Wednesday, November 5, 2008

တရားမျှတတဲ့ ရွေးကောက်ပွဲ နှင့် တိုင်းချစ်ပြည်ချစ်စိတ်

မဲပေးတယ်ဆိုတာ အမေရိကန်နိုင်ငံသားတယောက်အတွက်တော့ နိုင်ငံသားတာဝန်တရပ်ကို ထမ်းဆောင် တာပါတဲ့။ အရင်က အမေရိကန်နိုင်ငံသားလူငယ်လူရွယ်တွေဟာ ရွေးကောက်ပွဲတို့ မဲပေးတာတို့ကို စိတ်ဝင်စားမှု နည်းပါးကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း တော်တော်များများဟာလည်း လူလတ်ပိုင်း နဲ့ သက်ကြီးရွယ်အိုပင်စင်စားတွေပဲများတာပါ။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ လူငယ်တွေ နဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက ပိုပြီးတက်တက်ကြွကြွ မဲပေးခဲ့ ထောက်ခံခဲ့ကြပါတယ်။ သူတို့ တခဲနက်ထောက်ခံအားပေးခဲ့သူကတော့ လူငယ်သမတလောင်း (ခုတော့ အမေရိကန်ရဲ့ ပထမဆုံး လူမည်း သမတ) Barack Obama ကိုဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေဟာ စီးပွားရေးကမောက်ကမဖြစ်မှု၊ ဘဏ္ဍရေးလိုငွေပြမှု နဲ့ စစ်ပွဲတွေ ဒါတွေအားလုံးအတွက် ပြောင်းလွဲမှုအသစ်တခုကို အလွန်အမင်း လိုလားတောင့်တ နေကြတာပါ။

အခု သမတသစ်ဖြစ်တဲ့ အိုဘားမားဟာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ သမ္မတဟောင်း ဂျော့ရှ်ဘွတ်ရှ် လက်ထက်က ဖြစ်ခဲ့တဲ့ စီးပွားရေးမပြေလည်မှု၊ စစ်ပွဲနှစ်ခု နဲ့ အလုပ်လက်မဲ့ပြဿနာတွေ အားလုံးကို ရင်ဆိုင်ဖြေရှင်း ရမှာဖြစ်တယ်။ ဒီနေရာမှာ အမေရိကန်ရဲ့ အတုယူဖွယ်ကောင်းတဲ့ အချက်လေးကို တွေ့ရပါတယ်။ မဲပေးပြီးပြန်လာတဲ့ လူတွေကို နိုင်ငံတဝှမ်းမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ရေခဲမုန့်ဆိုင်တွေ က ဆုချတဲ့အနေနဲ့ အခမဲ့ကျွေးမွေးတယ်ဆိုတာပါပဲ။ မဲသွားပေးတဲ့သူတယောက်ဟာ မဲရုံမှာ မိမိဆန္ဒရှိတဲ့အတိုင်း ဒီမိုကရက်ကိုပဲဖြစ်ဖြစ်၊ ရီပါဘလစ်ကန် ကိုပဲဖြစ်ဖြစ် မဲပေးပြီးသွားရင် “I voted ” ဆိုတဲ့အမှတ်အသားပါ တံဆိပ်ဝိုင်းလေးတခုကို မဲပေးပြီးကြောင်း သက်သေအဖြစ်ရရှိပါတယ်။ အဲဒီတံဆိပ်လေးကို သာပြလိုက် အခမဲ့လို့ သတ်မှတ်ထားတဲ့ ကော်ဖီ၊ ဒိုးနပ်၊ အသားညှပ်ပေါင်မုံတွေ နဲ့ ရေခဲမုန့်တွေကို ဆိုင်တွေက ဝမ်းပန်းတသာနဲ့ကျွေးမွေးတာပါ။ အမေရိကန်နိုင်ငံသားတိုင်းဟာ သူတို့ ရဲ့ အနာဂတ်ကို သူတို့ပိုင်ဆိုင်နိုင် ကြပါတယ်။ သူတို့ရဲ့နိုင်ငံကို သူတို့ကိုယ်စား အဖက်ဖက်ကကောင်းမွန်၊ တိုးတက်အောင်လုပ်ဖို့ အတွက် သမတရွေးတဲ့ပွဲမှာ သူတို့ဟာ အသည်းကြားက မဲတပြားကို အကောင်းဆုံး အတော်ဆုံးလို့ သူတို့်သတ်မှတ်ယုံကြည်ထားတဲ့ သမတလောင်းကို မဲပေးခဲ့ ကြတယ်။

အဲဒီနောက် ရွေးကောက်ပွဲရလဒ်ကို ကြောငြာလိုက်တဲ့ အခါမှာလည်း အိုဘားမားကို ထောက်ခံမဲထည့်ခဲ့ သူတွေဟာ သမတအိုဘားမား ရဲ့ အောင်ပွဲဟာ သူတို့ရဲ့အောင်ပွဲ သူတို့ရဲ့ပျော်ရွှင်မှုလိုပဲ ပျော်ရွှင်နေခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့ နိုဝင်ဘာလ၄ရက်နေ့ညကနေ နောက်နေ့ လင်းအားကြီးအချိန်အထိ ဝါရှင်တန် ဒီစီမြို့တော်ရဲ့ လမ်းမတွေမှာ ကားတွေ၊ လူတွေဟာ အို-ဘား-မား……အို-ဘား-မား လို့လှည့်လည်ဟစ်ကျွေးရင်း သူတိုရဲ့ထောက်ခံမှုကို ထင်ထင်ရှားရှားပြခဲ့ကြတယ်။ ဒီလိုပဲ နိုင်ငံအနှံမှာလည်း ဂုဏ်ပြုပွဲတွေလုပ်ခဲ့ကြတယ်။ လာမဲ့ ၂၀၀၉၊ ဇန်နဝါရီလ ၂၀ရက်နေ့မှာ သမတ သက်တမ်းကုန်ဆုံးမဲ့ လက်ရှိ ရီပါဘလစ်ကန် သမတ ဂျော့ရှ်ဘွတ်ရှ် ဘက်ကလည်း ရွေးကောက်ပွဲရလဒ်ကို လိုက်နာပြီးတော့ သမတသစ်ကို အာဏာလွဲပြောင်း ပေးမယ်လို့လည်း ဂတိပြုပြောကြား လိုက်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ နဲ့ ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်ကို အတူတူတွဲတွေ့ရတဲ့ အပြင် အင်မတန်အတုယူစရာကောင်းတဲ့ တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်ဓါတ်ကိုလည်း ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ သူတို့တွေဟာ ပါတီ၊ အသင်းအဖွဲ့ ဆိုတဲ့တဖက်စွန်းရောက်အစွဲတွေမရှိပဲနဲ့ တိုင်းပြည်အတွက် အတူတူ လက်တွဲပြီးအလုပ်လုပ်ကြမှာဖြစ်တယ်။

လက်ရှိသမတက ရီပါဘလစ်ကန်ပါတီဖြစ်လို့ ဒီမိုကရက်ပါတီနိုင်တာကို ညစ်ပြီး ဖြစ်ကတတ်ဆန်း အာဏာလွဲပြောင်းတာမျိုးလည်းမလုပ်သလို ၊ ရွေးကောက်ပွဲရလဒ် ကို မလိုက်နာပဲ အာဏာကိုဆက်လက် ချုပ်ကိုင်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ သူတို့တွေဟာ အာဏာဆိုတဲ့အရာတခုအတွက်၊ ငါဆိုတဲ့ပုဂ္ဂိုလ် တယောက်အတွက် နဲ့ တိုင်းပြည်တခုလုံးကို နစ်မွန်းအောင်လုပ်လိုတဲ့ စိတ်မျိုးတွေလည်းမရှိပါဘူး။ အချိန်တန်လို့ ဆင်းပေးရမဲ့ သူက သမတနေရာက ဆင်းပေးပြီး နောက်တက်ရမဲ့သမတက အိမ်ဖြူတော်ကနေ သူ့ရဲ့အုပ်ချုပ်ရေး အဖွဲ့နဲ့ အတူ တိုင်းပြည်ကို စီမံအုပ်ချုပ်သွားမှာပါ။

မြန်မာပြည်မှာတော့ တရားမျှတတဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုဘေးဖယ်ပြီး စစ်အာဏာရှင်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ထားဆဲပါ။ ဘယ်သူ့ကိုမှ အာဏာလွဲပေးမှာ မဟုတ်သလို၊ ဘယ်သူနဲ့မှ လည်း တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လက်ခံမှာ မဟုတ်ပါဘူး။ ငါ ဆိုတဲ့ အတ္တစိတ်၊ ငါ့နေရာ၊ ငါ့အာဏာဆိုတဲ့ စိတ်ထားတွေသာ ဖုံးလွမ်းပြီး မျက်နှာပြောင်တိုက်စွာ မိုက်တွင်းနက်နေတုန်းပါပဲ။ အခြေခံဥပဒေမူကျမ်းကိုလည်း ပြည်သူတွေက ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ သူတို့အာဏာတည်မြဲရေးအတွက် တဖက်သက် ရေးဆွဲ ထောက်ခံ အတည်ပြုထားပြီး။ နောက်ပြီး ၂၀၁၀ ခုနှစ် မှာလည်း ရွေးကောက်ပွဲလုပ်ပေးဦးမယ်လို့ ဂတိပေးထားပြန်ပါသေးတယ်။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ် မရှိဘူးဆိုတာကိုတော့ အထူးအငြင်းပွား နေစရာ တောင်မလိုအပ်တော့ပါဘူး။

မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်ဆိုတာ သတင်းစာတွေ၊ တီဗီတွေမှာ ဝါဒဖြန့်ဇာတ်လမ်းတွေ ပြပြနေယုံနဲ့ မလုံလောက်တော့ပါဘူး။ တကယ်တိုင်းပြည်ချစ်တယ်ဆိုရင် တိုင်းပြည်ကောင်းဖို့ မိမိတို့နဲ့ ဝါဒမတူသူတွေ အတိုက်အခံတွေနဲ့ အတူတူလက်တွဲပြီး တိုင်းပြည်ကောင်းအောင် တိုးတက်အောင် အဖြေရှာဆွေးနွေး ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်း အားလုံးအဘက်ဘက် ဆုတ်ယုတ်နေပါပြီ။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ လက်နက်ချ အညံ့ပေးလိုက်တာမဟုတ်ပဲ ယိုယွင်းနေတဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ စေတနာသန့်သန့် သူ့ဖက်ကိုယ့်ဖက် အတူတူပူးပေါင်းလုပ်ကိုင်မှု ဖြစ်လို့ အင်မတန်မှ မွန်မြတ်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒီတော့ သူများနိုင်ငံတွေရဲ့ မျိုးချစ်စိတ်ဆိုတဲ့ စကားအပေါ် အပြောတင်မဟုတ် လက်တွေ့လုပ်ဆောင်ပုံတွေကို သာဓကယူပြီး အချိန်မနှောင်းခင် သံဝေဂတရားရပြီး မာနတွေခဝါချနိုင်ကြပါစေ။


စိုးသင့်ဆွေ
နိုဝင်ဘာလ ၅ရက်၊ ၂၀၀၈
ည ၁၀း၄၇


3 comments:

လူလ said...

မင်္ဂလာပါ မဇင်ယော်

ဖတ်သွားပါတယ်။

တိုင်းပြည်ကို သူတို့က ပိုချစ်တယ်ဆိုတော့ သိပ် မချစ်တတ်တဲ့သူနှင့် ပေါင်းမလုပ်နိုင်တာ ဖြစ်မယ်

အရေး အသား ကောင်းပါ၏။ ဒါလောက်တော့ ရှိမှာပေါ့ မိုးမခ စာစောင်မှာ ရေးနေတယ်ဆိုတော့လဲ ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ပါစေ..

P.Ti said...

အင်း..အဲလိုပြောလို့သာ နားလည်မယ်ဆိုရင်လေ...

ဇင်ယော် said...

အင်း ပြောမယ့်သာပြောရ နားမှပါရဲ့လားမှ မသိတာဗျာ။