Sunday, November 9, 2008

စာရေးခြင်း၊ စာအုပ်များ နဲ့ ကျမ


ကိုအောင်က Cbox ထဲမှာလာရေးသွားတယ်။ ပို့စ်အသစ်တင်မယ်ထင်လို့လာဖတ်တယ်တဲ့။ ဒီရက် အတွင်း ပို့စ် အသစ် မတင်ဖြစ်တာမို့ လာလည်တဲ့သူတွေ ကို အားတောင်နာတယ်။ ကိုယ်က ခုမှ ဘလော့ဂါ လက်သစ်လေးရှိသေးတယ် ဆိုတော့ အသစ်တွေ ဒလဟော ပို့စ်တင်ဖြစ်မယ်လို့ ကိုအောင်ကြီးက ထင်ပုံရတယ်။ တကယ်တော့ စာရေးဖို့ ဆိုတာ ထင်သ လောက်တော့ မလွယ်ဘူး ပထမ အကြောင်းအရာ ကလည်းရှိမှ၊ ဒုတိယစိတ်ကလည်း ကြည်လင်နေမှ၊ တတိယ ကတော့ အကြောင်းအရာလည်းရှိ စိတ်ကလည်းသွင်းမိပြီဆိုပေမဲ့ အကြောင်းကြောင်း တွေကြောင့် ဟိုဟာလေးထလုပ်ရ ဒီဟာလေးပြေးလုပ်ပေးရ ဖုန်းလာလို့ထပြောရ နဲ့ ခုနက ရှိနေတဲ့ စိတ်လေး ကြက်ပျောက် ဌက်ပျောက် ပျောက်သွားပြန်တာနဲ့ အစက ပြန်လို့ စိတ်ကိုပြန် သွင်းရပြန် ပါရော။ အင်း စာရေးရတာလည်း သူများတွေအတွက်တော့ ဘယ်လိုနေမယ်မသိ ကိုယ့်အတွက်တော့ အတော်ကို မလွယ်ဘူး။

အရင်ကတော့ စိတ်နဲ့ရေးမိ နေတာမှ တပုဒ်ပြီးတပုဒ် အကြောင်းအရာတွေကလည်း ကားစီးလည်းထွက်၊ ရထားစီးလည်းထွက်။ ဒါပေမဲ့ ချရေးလိုက်စမ်းဟေ့ ဆိုမှဖြင့် ဘယ်ကဘယ်လို စရမှန်းကိုမသိ။ ချရေးလို့ ကောင်းကောင်းနဲ့ရေးမိပြီးတော့လည်း ကိုယ့်မှာ ခေါင်းစဉ်ပေးဖို့ကြတော့ ခက်နေပြန်ရော။ အဲဒါနဲ့ ရေးလို့ မပြီးတိုးလို့တန်းလှမ်းတွေကလည်း တပုံကြီး။ ငယ်ငယ်တုန်းကတော့ ဒီလို ဝတ္ထုတွေဘာတွေ စရေးတာမဟုတ်ဘူး ကာတွန်းပုံလေးတွေ ဆွဲပြီးတော့ စာသားလိုက်ဖြည့်တာပေါ့။ ကောင်မလေးလမ်းလျှောက်ရင်း သီချင်းညီးတယ်ဆိုရင် ကောင်မလေးလမ်းလျှောက်နေတဲ့ပုံရဲ့ ဘေးမှာ သီချင်းစာသား ကို စကားပြောတဲ့ အကွက်လေးနဲ့ ပေါ့။ အိမ်မှာ အဖိုးက ပန်းချီလဲဆွဲ စာလည်းရေးဆိုတော့ စာရွက်လွတ် နဲ့ ပုံဆွဲ ခဲတံတွေက လက်လှမ်းမီရာမှာ ရှိတော့ ဆော့လည်းဆော့လို့ကောင်း ဆွဲလည်းဆွဲလို့ကောင်း။

ငယ်ငယ်က ကလေးလိုဆော့တာလည်း အစွမ်းကုန်ဆော့တယ်။ သစ်ပင်တက်၊ ထုပ်စီးထိုး၊ ဖန်ခုန်၊ စယ်တောက်၊ ဂုံညင်းဒိုးပစ် စုံလို့ ဗြောင်းဆန်အောင် သောင်းကျန်းတာ။ အဲ မှတ်မှတ်ရရ စာတွေလည်း သည်းသည်းမဲမဲ ဖတ်တာပဲ။ ငယ်ငယ်တုန်းကတော့သိတယ် မဟုတ်လား ရွှေသွေးတို့ တေဇတို့ပေါ့ စာအုပ်ပေါင်းချုပ် တောင်ချုပ်ထားလိုက်သေးတယ်။ ဖတ်ပြီးသားလည်း ပြန်ဖတ် ဘယ်တော့မှ မရိုးဘူး အဲဒီတုန်းက ပန်းချီဦးဘကြည်ရဲ့ သရုပ်ဖော် လက်ရာတွေနဲ့ပေါ့ အရမ်းကောင်း အရမ်းကြိုက်ပေါ့။ ကာတွန်းကိုတော့ ကြီးတဲ့ အထိကြိုက်တုန်း မရှက်တမ်း ဝန်ခံရရင် ခုချိန်ထိတောင် ကာတွန်းကားကြည့်တုန်း။ ကာတွန်းဘယ်လောက် ကြိုက်လည်းဆို ထင်းရူးသေတ္တာနဲ့ တလုံးကာတွန်းစာအုပ်တွေစုထားတာ။ တင်အောင်နီ ရဲ့ ပြာလောင်၊ ငွေကြည် ရဲ့ ကမ္ဘာရှား၊ မောင်လွင် ရဲ့ ငထက်ဖြား၊ သစ်ထွဏ်း ရဲ့ မောင်တီထွင်၊ သန်းကြွယ် ရဲ့ ဖိုးဝနဲ့ အင်္ဂါဂြိုလ်၊ အောင်ရှိန် ရဲ့ စိတ်တိုနဲ့ မျောက်ညှိ၊ မောင်ဝဏ္ဏ ရဲ့ သမိန်ပေါသွပ် (အားလုံးစုံအောင် မရေးနိုင်လို့ အကြိုက်ဆုံးတွေ ရွေးရေးတာနော်..)

အင်း .. အသက် ၉နှစ်မှာ စဖတ်ရတဲ့ မှတ်မှတ်ရရ လုံးချင်းဝတ္ထု ကိုပြောရရင်တော့ ဒေါ်ခင်မျိုးချစ်ရဲ့ နှစ်လောကတိုက်ပွဲ (ဖတ်ပြီးတော့ ကြောက်လို့ အိမ်နောက်ကိုတောင် အဖော်နဲ့မှ သွားရဲတယ်)၊ နောက်တော့ ဦးထင်လင်းရဲ့ ပေါ်လီယာနာ၊ (သိပ်တော့ အထင်မကြီးပါနဲ့ဦးနော် အိမ်က စာအုပ်ထုတ်ဝေရေးလုပ်ငန်း ရှိတော့ အဲဒီကထုတ်တဲ့ စာအုပ်တွေက အိမ်မှာလွယ်လွယ်ကူကူရှိနေလို့) နောက်တော့ အိမ်မှာ ရှိတဲ့စာအုပ်စင်ပေါ်က စာအုပ်တွေ တွေ့တာ အကုန်ဖတ်တော့တာပဲ။ အချစ်ဝတ္ထုတွေတော့ အဲတုန်းက စိတ်မဝင်စားသေးဘူး ငယ်သေးတာကိုး။ မှတ်မှတ်ရရ အရမ်းကြိုက်တာ မောင်ထင် ရဲ့ ငဘ မျက်နှာဖုံးမှာ ဇာတ်ကောင် ငဘ က သစ်ပင်ကိုမှီ ခြေထောက်ကိုချိတ် ပြီးဆေးလိပ်သောက်နေတဲ့ပုံ ဆွဲတဲ့သူကိုတော့ မမှတ်မိတော့ဘူး။ ငဘ ကို ဖတ်တာမှ အခေါက်ခေါက်။ အကြိုက်ဆုံးက ဂျပန်ခေတ်ငွေစက္ကူတွေကို မီးပုံရှို့လိုက်တဲ့ အခန်းကိုပါ။

အဲဒီလိုနဲ့ .. ရှာဖွေဖတ်ရင်းနဲ့ နောက်ဆုံးကျန်တာက အမကြီးရဲ့ ဝတ္ထုတွေကို တမြတ်တနိုးသိမ်းထားတဲ့ သံသေတ္တာကြီး။ အဲသူကလည်း သူ့စာအုပ်တွေကို တရိုတသေနဲ့ ၂အုပ်ယူဖတ် ပြီးရင် အဲဒီ ၂အုပ်ပြန်ထားမှ အသစ်ထုတ်ပေးတာမျိုး စည်းကမ်းရှိရှိပေါ့။ အရွယ်က ငယ်သေးတော့ ဘယ်ဟာကို သွားကြိုက်လည်းဆိုတော့ ကြူမွေး ရဲ့ အလောင်းဖျောက်တမ်းကစားမယ်။ ကြူမွေး စာတွေက ရီလည်းအရမ်းရီရတော့ သဘောကို ကျလို့။ နောက်တော့ သေတ္တာထဲရှိသမျှ ယုဝတီ ခင်စိန်လှိုင်၊မြတ်ထန်၊ ငြိမ်းကျော်၊ အကုန် ကိုဖတ်ပစ်တာ။ ကျောင်းစာကလွဲရင် ကျန်တဲ့စာအားလုံးစိတ်ဝင်စားတယ် ဆိုတာလိုဖြစ်လာရော။ အဲဘယ်ရာသီဥတုကို အကြိုက် ဆုံးလည်းလို့မေးရင် နွေရာသီကို အကြိုက်ဆုံးလို့ မြန်မြန်ကြီးဖြေဖြစ်တယ်။ နွေကျောင်းပိတ်ရက်တွေမှာ ကျောင်းစာကျက်စရာမလိုပဲ ကြိုက်ရာ စာအုပ်တွေကို ကြိုက်သလိုဖတ်ခွင့် ရှိတာကိုး။

ဒီလို ကျောင်းစာမဖတ်ချင်ဘဲ အပြင်စာတွေဖတ်နေလို့ အမေက ဗြောတင်တာလည်းခန ခန။ နောက်တော့ အတန်းက ရလာတော့ စာတွေများ နဲ့ ဟိုလိုင်းဝင်မှ လူရာ ဝင်တော့ မလိုလို၊ ဒီလိုင်းရသွားရင်တော့ လူဖြစ်ရှုံးတော့ မယ်လိုလို ခေတ်ရေစီးထဲ မျောပါပြီး ကျောင်းစာတွေကျက်ပြီးရင်း ကျက် နေလိုက်တာ အပြင်စာတွေ (ဝတ္ထုတွေနဲ့) ဝေးသွားရော။ ဒါပေမဲ့ နွေရာသီကျောင်းပိတ်ရက်များကိုတော့ ဘယ်သူမှလာ သိမ်းပိုက်လို့ မရ။ ဆယ်တန်းလည်းအောင်ရော ကျောင်းတွေ နှစ်ရှည်လများ (ရက်ရှည်မဟုတ်ပါ မြန်မာပြည်မှာ နှစ်ရှည်လများ တက္ကသိုလ်တက်ဖို့ အဲဒီ အချိန်တုန်းကစောင့်ခဲ့ရတာ)၊ ဆယ်တန်းအောင် ပြီးတော့ လွတ်ပြီ ကျွတ်ပြီဆိုပြီး စာအုပ်တွေ ဌားဌားဖတ်။ အိမ်ရှေ့အိမ်မှာ စာအုပ်ဌားဆိုင်ဖွင့်တော့ အဆင်ကို ပြေလို့။ အဲဆိုင်ကပဲ ဂျူး၊ တာရာမင်းဝေ၊ မေငြိမ်း၊ ကြည်အေး၊ ဂျာနယ်ကျော်မမလေး၊ အောင်သင်း၊သာဓု၊မင်းလူ၊သုမောင်၊မောင်ဝဏ္ဏ၊ နွယ်ဂျာသိုင်း၊ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဖေမြင့်၊ ကိုတာ ဒီလို စာအုပ်တွေကနေ မြစင်္ကြာလို ရှေးဟောင်းဂမီရ စာအုပ်တွေလည်း ရှိတော့ ရေငတ်တဲ့သူ ရေတွင်းထဲကျသလို စာအုပ်တွေကို ဝါးစားသလိုကိုဖတ်ပစ် လိုက်တာ။ ပြီးတော့ မဟေသီ၊ ချယ်ရီ၊ ရှပ်ရှင်တေးကဗျာ၊ ရွှေအမြူတေ စတဲ့ မဂ္ဂဇင်းတွေလည်း ထွက်တာနဲ့ အရင်ဦးအောင်ကို စာအုပ်ဆိုင်က အမကိုပြောထားရတယ်။

ဒါတွေပြောနေတာနဲ့ လိုရင်းပျောက်သွားဦးမယ် ပြောချင်တာက ဒီလို…. ဒီလောက် စာတွေဖတ် ဖြစ်ပေမဲ့ စာရေးဖို့ကြတော့ မလွယ်တာကိုပြောချင်တာ။ စာဖတ်နာတဲ့ သူဟာ ဗဟုသုတကြွယ်သလို စာရေးလည်းကောင်း တယ်တဲ့ ကိုယ့်မှာတော့ စာအုပ်တွေဖတ် စာရေးဆရာတွေကို အားကျလို့ စာရေးမယ်ဆို ချပြီးရေးကြည့်တော့ လည်း အစ သာစထားပြီး ဘယ်တော့မှ အဆုံးမရောက်ခဲ့။ အဲလိုနဲ့ပဲ ဆက်မရေးဖြစ်တော့ ချောင်ထိုးထားလိုက် ပြန်ရောပေါ့။ အင်တာနက် ဆိုတာကြီးပေါ်လာတော့ လေ့လာလျှောက်ဖတ် နဲ့ သူများတွေ ဘလော့တွေကို အားကျ၊ အော် တော်လိုက်ကျတာ ရေးနိုင်လိုက်ကျတာ လို့ အားကျ ကျ နေရုံကလွဲလို့ မယ်မယ်ရရ ချမရေးဖြစ်ခဲ့။ ခုတော့ ဘေးနားက တွန်းအားပေးတဲ့သူလည်းရှိ သူငယ်ချင်းတွေထဲမှာလည်း ဘလော့ တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဘလော့ပိုင်ရှင်ကြီးတွေ ဖြစ်နေတော့ ကိုယ်လည်း အင်း ရေးမှ ရေးမှ လို့ အားတင်းပြီးတော့ စာရေးဖြစ်လာတော့ တာပဲ။ ဒါပေမဲ့ အပေါ်က ပြောခဲ့ပြီးသည့် အတိုင်း ကိုယ်တိုင်က ခုမှ စရေးခါစ သူများတွေလို ဟောတပုဒ် ဟောတပုဒ် ရေးလောက်အောင်လည်း လက်ကမသွက်၊ စိတ်ကမထွက်တော့ ပို့စ်အသစ်တင်တာနောက်ကျ၊ ကြန့်ကြာ ဆိုတော့ လာလည်ကြတဲ့သူတွေကို လည်းတောင်းပန်ချင်တာရော။ ကိုယ့်အတွက် လည်းပို့စ် အသစ်တခုရတာ ရောနဲ့ တချက်ခုပ် နှစ်ချက်ပြတ် ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

ပို့စ်အသစ် တွေ မြန်မြန် များများတင်နိုင်အောင်ကြိုးစားပါ့မယ် ဒါပေမဲ့ မတင်ဖြစ်ရင်လည်းနားလည်မှုပေးပြီး နောက်လည်းမကြာ မကြာ လာလည်ပါဦးလို့ ကိုကို မမ မောင် ညီမလေး ဦလေး ဒေါ်ဒေါ် တွေကို ဒီပို့စ်လေးနဲ့ တောင်းပန်လိုက်ပါတယ်။




စိုးသင့်ဆွေ
နိုဝင်ဘာလ ၉ ရက်၊ ၂၀၀၈
နေ့လည် ၁၂း၂၇

(ကိုအောင်ကြီးရေ … ပို့စ်အသစ်တင်လိုက်ပြီနော်… ဒီလောက်ဆိုကျေနပ်တော့ဗျို့)



8 comments:

ကိုအောင် said...

ကျေးဇူး အမ။ ကျနော်က ဘာရယ်မဟုတ်ဘူး။
စီဘောက် ဆိုတာ တစ်ယောက်နဲ့တစ်ယောက်
နုတ်ဆက်တော့ “နေကောင်းလား” “မဂ်လာပါ”
“အလုပ်များနေလား” “အလည်လာသွားပါတယ်”
“ပို့စ်အသစ်တက်မလားလို့” စသဖြင့် အချင်းချင်း
နုတ်ဆက်တဲ့ သဘောပါ အမ။ ဆရာကြီး ဓမ္မိကဦးဘသန်း ရယ့် ဘ၀တို့။ သူပြောတဲ့ အကြောင်း
တို့ တစ်ခုခုကို အမရေးရင် အဲဒါ ပို့စ်ဖြစ်တာပေါ့ အမ။
အခုလို့ အလုပ်များတဲ့ ကြားက ဒီလိုရေးတော့လည်း ပို့စ်ပေါ အမရယ်။ ကျေးဇူးနော် အမ။

ဒူကဘာ said...

စာရေးခြင်း၊ စာအုပ်များ နဲ့ ဘဝ ဆိုတာလောက် ကောင်းတာ ရှိပါ့ဦးမလား......?

လူလ said...

မင်္ဂလာပါ မဇင်ယော်

သြော် ခက်ပ၊ ဘလောဂ်ဆိုတာကလဲ သူများတွေ ၀ယ်ဖတ်နေတဲ့ နာမည်ကြီး စာအုပ် အတန်းအစားမှ မဟုတ်တာ။ စိတ်ထဲ ရှိတာတွေ ရေးသာ ရေးချပါ။
ကိုယ်သဘောနဲ့ ကိုယ်ရေးဆိုတော့လဲ အများသဘောနှင့် မတိုက်ဆိုင်တာတွေလဲ ရှိနိုင်တယ်လေ။
ကိုယ့် သိတဲ့ ဗဟုသုတလဲ ရှိမယ်။ ကိုယ်သိတာကို သူများအား တင်ပြခြင်းလို့ပဲ မှတ်လိုက်ပါ။ လိပ်စာကို သိတဲ့သူတွေ လာဖတ်သွားမှာပဲလေ။ ဟုတ်။
အားပေးနေမှာပါ...

ရွှင်လန်းချမ်းမြေ့ပါစေ...

ယောနသံစင်ရော် said...

ကိုလူလရေ ခုလိုအားပေးတာကျေးဇူးပါ။ ကြိုးစဲာပီးတော့ရေးပါ့မယ်။

P.Ti said...

ဟုတ်တယ်.. မမယောရေ... စိတ်လေးလည်းကြည် လူကလည်းအားမှ ရေးဖြစ်တာ.. စိတ်ထဲမှာ ရေးဖြစ်တာတွေကတော့ အများကြီးပဲနော်...

လက်ကချရေးဖို့ကျတော့ ပျင်းတာနဲ့ မေ့သွားတာနဲ့ ဖြစ်တတ်တယ်...

ရေးချင်တာသာ ချရေးလိုက်... လာဖတ်မယ်နော်...

eveningstar said...

hello, Yawnathan
u and me have somethings in common. My pen name is yawnathan and I am a beginner blogger.It is also difficult to consider which is reasonable for the blog and the readers. If u r ok, please visit my blog.It is now just a start and it has so many necessaries. I want to know how to create read more function. If u r ok, please give me a hand.

tututha said...

ကာတွန်းကားတွေ ခုထိကြိုက်တာ ရှက်စရာမဟုတ်ဘူး။ အားမငယ်ပါနဲ့ ဟီဟိ (အဖော်ရပြီ)။ စာအုပ်တွေ အများကြီး ဖတ်ထားတာပဲနော်။ ကျမလည်း ငယ်ငယ်က စာအုပ်တွေ အများကြီးဖတ်လို့ရတဲ့ နွေရာသီကို အကြိုက်ဆုံးပဲ။ ဆရာမောင်ချောနွယ်ပြောသလို လမ်းတူလို့ ဘလော့ချင်းတွေ့ပြီနဲ့ တူပါရဲ့ … အားပေးနေပါမယ်။
ခင်မင်လျှက်
တူးတူးသာ

ယောနသံစင်ရော် said...

မတူးတူးသာ... စာအုပ်တွေများကြီးဖတ်ထားတာပဲနော် ဆိုတာ ... ကာတွန်းတွေကို ပြောတာလား.. ဟိ။