Thursday, November 13, 2008

မတူညီတဲ့ ဆည်းဆာ


“တောက်…”ဖိုးလုံး စိတ်ဆိုးဆိုး နဲ့ မြေကြီးကိုရှပ်ကန် လိုက်တော့ ဖုန်မှုန့်တွေ လေထဲမှာ ဝေ့ကနဲ ဖြစ်သွားတယ်။ ဟုတ်တယ်လေ မနက်ကထည်းက ခုချိန်ထိ ဈေးဦးမှ မပေါက်သေး။ ဝိုင်းစိန် နဲ့ ပူစူးမ က ဒေါသတကြီးဖြစ်နေတဲ့ ဖိုးလုံးကို စိတ်မသက်မသာနဲ့ ကြည့်လို့ သူတို့လည်း ဒီနေ့ အဖို့ ဈေးဦးမပေါက်သေး။ ပူစူးမ လည်း ဖိုးလုံးလို ပေါက်ကွဲလိုက်ချင် ပေမဲ့ မိန်းကလေး ဆိုတော့ စိတ်ပျက် လက်ပျက်ထိုင်နေလိုက်တယ်။ ဝိုင်းစိန်မ လည်း ဘေးမှာထိုင် နေပေမဲ့ ဘုရားဖူးတွေ လာမဲ့လမ်းဖက်ကို မျှော်ငေးလို့။ ပူစူးမ ကောင်းကင် ပေါ်မော့ ကြည့်လိုက် တယ် နေက တော်တော် ကို မြင့်ပြီး မွန်းတည့်တောင် ရောက်တော့မယ်။ လွယ်ထားတဲ့ လွယ်အိတ် ညစ်နွမ်းနွမ်းလေး ထဲကို ငုံကြည့်မိတော့ လွယ်အိတ်ထဲက ရာတန်လေး ၂ရွက် နဲ့ ၂၀ တန်လေး ၅ ရွက် က ပြောင်လှောင်ကာ ပူစူးမကို ပြန်ကြည့်နေကြတယ်။ ဒါက ဝယ်သူကို ပြန်အမ်းဖို့ အတွက် အိတ်ထဲမှာ ဆောင်ထားတဲ့ ပိုက်ဆံ။

“ လူတွေ ဘယ်ရောက်ကုန်ကျပြီလည်းဟာ…” ဝိုင်းစိန်မ ခပ်ညီးညီးလေသံကို ဖိုးလုံးက နားကလောပြီး “သေပြီ..သေကုန်ကြပြီ” လို့ ထပြောတာ နဲ့ သူတို့ နှစ်ယောက် ရန်စောင်ပြန်ရော။ “တော်ကြဟာ .. နင်တို့ နှစ်ယောက်ကလည်း ဈေးဝယ်မလာလို့ စိတ်ညစ်ရတဲ့ကြားထဲ.. ” ပူစူး ကြားထဲက ဝင်ဟောက်လိုက်မှပဲ ဝိုင်းစိန်ရဲ့ မျက်စောင်း က ဖိုးလုံး မျက်နှာပေါ်က ခွာတော့တယ်။ သူတို့ ထဲမှာ ပူစူးမ က အကြီးဆုံး။ ပူစူး ပြီးတော့ မှ ဖိုးလုံး၊ ဝိုင်းစိန် ကတော့ အငယ်ဆုံးပေါ့ ဒါပေမဲ့ ကြီးတယ်ငယ်တယ် ဆိုတာ သူတို့ကြားမှာတော့ မရှိ ဒီလိုပဲ နင်ရယ် ငါရယ်လို့ ပြောရတာ အရသာရှိတော့ ဘယ်သူကပို အသက်ကြီးတယ်ဆိုတာတောင်မှ ခပ်မေ့မေ့။ ဖိုးလုံးကတော့ ယောင်္ကျားလေးဆိုတော့ အရာရာ သူ့ကို ဆရာတင်ရင် ကျေနပ်နေရော။ ပူစူးတို့ ကလည်းအကြိုက်ပေါ့ ဆရာတင်ပြီးတော့ သူ့ကို ညာခိုင်းပြစ်လိုက်တယ်။ ဟိုကောင်မ ဝိုင်းစိန်မ ဆို အဆိုးဆုံး။ ဟိုနေ့ကလည်း မန်ကျည်းသီး စားချင်တာကို ဖိုးလုံးသစ်ပင်တက်တာ လွှားကနဲ လွှားကနဲ နဲ့ မြန်သလားမမေးနဲ့လို့ မြှောက်ပင့်ပြီး ဒွေးလေးစိန် တို့ ခြံဝိုင်းရှေ့က မန်ကျည်းပင်ကို တက်ခိုင်းတာ မန်ကျည်းကိုင်းခြောက်ပေါ်နင်းမိပြီး ကံကောင်းလို့ ဖိုးလုံး ကျမသေတာ။ ဒါတောင် ဖိုးလုံးတို့က လေမလျော့ သူလျင်လွန်းလို့ အပေါ်ကိုင်းကို ဆွဲမိတာလို့ လေကျယ်နေသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သူတို့သုံးယောက်က သွားအတူ လာအတူ ဈေးရောင်းလည်းတူတူပဲ။ ဈေးဝယ်သူကို လည်း ဘယ်တော့မှ လုပြီးမရောင်းဘူး။ ဈေးဦး မပေါက်သေးတဲ့သူကို ပေါက်ပြီးသူက အမြဲညှာလေ့ ရှိတယ်။ သူတို့ထဲမှာတော့ ဘယ်သူမှ သာတယ်နာတယ် မရှိဘူး မနာလိုတာလည်းမရှိဘူး ဖြူဖြူစင်စင်ပဲ။ သူတို့ သုံးယောက်မှာ တူညီတဲ့ ဘဝရုန်းကန်မှုတွေရှိတယ် အဲဒါကတော့ ဒီ ရွှေစည်းခုံဘုရား မှာ ပုဂံ အမှတ်တရ ဓါတ်ပုံပို့စ်ကတ်လေးတွေ ဘုရားဖူး ဧည့်သည်တွေကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်းကြခြင်းပဲ။ နေထွက် ကနေ နေဝင်ချိန်ထိ ဒီရွှေစည်းခုံ ဘုရားမှာ ပူစူးမတို့ သုံးယောက်ကို တွေ့ရမည်သာ။ မပြောင်းလွဲ တဲ့ ဈေးခေါ်သံ လေးတွေ နဲ့ အတူ ရွှေစည်းခုံ ဘုရားရဲ့ သမိုင်းကြောင်းတွေကို ဧည့်သည်တွေကို ကျက်မှတ်ထားသမျှ ရွတ်ပြနေတတ်တဲ့ သူတို့ကလေးတွေ မှာ တူညီတဲ့ မိသားစု ဝမ်းရေးပြဿနာတွေလည်း ရှိသေးရဲ့။

သူတို့ သုံးယောက်လုံးက ဝက်ကြီးအင်းရွာမှာနေတယ် ရွှေစည်းခုံဘုရားနဲ့ တော့သိပ်မဝေးဘူးပေါ့။ ပူစူးမ မှာက အမေ မရှိတော့ အဖေရယ် အဖေ့နောက်မိန်းမရယ် သူဖက်ကပါလာတဲ့ သား တယောက်ရယ် အတူတူနေတယ်။ ပူစူး အဖေ က ဧရာဝတီမြစ်ထဲမှာ ဌက်ခတ်တယ် အဖေ့ မိန်းမက ယွန်းထည်လုပ်တဲ့အလုပ်ရုံ မှာ သူ့သားက တော့ ညောင်ဦးဈေးထဲက ဆိုင်တဆိုင်မှာ အကူအလုပ်လုပ်တယ်။ ပူစူးမ က ဒီရွှေစည်းခုံ ဘုရားမှာ ပို့စ်ကတ် ရောင်းတယ်။ အဖေနဲ့ ပူစူးက လွဲလို့ ကျန်နှစ်ယောက် က နှစ်ပတ် တခါ မှလုပ်ခရတယ်။ ဒီတော့ အဖေနဲ့ ပူစူး တနေ့လုပ်တဲ့ ဝင်ငွေက အိမ်ထောင်တခုလုံး တနေ့စားဖို့။ ဒီနေ့ အဖေ နေမကောင်းလို့ ဌက်သွားမခတ်နိုင် ဒီတော့ ပူစူး ဈေးရောင်းကောင်းမှသာ နောက်နေ့ အတွက် ဆန်ဝယ် ဆီဝယ် လုပ်လို့ရမှာ။ ဖိုးလုံးကတော့ အဖေရော အမေရော မရှိတော့ ဖိုးအေ မမာသည်ကြီးနဲ့နေတာ။ ဆိုတော့ ဖိုးလုံးက ပူစူးထက်ကို ပိုပြီး နေ့တွက်ကိုက် ဖို့လိုတယ်။ အားလုံးထဲမှာတော့ ဝိုင်းစိန် က ပူစူးတို့လောက် ပြာပြာသလဲ နေ့တွက် ကိုက်ဖို့ စိတ်ပူနေစရာ မလို။ ဝိုင်းစိန်က အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ အဖေရော အကိုကြီးတယောက် ပါရှိသေး တယ်။ ဒါပေမဲ့ အဖေက ဟိုးတလောကမှ ရေချိုးမှားတာနဲ့ တိုက်ဆိုင်ပြီး မမာတာ ခုထိကို အလုပ်မဆင်းနိုင်သေးတော့ ဝိုင်းစိန်မ ရဲ့ လုပ်စာလည်း သူတို့အိမ်အတွက် လပ်တလော အဆင်ပြေဖို့ လိုအပ်နေ သည်။ သူတို့ သုံးယောက်မှာ နောက် တခုတူညီနေတာက သူတို့ အားလုံး ကျောင်းမနေခြင်းပင်။

ပူစူးမ ဟိုဒီ တွေးတောရင်း က ဖိုးလုံး နဲ့ ဝိုင်းစိန်တို့ အော်ဟစ်သံ ကြောင့် လန့်ဖြန့်ပြီး ဒီမျောက်နှစ်ကောင် ဘာဖြစ်လည်းလို့ ကြည့်လိုက်မိတော့ ဝိုင်းစိန်က ပြေကျနေတဲ့ ဆံရစ်ဝိုင်းကို ကိုင်ပြီးငိုနေတယ် ဖိုးလုံးက သာအောင် ဆိုတဲ့ကောင်လေးရဲ့ လည်ပင်းအင်္ကျီစကိုဆွဲထားပြီး မျက်နှာတည့်တည့်ကို သေချာချိန်ပြီး လက်သီးနဲ့ထိုးမယ်လို့ပြင်နေတယ်။ ရန်ဖြစ် နေတာကိုတွေ့တော့မှ ပူစူးမ သတိဝင်လာပြီး “ဟဲ့ ဟဲ့ ဘာဖြစ်တာလည်း.. တော်တော့ ဖိုးလုံးလွတ်လိုက်…ဟဲ့ ဟိုကောင်မ ဝင်ဆွဲလေ ငိုမနေနဲ့ …” ပူစူးမ သူတို့ နှစ်ယောက်ကြား အတင်းဝင်ပြီး ဖိုးလုံးကိုယ် ကိုတွန်းထုတ် မှ သာအောင်ခင်မျာ နာသွားတဲ့ လည်ပင်းကို ပွတ်ရင်း ငိုမဲ့မဲ့ဖြစ်နေတယ်။ သာအောင် က ပူစူးမ တို့လိုပဲ ပို့စ်ကတ်ရောင်းတဲ့ ကောင်လေး ဒီ ရွှေစည်းခုံဘုရား မှာ ပူစူးတို့ အပြင် ပို့စ်ကတ်ရောင်းတဲ့ တခြား ကလေးတွေ ရှိသေးတယ်။ ပူစူးတို့ သုံးယောက်ကသာ ဒီနေရာမှာ ရောင်းတာကြာနေပြီ ဆိုတော့ ကိုယ့်အဖွဲ့နဲ့ ကိုယ်လိုဖြစ်နေတာ။ နောက်မှ ရောက်လာတဲ့ ကလေးတွေထဲမှာ အဲဒီ သာအောင် ဆိုတဲ့ကောင် အဆိုးဆုံး သူက ဈေးလည်းလုရောင်းတတ်တယ်။ ဘယ်သူ့ကိုမှလည်း ညှာရကောင်း မှန်းမသိ သူဈေးဦးပေါက်ပြီးလည်း လုရောင်းနေတာပဲ။ ခုလည်း ဝိုင်းစိန်မ ထိုင်နေတာကို ဘေးကဖြတ်သွားရင်းနဲ့ ဆံရစ်ဝိုင်းကို လက်နဲ့ ဆွဲသွားလို့ ဖိုးလုံးနဲ့ ရန်ဖြစ်ကြတာ။ ဖိုးလုံးကလည်း ပူစူးတို့ သုံးယောက်ထဲမှာ သူက ယောင်္ကျားလေးဆိုတော့ မိန်းကလေးတွေကို ကာကွယ်ပေးရတဲ့ တာဝန်ကို ဘယ်သူမှ မပေးပဲ ကျေကျေနပ်နပ် တာဝန်ယူထားသူဆိုတော့ သာအောင် နဲ့ ရန်ဖြစ်ကြတာပေါ့။

အော် ဒီနေ့မှပဲ ဘုရားဖူးတွေကလည်း နည်းလိုက်တာနော်…ပူစူးစိတ်ထဲမှာတွေးလိုက်တယ်။ ဘာလို့ ဧည့်သည် တွေနည်းသွားလည်းဆိုတာ အဖေ့ကို ဟိုကျောင်းဆရာလေး ပြောတာတော့ မြန်မာပြည်ကို ကမ္ဘာလှည့်ခရီး သည်တွေ အရင်ကလောက်မလာတော့လို့တဲ့။ ဘာလို့လည်းဆိုတာတော့ ဆရာလေးက မပြောသွားလို့ ပူစူးလည်း မသိလိုက်ဘူး။ အရင် က ဒီလို ဆောင်းရာသီဆိုရင် ကမ္ဘာလှည့်တွေ ဘုရားဖူးတွေ အတော်လာတာ။ ပူစူးတို့ တောင်မှ အင်္ဂလိပ်လို ရွှေစည်းခုံဘုရားသမိုင်းကြောင်းကျက်ထားရသေးတယ်။ ဆရာလေး သင်ပေး တာပေါ့ နားလည်လို့တော့ မဟုတ်ဘူး နှုတ်တိုက်ကျက်ထားတာလေ။ ဘုရားဖူးတွေ ပို့စ်ကတ်ဝယ် တယ်ဆိုရင် အလကား ဘုရားသမိုင်းကိုပြောပြပေးတာလေ။ နိုင်ငံခြားသားကြီးတွေဆို သဘောကျလွန်းလို့ သူတို့ က ပို့စ်ကတ်တွေလည်း ကလေးအားလုံးဆီက ဝယ်တယ် ပူစူးတို့ကို ချော့ကလက်တွေတောင် ပြန်ကျွေးသွားသေးတာ။ ပူစူးတို့လည်း သူတို့ကို ဘုရားသမိုင်း ကို အကောင်းဆုံးဖြစ်အောင် အင်္ဂလိပ်လိုပြောပေးလိုက်တယ်။ အမယ် ပူစူးက အင်္ဂလိပ်လို အသံထွက်ပီတယ်ဆိုပဲ သူတို့အချင်းချင်း ပြောတာကို ဧည့်လမ်းညွှန်မမ ပြန်ပြောပြတာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပူစူးတို့တွေ အဲဒီ အချိန်တုန်းက ဒီလောက်လည်း ငွေရဖို့ စိတ်မပူရဘူး။ အိမ် မှာလည်း ဒီလောက် မကျပ်တည်းဘူး၊ အရင်က များလှပြီလို့ထင်တဲ့ ပိုက်ဆံနဲ့ ဆန်သွားဝယ် တပြည်တောင် မရတော့ဘူး။ ပူစူး က ကလေးပေမဲ့ ဆန်ဈေး တွေ တက်တက်လာ တာတော့ သတိထားမိတယ်လေ။ နေ့တိုင်း ဈေးရောင်းကပြန်ရင် နောက်နေ့ချက်ဖို့ ဆန်ဝယ်ပြီးမှ အိမ်ကိုပြန်ရတာကိုး။

“ဟေး……ပူစူးမ ..နိုင်ငံခြားသားဧည့်သည်တွေလာနေပြီဟ … ” ဖိုးလုံးရဲ့ ဝမ်းသာအားရအော်သံ အဆုံး ပို့စ်ကတ်ရောင်းမယ့် ကလေးတွေရော ဘုရားသမိုင်းကြောင်းပြောပြမဲ့ ကလေးတွေရော အားလုံး အပြိုင်အဆိုင် ဧည့်သည်တွေ တက်လာနေတဲ့ စောင်းတန်း ဘက်ကို ပြေးကြလေရဲ့။ ဟိုကျတော့ ဧည့်သည်က ထင်ထားသလို အုပ်စုနဲ့ လာတဲ့ ဧည့်သည်တွေ မဟုတ် လူလေး ၅ ယောက် နဲ့ ဧည့်လမ်းညွှန်မမ တယောက်။ ဒါပေမဲ့ ဧည့်လမ်းညွှန်မမ က ပူစူးတို့နဲ့ မျက်မှန်းတမ်းမိပြီးသား ဒီတော့ သာအောင်တို့ အုပ်စု ရှေ့က ကာစီးကာစီး လုပ်နေတာတောင် သူတို့ဆီမှာ မဝယ်ပဲ ပူစူးတို့သုံးယောက် ရပ်နေတဲ့နားကို သူ့ဧည့်သည်တွေ ခေါ်လာနေတယ်။ ပြီးတော့ သူ့ ပါးစပ်က ပူစူးတို့နားမလည်တဲ့ စကားသံ လုံးလုံးထွေးထွေး နဲ့ သူ့ဧည့်သည်တွေကို ပြောပြနေတယ်။ ပြီးတော့ ပူစူးတို့ဆီကိုလျှောက်လာကြတယ်။ ဝိုင်းစိန်မ ကလည်း သူ့ အရပ်ပုပုလေး ကို ခြေဖျားထောက်ပြီး လက်ကပို့စ်ကတ်တွေ ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို ဧည့်သည်တွေ မတွေ့တွေ့ အောင် မြှောက်ပြနေတယ်။ ပူစူးလည်း အလွတ်ကျက်ထားတဲ့ အင်္ဂလိပ်စကားနဲ့ နှုတ်ဆက်လိုက်တယ်။ ဧည့်သည် မိန်းမကြီးတယောက်က အံသြတဲ့မျက်နှာဖြစ်သွားပြီး ပူစူးဆီက ပို့စ်ကတ်တွေ အများကြီးဝယ်တယ်။ ဖိုးလုံး နဲ့ ဝိုင်းစိန် ဆီကလည်း ဝယ်နေတယ်။ ဖိုးလုံးကလည်း သူ့ရဲ့ ဘယ်လို ပြောပြော မသာယာနိုင်တဲ့ အင်္ဂလိပ်သံကြီး နဲ့ ရွှေစည်းခုံဘုရား သမိုင်းကြောင်း ကို စရှင်းပြနေတော့တယ်။

ဈေးဦးပေါက် အနေနဲ့ တော့ ၁ ထောင်ကျော်လောက်ရလိုက်တယ်။ ပူစူးလည်း နည်းနည်းတော့ စိတ်အေးသလိုလို ရှိသွားတယ်။ ဟိုကောင် ဖိုးလုံး နဲ့ ဝိုင်းစိန်လည်း မဆိုးဘူးထင်ပါတယ်။ အဲဒီ ဧည့်သည်တွေ ပြီးတော့ နိုင်ငံခြားဧည့် သည်တွေ မလာတော့ဘူး။ ဘုရားဖူးယာဉ်တွေနဲ့တော့ လာကျပါတယ် ဒါပေမဲ့ စောင်းတန်းထဲက ဆိုင်တွေမှာပဲ ဝယ်လာကျတော့ ဘုရားပေါ်ရောက်တော့ ပူစူးတို့ဆီက မဝယ်တော့ဘူးပေါ့။ ဒီလိုနဲ့ ညနေစောင်းတဲ့ အထိ ကြိုးကြားကြိုးကြားပဲ ရောင်းရတော့တယ်။ ညနေ အိမ်ပြန်ချိန်ရောက်တော့ လွယ်အိတ်ထဲမှာ ရောင်းရတဲ့ငွေ ၂ ထောင်ကျော်လေးပဲရသေးတယ်။ ပူစူးမ စိတ်ညစ်သွားတယ် ဒီငွေနဲ့ ဘယ်လို ဆန်နဲ့ ဆီ ဝယ်ရမလည်းဆိုတာ မစဉ်းစားနိုင်အောင်ပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ပြန်ဖို့ အချိန်ကတော့ ရောက်လာပြန်ပြီလေ။ ဖိုးလုံး နဲ့ ဝိုင်းစိန်လည်း နေ့တွက်တော့ ကိုက်ပုံမရ။ ဖိုးလုံးမျက်နှာ သုန်မုန်နေတာကိုကြည့်ရင် သိနိုင်တယ်။ “ကဲ…အိမ်ပြန်ကျရအောင် ဒီချိန်ကျမှတော့ ဘယ်သူမှလည်း ဘုရားလာဖူးတော့မှာ မဟုတ်ဘူး..စောင်းတန်းထဲက ဆိုင်တွေတောင် ပိတ်ကုန်ပြီ” ပူစူး က ပြန်ဖို့နိုးဆော်မှ ပဲ သူတို့သုံးယောက်သား ဘုရားရင်ပြင်ပေါ်ကနေထလာဖြစ်တော့တယ်။

အိမ်ပြန်တဲ့ လမ်းမှာ မနက်က ဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန်မမ ကို ထပ်တွေ့သေးတယ် သူတို့ကတော့ ပူစူးတို့ ကို မမြင်ပါဘူး။ ဧည့်သည်တွေလက်ထဲမှာလည်း မှန်ပြောင်းတွေ၊ ကင်မရာတွေနဲ့။ သူတို့ ရွှေစည်းခုံဘုရားနားက ဧရာဝတီမြစ်ကမ်းနဖူး ဆီကိုသွားနေကြတာပဲ။ သူတို့ ပုဂံ ရဲ့ နေဝင်ဆည်းဆာကို ဧရာဝတီမြစ်ကမ်းနဖူး ကနေ ဓါတ်ပုံရိုက်မယ်ထင်ပါရဲ့။ ဝင်လုဆဲဆဲနေလုံးကြီးပတ်လည်က ပုဇွန်ဆီရောင်တိမ်တိုက်တွေရယ် ဧရာဝတီမြစ်ထဲက လှေငယ်လေးတွေရယ်ဟာ သေသပ်လှပစွာ ဆွဲထားတဲ့ ပန်းချီကားတချပ်လိုပါပဲ။ ပုဂံရဲ့ ဆည်းဆာ ကို တန်ဖိုးထားစွာနဲ့ ကြည့်လိုကျတဲ့ ဧည့်သည်တွေ ကြည့်ဖူးပြီးတဲ့ ဧည့်သည်တွေ ဘယ်လောက်များပြီလဲ။

ဆည်းဆာဆိုတာ နေ့တနေ့ကုန်ဆုံးပြီး ညဥ့်ဦးယံမလာခင် အချိန်ပိုင်းလေး အကူးအပြောင်းကာလတခု။ ဧည့်သည်တွေ အတွက်တော့ ကြည်နှုးရင်ခုန်ဖွယ်ကောင်းတဲ့အချိန်ပေါ့။ ပူစူးတို့အတွက်တော့ ဆည်းဆာဆိုတာ နောက်ထပ် ရုန်းကန်မှုတခုရဲ့အစ၊ နေ့သစ်ကိုရောက်ဖို့ အတွက် သန္ဓေတည်ရာ၊ ပင်ပန်းမှုတို့ရဲ့ တိုက်ပွဲခေါ်သံ။ သေချာတာတခုကတော့ ပူစူးမတို့ ဆည်းဆာနဲ့ ဘုရားဖူးဧည့်သည်တွေ ရဲ့ ဆည်းဆာ အမြင်တူပေမဲ့ ခံစားချက် တွေ မတူညီကြတာပါပဲ။


စိုးသင့်ဆွေ
နိုဝင်ဘာလ ၁၃ရက်၊ ၂၀၀၈
နံနက် ၁၀း၃၉


10 comments:

လူလ said...

မင်္ဂလာပါ မဇင်ယော်

တူညီတဲ့အချိန်တခုမှာ ကွဲပြားတဲ့ ခံစားမှု နှစ်ခုကို ရေးဖွဲ့မှုကို ခံစားသွားပါတယ်။
ဘ၀ သရုပ်မှန်တခုပဲ။ ဒါမျိုးတွေ များများရေးပေးပါ။
အားပေးလျက်...

ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုအောင်(ပျူနိုင်ငံ) said...

မရေးတုန်းကလည်း မရေးလို့။ ရေးမဲ့ ရေလိုက်တော့
လည်း ဘလော့အစား စာအုပ်ထုတ်ပါလားလို့။
ကိုယ့်ညီအကိုမောင်နှမ အချင်းချင်း မြှောက်တာ
မဟုတ်ပါ အမရေ။

ဆောင်းယွန်းလ said...

ကြိုက်တယ်ညီမရေ..များများဆက်ရေးပါ..အားပေးပါတယ်..ဘဝသရုပ်မှန်လေးကိုဖတ်ရပြီးစိတ်ထဲ
မကောင်းဘူး..ဒီလိုဘဝမျိုးတွေလက်တွေ့ပြင်ပမှာတပုံကြီးမဟုတ်လား...

ငါယုံကြည်ရာ ငါ့ကမ္ဘာ said...

အစ်မ အရမ်းကြိုက်တယ်။ ကိုယ်တိုင်ကအဲလိုမရေးတတ်တော့ ရေးတတ်တဲ့သူတွေရဲ့ Blog တွေပဲလည်ဖတ်ပြီး အားပေးနေရတယ်။

မသက်ဇင် said...

ယောနသံ--
"မတူညီတဲ့ ဆည်းဆာ"
ကို လာဖတ်ပါတယ်---ဘဝသရုပ်ဖေါ် ရသ တခု
ပါပဲ--ယနေ့ခေတ် မြန်မာစာပေလောကမှာ--ဘဝသရုပ်ဖေါ်တွေ ကွယ်ပျောက်လုနီးပါး
ဖြစ်နေချိန်--
ရေးသားလို့--ကြိုဆိုပါတယ်---

MrDBA said...

ဝတ္ထုတိုများ ဘလော့လို့တောင် ပြောလို့ရတယ်ဗျာ။ အမြဲလာဖတ်ပါတယ်။ ကောင်းနေတာကို ကောင်းတယ်လို့ ထပ်မပြောတော့ပါဘူး။

sin dan lar said...

ကောင်းသောဝတ္ထုတိုလေးပါ..

ဟန်လင်းထွန်း said...

ကျနော် ဖတ်ဖူးပါတယ်လို့ ထင်နေတာ။ မနေ့ ကထဲက ဖတ်ရင်း အခုလာပြန်ဖတ်တာ ။ ကျနော် အကြိုက်ဆုံးတွေက ဘ၀ သရုပ်ဖော်တွေကို အကြိုက်ဆုံးပဲ။ ကျေးဇူးပါ

song said...
This comment has been removed by the author.
song said...

Nice one!! I love this post.. Though I m not Buddish.. I love Bagan..
ကမ္ဘာလှည့်ခရီးသည်တွေ တွေအလာနည်းတာ အခြားအကြောရင်င်းတွေလည်း အများကြီးရှိမှာပါ.. ဒါပေမယ့် ရှေးဟောင်းလက်ရာကို လေ့လာချင်တဲ့ Tourist တွေက ပြန်ပြင်ဆောက် ထားတဲ့ ခေတ် သစ် version ပုဂံ ကို စိတ်ဝင်စားမှုနည်းမှာအမှန်ပါဘဲ..ပုဂံ က နာမည်ကြီး တဲ့ဘုရားတော်တော်များများကို ပြန်ပြင်ဆောက်တာက တော့်တော့်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်..
Tourist attraction တခုအတွက်ဘဲမဟုတ်ရင်တောင် ရှေးဟောင်းလက်ရာတွေကို တန်ဖိုးထား ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်.. အခု ထိန်းသိမ်းပုံ ကြီးက ဖျက်ဆီး နေတာနဲ့ တူပါတယ်.. အဲ အဲ ယတြာချေတာ ဆိုရင်တော့ ................