီးပေါ်က ခေါင်းလောင်းလေးတွေ လေတိုက်လို့လှုပ်တဲ့အသံသာသာလေးကို ကြည်နှုးမှုနဲ့ထိုင်နားထောင်ပစ်လိုက်ဦးမယ်။ ကံကောင်းရင် ဘုရားရှိခိုးကို ဌာန်ကရိုင်းကျကျဆိုပြီး ရှိခိုးနေတဲ့သူ တယောက်ယောက်ရဲ့ အသံကိုပါနားထောင်ခွင့် ရနိုင်တယ်။ ဘုရားပေါ်ကအဆင်းကြရင်တော့ စံပယ်ဖူးပန်းကုံးတွေ အိမ်ကဘုရားကိုကပ်ဖို့ ဝယ်သွားဦးမှ။

ဟဲ့ .. ငါ့စောင်ကို ဘယ်သူလာဆွဲတာတုန်း။ ဒီမှာ တနေ့လုံးအတွက်အစီအစဉ်ကို ချမ်းချမ်းနဲ့ စောင်ခြုံထဲကွေးရင်း စဉ်းစားနေတာ။ အို.. အို .. ဆံပင်တွေကို ဆွဲပြန်ပြီ.. ဒီတခါတော့မျက်လုံးဖွင့်ကြည့်တော့မှပဲ။ မျက်လုံးဖွင့် လိုက်တော့ မျက်ဝန်းနက်နက်လေးတစုံကိုတွေ့လိုက်တယ်။ "ဒါ.. ဒါ .. ဒါ.. မားမား.. မား.." မပီကလာ အသံလေးကို ကြားတော့မှ အော်….သမီးလေးပါလား.။ သူတယောက်ထဲ နိုးနေလို့ အမေကို လာနိုးနေတာကိုး ။

ဟင် !!! ဒါဆို .ခုရောက်နေတာ .. မြန်မာပြည်မဟုတ်ဘူးပေါ့။ ရန်ကုန်မှာမဟုတ်ဘူးပေါ့။ ခုနက တွေးနေတဲ့ အစီအစဉ်တွေ…. အားလုံး ……. ဘာတွေလည်း အိပ်မက်တာလား .. မဟုတ်ပါဘူး ပဲပြုတ်သည်အော်သံကို အတိအကျကြားလိုက်ပါတယ်။ လင်းကြက်တွန်သံကြီးရော… ရန်ကုန်မဟုတ်ရင် ဘယ်က ကြက်တွန်သံကြားရမှာ လဲ။

အိပ်ချင်မူးတူးဖြစ်နေတဲ့ စိတ်တွေအားလုံးကို ကမြောသောပါးစုစည်းနေရင်းနဲ့ ရင်ဘတ်ထဲမှာဟာသွားတယ်။ ဟာတာတာရင်ဘတ်ကြီးနဲ့ထပ်တူ လူလည်း ဝမ်းနည်းပန်းနည်းဖြစ်သွားတယ်…။ ရောက်နေတဲ့ အရပ်ဒေသဆီကို စိတ်တွေပုံမှန်ပြန်ရောက်တော့မှ မွေးမြေရပ်မြေနဲ့ မိုင်ပေါင်းများစွာဝေးကွာနေသောမျက်နှာစိမ်းတို့၏ အရပ်ဒေသ။

ပဲပြုတ်သည်မလာသော..လင်းကြက်တွန်သံလေးမှရေးရေးမကြားရသော…..ပန်းဆိုးတန်းစာအုပ်အဟောင်းတန်း မရှိသော.. မြန်မာ့အလှပန်းချီကားများမရှိ..၊ ၃၂ လမ်းမရှိ…၊ ဒေါ်ရိတ်ကြီးမရှိ..၊ ၁၉လမ်းမရှိ၊ ဗိုလ်ချုပ်ဈေးမရှိ..၊ ရင်မခုန်သောဒေသ.. ခံစားချက်မရှိ.. .. ပျော်ရွှင်မှုမရှိ…မိဘမရှိ.. ချစ်ခင်သူများမရှိ… မရှိ… .. မရှိ… ဘာမှ မရှိသော အရပ်ဒေသတခုမှာခြေစုံရပ်လျက်သား။ မိသားစုဘဝတခုတည်ဆောက်လျက်သား။

ပြန်ရန်လမ်းဖြင့်တနေ့ရောက်လာဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးမျှရှိမနေရင် သေဆုံးပြီးသည်နှင့် ထပ်တူကျမည့် ဘဝတခုကို ထမ်းပိုးလျက်… ရှိသော လူတယောက် နှင့် သူချစ်သောသူနှစ်ယောက်။ ဘဝသည် စနှင့်ပြီးဖြစ်နေ၍သာ ဆက်၍သယ်ပိုးနေရသည်…လွတ်ချခွင့်ရှိရင်လွတ်ချလိုက်ပြီး အသစ်မှပြန်ကာစလိုက်ချင် တော့သည်။

ဆုတောင်းတိုင်းပြည့်မယ်ဆိုလျှင် တောင်းမည့်ဆု တခုသာရှိပါသည်။ ။



စိုးသင့်ဆွေ
ဇန်နဝါရီလ ၁၀ရက်၊ ၂၀၀၉
နံနက် ၁း၂၀မိနစ်

(စိတ်ကူးအိမ်မက်များ .. အတွက် တဂ်ထားတဲ့ ညီမ Mirror အတွက် အမှတ်တရ)

11 comments:

P.Ti said...

အမရေ... စဖတ်ကတည်းက စိတ်ကူးဆိုတာသိပေမယ် တကယ်လို့ပဲခံစားလိုက်ရတယ်...

အမနဲ့ အတူလွမ်းသွားတယ်.. အော် တောင်ငူကန်တင်းမှာလည်း သွားထိုင်ချင်သေးတယ်... ပြောမနာဆိုမနာ သူငယ်ချင်းတွေနဲ့ ... အမ သူငယ်ချင်းကြီးလည်းပါမယ်လေ...
လိုက်မလား

ယောနသံစင်ရော် said...

ကိုပီတိ .. .အဲလို နောက်ရဝူးလေ.. မေးစရာလိုသေးလား... လိုက်မှာပေါ့....ဟဲဟဲ...။

ပျူနိုင်ငံ said...

အမအတွေးတွေက ကောင်းတယ်ဗျို့။

ဆောင်းယွန်းလ said...

မျောသွားပြီးမှမောသွားတယ်..ဘဝတူတွေဘဲမဟုတ်လား...
ထူးအိမ်သင်ကတစ်နေ့နေ့တော့ချစ်လာလိမ့်မည်တဲ့..
ညီမတို့အကိုတို့ကတော့”တစ်နေ့နေ့တော့ဖြစ်လာလိမ့်
မည်”ပေါ့နော်..
အကိုကတော့ “ရွှေလိမ္မော်.ရွှေသရဖူနဲ့ ရွှေမင်းသမီး”ရွှေ
တွေပါတဲ့လက်ဖက်ရည်ဆိုင်တွေကိုသတိရတယ်..
ခုလောက်ဆိုရှိတောင်ရှိသေးရဲ့လားမသိဘူး....
ခင်မင်တဲ့.....

စိုးသင့်ဆွေ said...

ခံစားမှု ဝေစုယူ အတူစက်ပါလှည့် မောင့်ချစ်သက်သခင် အိပ်မက်အတူမက်ကြစို့ မနက်မလင်းခင်...။

ATK

(CBOX မှာဝင်ရေးသွားတဲ့ ဆရာATK ရဲ့ ကွန်မန့်လေး)

April said...

စိတ်ကူးလေးတွေ အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ပါစေ...
ကျွန်တော် စာအုပ်အဟောင်းတန်းရောက်ရင် အမအတွက် ပိုကြည့်လိုက်မယ်... ဒေါ်ရိတ်ကြီးမှာလည်း အမအတွက်
ပိုစားလိုက်မယ်နော်... :P
ပျော်ရွှင်ပါစေ...
မိုးနေ

mirror said...

အစ်မရေ..နောက်ကျမှ လာပြီးကျေးဇူးတင်ရတာ ခွင့်လွှတ်ပါ..။အခက်အခဲများစွာရှိနေလို့ ))))

ညီမတို့ကတော့ မမှီလိုက်တော့ မသိဘူး၊ဒါမဲ့ အစ်မစိတ်ကူးလေးတွေက ချစ်စရာ...တကယ်ဖြစ်ပါစေလို့ ရွှေတိဂုံဘုရားရောက်ရင်ဆုတောင်းပေးထားမယ်..နော်အစ်မ

ချစ်ခင်စွာ....
ညီမ mirror

MANORHARY said...

we are in the same idea , same dreams
oh,,,,,may all our dreams come true!!

ကမာနီလာ said...

ညီမတွေးတဲ့ စိတ်ကူးတွေအတိုင်း ဖြစ်ခဲ့ရင်သိပ်ကောင်းမှာဘဲကွာ၊ ဒီပို့စ်လေးဖတ်ပြီး စိတ်ထဲမကောင်းဘူး၊ အကိုတို့အားလုံးက ဘ၀တူတွေမို့ ကိုဆောင်းပြောသလို တနေ့နေ့တော့ ဖြစ်လာလိမ့်မည်ပေါ့ ဒါပေမယ့် ရွှေပြည်တော်မျှော်လေတိုင်း ဝေး.....ဝေး...ဝေးနေဆဲပါဘဲလေ။
အင်း ...တနေ့...နေ့ ...တော့....

မေ့သမီး said...

အစ်မရေ မျက်ရည်ကျအောင်ကို လွမ်းရပါတယ်။ နဂိုတည်းကလွမ်းနေတဲ့သူကို ပိုလွမ်းအောင်လုပ်ရက်လိုက်တာ။ လူဆိုး။

Aye Myat Myat Ko said...

ပြန်ရန်လမ်းဖြင့်တနေ့ရောက်လာဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးမျှရှိမနေရင် သေဆုံးပြီးသည်နှင့် ထပ်တူကျမည့် ဘဝတခုကို ထမ်းပိုးလျက်… ရှိသော လူတယောက် နှင့် သူချစ်သောသူနှစ်ယောက်။ ဘဝသည် စနှင့်ပြီးဖြစ်နေ၍သာ ဆက်၍သယ်ပိုးနေရသည်…လွတ်ချခွင့်ရှိရင်လွတ်ချလိုက်ပြီး အသစ်မှပြန်ကာစလိုက်ချင် တော့သည်။

ဆုတောင်းတိုင်းပြည့်မယ်ဆိုလျှင် တောင်းမည့်ဆု တခုသာရှိပါသည်။
(အစ်မရေ ကျွန်မလဲ စဖတ်တည်းက စိတ်ကူးပဲလို့ သိပါတယ်..ဒါပေမယ့် ခုနေခါမှာ စိတ်ကူးသာရှိတော့တာကိုး)