Wednesday, January 21, 2009

ဝမ်းနည်းမှုများ နဲ့ ညနေခင်း

မနေ့ မနက်လင်းအားကြီးထဲက စပြီး ဝါရှင်တန်ဒီစီရဲ့လမ်းမတွေပေါ်မှာ လူတွေဟာရှုပ်ရှက်ခပ်နေပြီး သမတ ကျမ်းကျိန်ပွဲအတွက်စိတ်အားထက်သန်နေကြပါတယ်။ နေ့လည်ခင်းမှာတော့ သမတ အိုဘားမားကို ဂုဏ်ပြုတဲ့အနေနဲ့ အလှပြချီတက်ပွဲလုပ်ခဲ့ပါတယ်။ ချီတက်ပွဲကို နေ့လည်ခင်း ၂း၃၀ ခွဲမှာ Capitol ရှိတဲ့ Constitution Avenue ကစတင်ပြီး သမတ အိမ်ဖြူတော်ရှိတဲ့ Pennsylvania Avenue နဲ့ 17 th လမ်းဆုံတဲ့ ထောင့်မှာ အဆုံးသတ်ခဲ့ပါတယ်။

သမတကျမ်းကျိန်ပွဲကိုသွားကြည့်ချင်ပေမဲ့ အိမ်မှာ သမီးလေးကိုထားခဲ့ဖို့ လူခွဲမရှိတာရော၊ အမျိုးသားက အလုပ် သွားရတာရောနဲ့မို့ မသွားကြည့်နိုင်ခဲ့ပါဘူး။ အလှပြချီတက်ပွဲကိုလည်း စောစောသွား နေရာကောင်းယူပြီး သမတနဲ့ သမတကတော် လူထုကိုနှုတ်ဆက်တာကို ကြည့်ချင်ပေမဲ့လည်း အမျိုးသားအလုပ်က သမတ ကျမ်းကျိန်ပွဲအထူးအစီအစဉ်တွေအတွက် အလုပ်များသွားတာမို့ ရုံးကညနေ ၃ နာရီထိုးမှပြန်ရောက်လာခဲ့လို့ သူပြန်ရောက်မှ အိမ်ဖြူတော်ဘက်ကို အပြေးအလွှားသွားရပါတော့တယ်။

အိမ်က ၁၇ လမ်း နဲ့ Q လမ်းထောင့်မှာရှိပေမဲ့ သမတ အိမ်ဖြူတော်ရှိတဲ့နေရာကိုရောက်ဖို့ အတော် လမ်းလျှောက် ရဦးမှာမို့ အဌားပဲစီးသွားတော့မယ်ဆိုတဲ့စိတ်ကူးဟာလမ်းမပေါ်ရောက်တော့ အိမ်နားကလမ်းတွေကို လုံခြုံရေး အနေနဲ့ စစ်သားတွေကပိတ်ထားတာ တွေ့ရတယ်။ အဌားကားတစီးကိုတားပြန်တော့လည်း မြို့ထဲကလမ်းတွေ အတော်များများပိတ်ထားလို့ သူတောင်အိမ်ပြန်အိပ်တော့မယ်မလိုက်နိုင်ပါဘူးလို့ စိတ်ပျက်လက်ပျက် ပြောပါ တယ်။ ဒါနဲ့ အိမ်နဲ့မလှမ်းမကမ်းက ဘူတာရုံကို အပြေးတပိုင်းနဲ့ ထွက်ခဲ့ရတယ်။ အချိန်ကလည်း ညနေ ၃း၃၀ ဖြစ်နေပါပြီ။ သမတ က ညနေ ၄နာရီမှာ အိမ်ဖြူတော်ကိုရောက်ပြီး လူထုကို နှုတ်ဆက်မှာဆိုတော့ အချိန်သိပ်မရှိတော့ဘူးလေ။

အရေးထဲမှာ ဘူတာရုံ မှားဆင်းမိလို့ အိမ်ဖြူတော်ရှိတဲ့နားကိုလမ်းလျှောက်လိုက်ရတာက ၁၀မိနစ်လောက်ကြာ လိုက်သေးတယ်။ လမ်းမှာလည်း အိမ်ဖြူတော်ဘက်ကပြန်လာတဲ့လူအုပ် သွားနေတဲ့လူအုပ်နဲ့ ပလက်ဖောင်းတွေ ပေါ်မှာ ခြေချစရာတောင်မှမရှိလောက်အောင်ကို ရှုပ်ရှက်ခပ်နေတယ်။ နောက်ပြီး အိုဘားမား တီရှပ်၊ အိုဘားမား နံရံကပ်ပိုစတာ၊ အိုဘားမား အမှတ်တရ တံဆိပ်ဝိုင်းလေးတွေရောင်းသူတွေ၊ အိုဘားမား နားကပ်၊ အိုဘားမား ဆွဲကြိုး၊ လက်ကိုင်အိတ် ရောင်းနေတဲ့ သူတွေကိုလည်း နေရာအနှံ့မှာတွေ့နိုင်တယ်။ ဘယ်နေရာကြည့်ကြည့် အိုဘားမားမျက်နှာကြီးကိုပဲတွေ့နေရတော့တာပါပဲ။

နောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံရဲ့ ချစ်စရာကောင်းလှတဲ့ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်အနေနဲ့။ အမေရိကန် ကွန်မြူနစ်ပါတီ က လူတစုကိုလည်း လမ်းထောင့်တနေရာမှာ လူတွေကို ကွန်မြူနစ်သတင်းစဉ်တွေ ဝေဌနေ တာလည်းတွေ့ခဲ့ပါသေးတယ်။ အရင်းရှင်စနစ်ရဲ့ ဆိုးကျိုးများကို တော်လှန်ချိန်ရောက်ပြီဆိုပြီး အစ္စရေးနိုင်ငံ နဲ့ ပါလက်စတိုင်းတို့ရဲ့ ဂါဇာတိုက်ပွဲပုံပိုစတာကြီးကိုကိုင်မြှောက်ပြီးတော့ အော်ကြီးဟစ်ကျယ်ရှင်းလင်းပြောပြနေတဲ့ မိန်းမငယ်လေးကိုလည်း တွေ့ခဲ့ရတယ်။ ဓာတ်ပုံတောင်မရိုက်နိုင်ခဲ့ပါဘူး။ သမတကိုမတွေ့လိုက်ရမှာစိုးလို့ သူတို့ ဝေဌနေတဲ့သတင်းစာတစောင်ကိုပဲ ကမမ်းကတမ်း ဆွဲယူခဲ့ပါတယ်။


အိမ်ဖြူနဲ့ အနီးဆုံးဘူတာရုံဖြစ်တဲ့ Farragut West ဘူတာရုံရှေ့မှာတော့လူတွေဟာဘူတာရုံထဲကိုဝင်ဖို့ အတွက်လူတန်းရှည်ကြီးနဲ့စောင့်ဆိုင်းနေကြတာကို တွေ့လို့ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။လူတွေကအေး လွန်းလှတဲ့ ရာသီဥတုထဲမှာ ဘူတာရုံဝင်ဖို့ကို တန်းစီ စောင့်နေတာတောင်မှ အပြုံးမပျက်ကြပါဘူး။ တအုပ်စုနဲ့ တအုပ်စု နောက် ပြောင်ရင်း အချိန်ဖြုံးနေကြပါတယ်။

အိမ်ဖြူတော်နဲ့ အနီးဆုံး ၁၇ လမ်းနဲ့ Pennsylvania Ave လမ်းဆုံမှာရှိတဲ့ လုံခြုံရေးဂိတ် A & B ကိုရောက်တော့ အိမ်ဖြူတော်ဘက်ကို သွားလို့မရအောင်ဂိတ်ကိုပိတ်ထားလိုက်ပြီလို့ဆိုပါတယ်။ သမတမိန့်ခွန်းပြောမယ့် နေရာကို လှမ်းမြင်နေရပေမဲ့ အနားတော့ရောက်အောင်ဘယ်လိုမှသွားနိုင်တော့မှာမဟုတ်လို့ စိတ်အတော်ပျက်သွားမိပါ တယ်။ အမေရိကန်နိုင်ငံသားမဟုတ်ပေမဲ့ ပထမဆုံးလူမည်းသမတအဖြစ် အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင်နေ့ရက် ကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်တာပါ။ နောက်ပြီး သမတဆိုတာကလည်း အပြင်မှာ တွေ့ရခဲတယ်မဟုတ်လား။

ကဲ ဆက်ပြီးသွားလို့ မရဘူးဆိုတော့လည်း ရောက်တဲ့နေရာမှာသာ လက်မှိုင်ချရပ်ပြီးတော့ ၁၇ လမ်းပေါ်ကို မျှော်သာကြည့်နေနိုင်ပါတော့တယ်။ သမတက ၁၇ လမ်းပေါ်ကနေပြီးတော့ ကားနဲ့ အိမ်ဖြူတော်ထဲကို ဝင်သွား မှာဖြစ်တယ်။ ပြီးမှ အလှပြချီတက်တဲ့သူတွေကို စင်ပေါ်ကနေနှုတ်ဆက်မှာပေါ့။

ရာသီဥတုကလည်းအေးလိုက်တာမှ လက်အိတ်စွပ်ထားတာတောင် လက်တွေကအေးခဲပြီး နာတောင်နာကျင် လာ ပါတယ်။ ဘေးနားက လူမည်းအမျိုးသမီးကြီးဆိုရင် သမတကိုတွေ့ဖို့အခွင့်အလမ်းမရှိတော့လို့ အိမ်က ထွက်တာ နောက်ကျတယ်ဆိုပြီးသူ့သမီးကို မြည်တွန်တောက်တီးပြောဆိုနေသံကိုကြားရတော့ ရယ်လည်းရယ်ချင် ရယ် လည်းမရယ်ရက်အောင် သနားစရာကောင်းနေပြန်ပါတယ်။ မိနစ် ၂၀ လောက် အအေးခံရင်း လူတွေရဲ့ စိတ်ပျက်ငြီးညူသံတွေကို နားထောင်ပြီးတဲ့ နောက်ဆုံးမှာတော့ ဆိုင်ကယ်စီးပုလိပ်တွေ ဝိုင်းရံပြီးတော့ သမတစီးလာတဲ့ ကားကိုလှမ်းတွေ့ရပါတယ်။

အကွာအဝေးက အတော်ဝေးပေမဲ့ လူပုံသဏ္လန်ကိုတော့ ကောင်းကောင်းမြင်နိုင်တဲ့ အနေအထားပေါ့လေ။ သမတနဲ့ သမတ ကတော်တို့ လမ်းဆင်းလျှောက်မယ်ဆိုရင်တော့ မြင်နိုင်တဲ့ အနေအထားပါ။ ကံကောင်းစွာနဲ့ပဲ သမတ က ၁၇လမ်းနဲ့ Pennsylvania လမ်းဆုံနားကျတော့ လမ်းဆင်းလျှောက်ပါတော့တယ်။ ဘေးနားကရှိသမျှ လူတွေ အော်လိုက်ဟစ်လိုက်ကြတာ ကမ္ဘာပျက်သလားအောင်းမေ့ရပါတယ်။ ခုနက လူမည်းအမျိုးသမီးကြီး ဆိုရင် ခန္ဓာကိုယ်ဝဝကြီးနဲ့ ခုန်ပေါက်နေပါတယ်။ သမတတို့ ဇနီးမောင်နှံကို ဓာတ်ပုံရိုက်ဖို့မပြောနဲ့ သူ ကိုယ့် ခြေထောက်ကို မနင်းမိအောင်တောင် မနည်းရှောင်နေရပါတယ်။

ဘာပဲပြောပြော နောက်ဆုံးတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမတကို မျက်မြင်ကိုယ်တွေ့ အရှင်လတ်လတ်ကြီးတွေ့ခွင့်ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ မျှော်လင့်ခြင်းများစွာကို ပိုင်ဆိုင်သူ အပြောင်းအလွဲတွေဖန်တီးပေးမယ်လို့ ယုံကြည်အားကိုးခြင်းခံရသူ သာမာန်ပြည်သူထဲက ပေါက်ပွားခဲ့တဲ့ အမေရိကန်သမတ ဘားရက် အိုဘားမား ဟာ သူ့ရဲ့ ပြည်သူတွေကို နှစ်လိုဖွယ် အပြုံးနဲ့ လက်ဝှေ့ရမ်း နှုတ်ဆက်နေပါတယ်။ သူ့ရဲ့ ဇနီးဖြစ်တဲ့ မီရှယ် အိုဘားမား ကလည်း သူ့ခင်ပွန်း သမတကြီးလက်ကို နံဘေးမှာ ပါရမီဖြည့်ဖက်အနေနဲ့ ဆုပ်ကိုင်ထားပါတယ်။

အမေရိကန်ပြည်သူတွေဟာ သူတို့နိုင်ငံတော်အလံလေးတွေကိုဝှေ့ရမ်းပြီးပျော်ရွှင်နေပါတယ်။ သမတကလည်း ပြည်သူတွေကို အပြုံးနဲ့ပြန်လည်နှုတ်ဆက်နေပါတယ်။ တာဝန်ပေးအပ်သူများနဲ့ တာဝန်ပေးအပ်ခြင်းခံရသူ သမတ တို့ရဲ့ အပြုံးတွေထဲမှာတော့ စိတ်ဓာတ်ခွန်အား နဲ့ အပြန်အလှန်လေးစားယုံကြည်မှုတွေကို အထင်းသား မြင်တွေ့ နေရပါတယ်။

ဒီမြင်ကွင်းကို ကြည့်နေရင်းမှာ ရုတ်ခြင်းဆိုသလိုပဲ ဝမ်းနည်းမိသွားပါတယ်။ ကျမတို့နိုင်ငံမှာ ဒီလိုမြင်ကွင်းမျိုး ဒီလို ဝမ်းမြောက်ပျော်ရွှင်နေတဲ့ မျက်နှာမျိုးတွေကို တအားတွေ့မြင်ချင်မိလာပါတယ်။ ဝမ်းမြောက်ပျှော်ရွှင်နေတဲ့ မျက်နှာတွေအစား ညှိုးငယ်နေသော၊ ဆာလောင်သော၊ အားမတန်မာန်လျော့နေရသော မျက်နှာများ။ နာဂစ် အတွင်း သေဆုံးခဲ့သောကလေးငယ်များ၊ အပျက်စီးများရဲ့ ဓာတ်ပုံများသာ မျက်လုံးထဲမှာ တဆင့်ခြင်းမြင်ယောင် လာပါတယ်။

ကမ္ဘာတဖက်ခြမ်းရှိ တိုင်းပြည်တခုတွင် ပြည်သူတွေချိမ့်ချိမ့်သဲ အောင်ပွဲခံပျော်ရွှင်နေချိန်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူများကတော့ လျှပ်စစ်မီးတောင် နပ်မှန်အောင် မရနိုင်ပဲ လူသားတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ လွတ်လပ်စွာ ပြောဆို၊ ယုံကြည်ခွင့်များလည်း ဆုံးရှုံးနေရှာပါတယ်။ ကျမ ရင်ထဲမှာ အတိုင်းမသိ ဝမ်းနည်းနာကျင် လာပါတယ်။ သမတ အိုဘားမား နဲ့ သူရဲ့ ပြည်သူများရဲ့ မျက်နှာတွေကို ကြည့်ရင်းပျော်ရွှင်ရမယ့် အစား ပို၍ ပို၍ ဝမ်းနည်းမှုသာ ရင်ထဲမှာပြည့်လာပါတယ်။ အလှပြချီတက်တာတောင် ဆုံးအောင်ကြည့်ရှုနိုင်စွမ်းမရှိတော့ပါဘူး။

လူတွေကို တိုးဝှေ့ပြီးတော့ လူအုပ်ထဲကထွက်လာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလာတုန်းကလိုပဲ လူတွေရဲ့ အပျော်မျက်နှာများကိုတွေ့ခဲ့ရပေမဲ့ သူတို့ရဲ့ အပျော်များက ကျမရင်ထဲကို လုံးဝမကူးစက်နိုင်စွမ်းမရှိ တော့ပါဘူး။ ကျမရင်မှာ ခံစားရခက်အောင် ဝမ်းနည်းခြင်းများနဲ့သာ အပြန်လမ်းတလျောက်မှာပြည့်နှက်လို့သာ လာပါတော့တယ်။






စိုးသင့်ဆွေ
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၀၉
နေ့လည် ၁း၀၀ နာရီ

8 comments:

လူလ said...

မင်္ဂလာပါ မမယော

လာဖတ်သွားတယ်။

ပြောဆို၊ ယုံကြည်ခွင့်များလည်း ဆုံးရှုံးနေရှာပါတယ်။ ကျမ ရင်ထဲမှာ အတိုင်းမသိ ဝမ်းနည်းနာကျင်မိတာ ထပ်တူပါပဲ....

ရွှင်လန်းချမ်းမြေ့ပါစေ....

Ma Moe said...

“All are equal, all are free, and all deserve a chance to pursue their full measure of happiness.”
It was really a touching moment for me. I experienced the best part of Democracy system with my own eyes yesterday. We, Burmese, deserve that kind of happiness too.

MANORHARY said...

လာသွားတယ်နော်။ပျော်ရွှင်ချမ်းမြေ့ပါစေ။
သမီးလေးရောနေကောင်းလား။

ဆောင်းယွန်းလ said...

အကိုတို့တိုင်းပြည်မှာလည်းတစ်နေ့ကျရင်ဒီလိုမျိုးဖြစ်ကို
ဖြစ်လာရစေမယ်လို့အပြည့်အဝမျှော်လင့်ယုံကြည်ထား
လိုက်ပါညီမရေ...
ခင်မင်လျက်...

အောင်သာငယ် said...

အလွန်ကောင်းတဲ့ ပို့စ်လေးတခုပါ...
ထပ်တူကျတဲ့ ခံစားမှုတွေပါပဲ ညီမရေ့...
မဖတ်မိသေးတဲ့သူတွေ ဖတ်ရအောင် အကို့ ဘလော့မှာလည်း ပြန် ရှဲပေးထားပါတယ်...

BTW ကောင်းကင်များ၏အတ္ထုပ္ပတ္တိက ပုံတွေက တချို့ကို အပြင်မှာ စာရွက်ပေါ်မှာ ဆွဲပါတယ်၊ ပြီးတော့ Scan လုပ်ပြီး Photoshop မှာ Modify လုပ်ပါတယ်။ တချို့ပုံတွေကတော့ Photoshop မှာပဲ အစအဆုံးဆွဲပါတယ်။ အားလုံးကတော့ Digital Graphics တွေပါ။

မိသားစုဝင်အားလုံး ကျန်းမာ ရွှင်လန်းပါစေ
အစစ အဆင်ပြေပါစေ

ခင်မင်းဇော် said...

ဒီနေ့မှ ဖတ်ဖြစ်တယ် ။
ဖတ်ရင်း မျက်ရည်တောင်ဝဲတယ်။
အမလဲ တီဗွီကကြည့်နေမိတယ် အဲဒီနေ့က
ပြီးတော့ ခုလိုပဲ ကိုယ့်နိုင်ငံကို ပြန်သတိရမိတယ်။
တို့ဆီမှာလဲ ခေါင်းဆောင်ကောင်း ရှိတာပါပဲ။ သူ့ထက်မလျော့တဲ့ ပြည်သူ့ချစ်ခင်မှုကို ရတာပဲလေ။
အန်တီစုဆိုလဲ ၁၉၉၀ တုန်းက ခုအိုဘားမားအရွယ်တောင်မရှိသေးဘူး ။
အချိန်တွေ သိပ်နှမြောဖို့ကောင်းတယ်။
ထပ်တူခံစားရတယ်ညီမရေ.....

P.Ti said...

ဒီကနေကြည့်ရတာတောင် စိတ်လှုပ်ရှားစရာ... မမယောတို့က ကံကောင်းတော့ မျက်မြင်တွေ့ရတာပေါ့တော်...

တစ်နေ့နေ့ပေါ့...

ဒူကဘာ said...

အမရေးထားတာ ဟိုနေပြည်တော်က မတော်မတရားကောင် ဖတ်မိမှ ငါလည်း ကြိုင်ကြိုင်နဲ့ လက်တွဲပြီး အိုဘားမားလို လုပ်ဦးမှ ဆိုပြီး လမ်းထွက်လျှောက်နေမှ ပြည်သူတွေ ချီးထုတ်နဲ့ ပေါက်ရသေးတာပေါ့။