Saturday, November 1, 2008

ဝလုံးရေ…ဝ

ခြေလှမ်းတွေကို သွက်နိုင်သမျှသွက်အောင်လှမ်းရင်းနဲ့ ဈေးထဲရောက်ရင်ဝယ်ရမဲ့ ပစ္စည်းတွေကို မေ့မသွား အောင် စိတ်ထဲမှာသေချာပြန်ရွတ်နေလိုက်တယ်။ ဒီနေ့ အရောင်းပါးတော့ နေတောင်အတော်ညိုနေပြီ အိမ်ပြန် နောက်ကျတာကအကြောင်းမဟုတ် ဈေးပိတ်သွားရင်ဒုက္ခ မုန့်လုပ်ဖို့ ပစ္စည်းတွေ မဝယ်လိုက်နိုင် ရင်နောက်နေ့ ဈေးထွက်ရောင်းနိုင်မှာမဟုတ်။ တနေ့ဈေးမရောင်းနိုင်ရင် ဖွားမယ်နုတို့ မြေးအဘွား ထမင်းစားဖို့ကိစ္စ ဒုက္ခရောက် သွားနိုင်သည်။ ညနေစာအတွက်ဟင်းစားလေးလည်း ဝယ်ရဦးမှာဆိုတော့ ဈေးထဲရောက်မှ ဘာဝယ်မယ်ဆိုတာ စဉ်းစားနေရင်ကြာနေဦးမယ်။

စိတ်ကစောလွန်းတာမှ လူထက်အရင်ကိုဈေးထဲရောက်နှင့်နေပြီ ဈေးအပေါက်ဝနဲ့ မျက်နှာချင်းဆိုင်က ဆန်ဆိုင်မှာ ဆန်ကွဲတပြည်မှာထားတာကို အရင်ဝင်ယူရမယ် ဈေးထဲကထွက်မှဆို ဆိုင်ပိတ်သွားနိုင်သည်။ မုန့်လုပ်ဖို့အတွက် ဒီဆန်ကွဲကအဓိက “ဒေါ်နော်ရေ..ကျွန်မမှာထားတဲ့ ဆန်ကွဲတပြည်..ပေးပါ..”ပိုက်ဆံလည်းရှင်းပေးရင်းနဲ့ မြန်မြန်နှုတ်ဆက်ရသည်။ တော်ကြာ စကားစရှည် နေရင်ဖြတ်ရခက် မှာစိုးရတယ်။ ကဲ ဆန်ကွဲတော့ရပြီ ဒါဆိုစိတ်ချ ရသလောက်ရှိသွားပြီ ကျန်တာတွေက ဘာမှသိပ် အရေးမကြီးတော့။ ဟင်းစားအတွက်ဈေးအဝင်ဝက မမွှေးဆိုင်က ခရမ်းကစော့သီးတပုံရယ်၊ ငရုတ်သီးစိမ်းတပုံရယ်ဝယ်လိုက်တယ်။ ပြီးတော့ ငါးပိဆိုင်ကိုသွား ဈေးအပေါဆုံး ရေချိုငါးပိ ငါးကျပ်သားရယ်၊ ပုဇွန်ခြောက်မှုန့်အသေးတထုပ် ရယ်ဝယ်လိုက်တယ်။ ဒါပဲဟင်းစားက သူများတွေလို ငါးတွေ၊ အသားတွေလား.. အောင်မယ်လေး အနားတောင်မသီဝံ့ဘူး…။ တခါတလေတော့လည်း မြေးမလေး ပူစာလွန်းလို့ မအေးသန်းဆိုင်က ငါးဘဲဖြူလေးတို့၊ ကြက်သည်ဒေါ်စန်းဆိုင်က ကြက်ရိုးလေးဝယ်ချက်ပေး ရတာပေါ့။ ဒါကလည်း ဆယ်ခါ့ တခါရယ်။

အဲ.. အဲ ပြောရင်းနဲ့ ထန်းလျက်ဝယ်ဖို့မေ့လာတယ်… တော်သေးတယ်အိမ်ရောက်မှပြန်လာရင် အချိန်မှီတော့မှာ မဟုတ်။ ထန်းလျက်ဝယ်ပြီးပြန်ထွက်တော့ ဈေးဘေးကအပေါက်ကထွက် ဌက်ပျောသီးအုန်းသီးဆိုင်ကိုဝင် အုန်းသီးတစ်လုံးညှစ်ခိုင်း ပြီးနောက်တလုံးကိုအခွံနွှာခိုင်း။ ဈေးနားကမထွက်ခင်လိုတာတွေစုံပြီလားလို့ ဈေး တောင်းကိုသေချာပြန်ကြည့်ရသေးတယ်။ အိမ်ရောက်ပြီးမှလိုအပ်တာမျိုးမဖြစ်အောင်ပေါ့။ အားလုံးသေချာ စစ်ပြီးတော့မှပဲ သူ့ခြေလှမ်းတွေကိုအိမ်ဖက်သွားတဲ့ လမ်းလေးဆီလှည့်လိုက်တယ်။ ဈေးဘေးနားက ဆင်ခြေ လျောလမ်းလေးအတိုင်းလျှောက်သွားရင် ရထားသံလမ်းကိုတွေ့မယ်။ ဖွားမယ်နုတို့အိမ်ကရထားသံလမ်းကို တွေ့အောင်သာသွားသံလမ်းကိုကျော် ပြီးသံလမ်းအတိုင်းသာအရှေ့ဘက်ကိုတည့်တည့်ဆက်လျှောက်သွားရင် ဖွားမယ်နုတို့ရဲ့ ကျူးကျော်ရပ်ကွက်ကြီးကိုတွေ့မယ်။ အရင်ကတော့ကျူးကျော်ရပ်ကွက်လေးပေါ့ နောက်တော့ တဲတွေများများ လာတာနဲ့ နောက်ဆုံးတော့ရပ်ကွက်ကြီးတခုလိုဖြစ်သွားတာ။ သံလမ်းရဲ့ ဟိုဘက်ဒီဘက်ကလည်း စည်းခြားထားသလိုကိုကွာတာ ဖွားမယ်နုတို့ဘက်မှာ ကျူးကျော်တဲတွေ၊ ဟိုဘက်ခြမ်းမှာကတိုက်တွေနဲ့ လူကုံတန်ရပ်ကွက်။ လူတန်စားကွာဟမှုကို ဝေးဝေးကြည့်နေစရာမလိုဘူး။ သံလမ်းဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းယှဉ်ကြည့်ယုံပဲ။

ရထားသံလမ်းဘက်ရောက်တော့ မြို့ထဲဖက်ကလာတဲ့ မြို့ပတ်ရထားကြီးတစင်း အိပက်အိပက်နဲ့ လာနေတယ် ရုံးဆင်းချိန်မို့လူတွေကကျပ်သိပ်လို့။ ဈေးနားကဘူတာရုံမှာရပ်တော့မယ်ဆိုတော့ ဆင်းမဲ့လူတချို့ကလည်းအဝမှာ မကြောက်မရွံတွယ်စီးလို့။ ဖွားမယ်နုအတွက်တော့မြို့ထဲဆိုတာ ကိုရောက်ဖို့ကိုနှစ်ပေါက်ရောပဲ မြေးလေးပူဆာ လွန်းမှ ရွှေတိဂုံဘုရား လေးရောက်တာ။ ဒီထက်ပိုပြီး ရန်ကုန်ထဲသွားဖို့ဘာအကြောင်းမှမရှိ ဟုတ်တယ်လေ ဆွေမျိုးမရှိမျိုးမရှိ အဘွားကြီးအိုကြီးအိုမ နဲ့မြေးမကလေး နှစ်ယောက်တည်းအတွက်ကတော့ ဘယ်တွေ များအလည်အပတ်သွားစရာလိုဦးမှာလည်းလို့။ အင်း… မြေးလေးဆိုလို့ ဒီနှစ်ကျောင်းဖွင့်ချိန်တောင်နီးနေပြီ မနှစ်က ဖွားမယ်နု မမာတာနဲ့သူငယ်တန်းကို နှစ်ဝက်နဲ့ထုတ်ထားလိုက်ရတာ အမှန်ဆိုမြေးလေးက သူငယ်တန်း တက်ရမယ့်အရွယ်တောင်လွန်နေရှာပြီ။ လာမယ့်မိုးတွင်းဆို အသက်ကခုနစ်နှစ်ပြည့်တော့မယ်။ ဖွားမယ်နုမှာက သမီးလေးတယောက်ထည်းရှိတာလေ မြေးမလေးကိုမွေးရင်းနဲ့ မီးတွင်းထဲမှာတင်ဆုံးတာ အဲ..မြေးမလေးလှမေက ဒီသမီးကမွေးတဲ့ကလေးပေါ့။

သူ့အဖေလား.. ပြောမပြောချင်ပေါင် ကလေးလည်းမသိ သူ့ကိုယ်သူတောင်ဘာမှန်း မသိအောင် မူးရူးနေလို့ မြေးမလေးကိုဖွားမယ်နုပဲ ခေါ်ထားလိုက်ရတာ အဲဒီတုန်းထဲက သူ့ကိုမတွေ့တော့တာ ခုလောက်ဆိုလူ့ပြည်မှာ ရှိချင်မှတောင်ရှိတော့မယ် အဲဒီလောက်ကိုအသောက်ကျူးတာ။ ဖွားမယ်နုရဲ့ အိမ်သားလား အင်းဆုံးတာကြာပြီပေါ့ သမီးလေးအပျိုပေါက်အရွယ်ထဲကပဲ။ ဆိုက်ကားနင်းရင်းမိုးမိတာကို ဂရုမစိုက်မိလို့ အပူကြီးတာနဲ့ သေရှာတာပဲ။ သူရှိတုန်းကတော့နည်းနည်းချောင်လည်တယ် ဒီလိုမျိုး နေပူစပ်ခါးထဲ ဈေးရောင်းနေစရာဘယ်လိုမှာတုန်း သံလမ်းဟိုဘက်က ရပ်ကွက်ထဲမှာပဲ အဝတ်လေးလိုက်လျှော်၊ အကူအညီလိုလို့ခေါ်ခိုင်းရင်သွားလုပ်ပေါ။့ ဒါတွေက ပုံမှန်ဝင်ငွေရတာမဟုတ်တော့ သူလည်းဆုံးရော သမီးတယောက်နဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဒါနဲ့နောက်ဆုံးတော့ ဈေးဗန်းခေါင်းပေါ်ရွက်ပြီးတော့ လည်ရောင်းရတာပေါ့။ ဘာရောင်းလည်း..ဟုတ်လား..မုန့်ကြာစေ့ရောင်းတာလေ…ခုနကဈေးထဲ ဝင်ဝယ်တာတွေက မုန့်ကြာစေ့လုပ်ဖို့ပေါ့။ ပြန်ရောက်ရင် လှမေကို မနက်ထဲက ရေစိမ်ထားခဲ့တဲ့ ဆန်ကိုသွားကျိတ်ခိုင်းရဦးမှာ။ တော်သေးတယ်ကျိတ်စက်က အိမ်နားတင်ရှိလို့။ ရပ်ကွက်ထဲမှာ မုန့်လုပ်ပြီးလည်ရောင်းတဲ့သူတွေအများသား။ ဒီတော့….မုန့်ကျိတ်ဆုံထောင်စားတဲ့ သူအတွက်က ကိုက်သပေါ့။ ကဲ .. ပြောရင်းဆိုရင်းနဲ့ပဲ ရပ်ကွက်ထဲတောင်ရောက်ပြီ။ ဒီမှာတော့ တွေ့ရကြားရပါလိမ့်မယ် ကလေးတွေငိုသံ၊ သီချင်းဖွင့်သံ၊ လင်မယားရန်ဖြစ်သံ၊ အော်သံဟစ်သံ စုံလို့စုံလို့ အိမ်ဝိုင်းတခုရှေ့ဖြတ်သွားတိုင်း အသံတမျိုးဆီကြား ရပါလိမ့်မယ်။

ဟိုးရှေ့ကလမ်းကွေ့ဆိုရင် ဖွားမယ်နုတို့တဲလေးကိုရောက်ပြီ။ တဲရှေ့ရောက်တော့ ခေါင်မိုးကို တချက်မော့ကြည့်ရင်း ဆွေးမြေ့နေပြီဖြစ်တဲ့ ဓနိမိုးနဲ့ ဒီတမိုး ဘယ်လိုစခန်းသွားရမလည်းဆိုတာ တွေးမိပြီးစိတ်ညစ်ပြန်ရော။ ခေါင်မိုးက မိုးရွာတာကာဖို့မပြောနဲ့ နေပူတာတောင်မလုံ။ တဲရှေ့ရောက်တော့ မြေးလေးကိုမတွေ့လို့စိတ်ပူသွားသေးတယ်။ နေ့ခင်းက ကလေးကိုယ်နွေးနေလို့ ဘေးအိမ်ကိုအပ်ခဲ့ပြီး ဈေးသာထွက်ရောင်းရတာ စိတ်ကတော့တယ်မဖြောင့်။ တဲကပြင်ပေါ်ကို ဈေးတောင်းချရင်းနဲ့ တဲထဲကို လှမ်းအော်ကြည့်လိုက်တယ် “မလှမေ…မလှမေ..မြေးလေးရေ” “ရှင်…….” လှမေထူးသံကြားမှပဲ သက်ပြင်းခိုးချလိုက်တော့တယ်။ ဒါတောင် လူကိုမတွေ့ရသေး အသံသာကြားနေရတာ အော်… ကလေးက ထမင်းစားပွဲဝိုင်းမှာ စာရေးနေသကိုး…။ “မြေးလေး .. ဘာတွေရေးနေတာတုန်းကွဲ့..” ဆိုတော့ “ဝလုံး…” တဲ့ ဒါပဲပြန်ဖြေတယ်။ ဒီကလေးက စကားအင်မတန်နည်းလွန်းတယ် စာလည်းသိပ်လိုချင်တာပဲ မနှစ်ကနှစ်ဝက်နဲ့ကျောင်းထုတ်လိုက်ရပေမဲ့ သူက ကျောင်းကသင်လိုက်တာတွေကို မေ့မသွားအောင် အမြဲလေ့ကျင့်နေတာ…။ လက်ရေးကလည်းလှလိုက်တာမှ ဝိုင်းလို့။ ကကြီး၊ ခခွေးတွေကို အပြန်ပြန်အလှန်လှန် ဆိုနေတတ်တာ။ ဖွားမယ်နု မြေးလေးအကြောင်းကိုစဉ်းစားရင်း ကျောင်းအပ်ရတော့မှာကို တွေးမိပြီးရင်မော သွားတယ်။ ဟုတ်တယ်လေ…အဘွားကြီး အိုကြီးအိုမရှာဖွေနေတာ ထမင်းနပ်မှန်နေတာတောင် ကံကောင်း လှပြီ။ ဒီထက်အပြင်ပိုပြီးတော့ ငွေရအောင်မရှာတတ်တော့။

ရေနွေးလေးနည်းနည်းသောက်ရင်းနဲ့ မြေးလေးစာရေးနေတာကိုကြည့်ကောင်းကောင်းနဲ့ထိုင်ကြည့်နေလိုက်တာ အတော်ကြာတယ်။ နောက်မှသတိရတာနဲ့ “မြေးလေး ဖွားကို ဆန်သွားကျိတ်ပေးဦးနော်..” ဆိုတော့ “ဟုတ်..” ဒါပဲ..ပြန်ဖြေတယ် မြေးလေးက ကလေးဖြစ်ပေမဲ့ ဘာမှသိပ်ပြီးမပူဆာတတ်ဘူး အဲ..သူပူဆာရင်တော့ သူတကယ် ကိုစွဲစွဲလမ်းလမ်းလိုချင်နေတဲ့ အရာကိုမှပူဆာတာမျိုး။ ကြည့်နေရင်းမှာပဲ မြေးလေးက ရေစိမ်ထားတဲ့ဆန်ကွဲနဲ့ ကောက်ညှင်းဆန်တွေကို မုန့်သွားကျိတ်မဲ့အိတ်ထဲပြောင်းထည့်ပြီး တဲလေးပေါ်ကနေဆင်းသွားတယ်။ သူမနိုင် ဝန်ထမ်းသွားတဲ့ပုံစံလေးက သနားစရာချစ်စရာလေး။ မွဲတဲ့ဘဝများ ကိုယ့်သွေးသားလေး တွေကိုတောင် မခိုင်းရက်ပေမဲ့လည်းခိုင်းနေရတာပဲ။ ကဲ … တွေးနေဝမ်းနည်းနေလို့လည်း အပိုပဲ မြေးလေးသွားနေတုန်း ညနေစာချက်လိုက်တယ်…ဗိုက်ကလည်းဆာလာပြီလေ။ ဟင်းကတော့ ဆန်းဆန်းပြားပြား ချက်နေစရာမလိုဘူး ခုနဈေးကဝယ်လာတဲ့ ငါးပိရေချိုကို ငရုတ်သီးလေးအုပ်ပြီး ငါးပိရေချက်လေးချက် ပုဇွန်ခြောက် ထုတ်လေး ဖေါက်ထည့်။ ဆီတော့မပါဘူးလေ ဆီပုလင်းဆိုတာ ဖွားမယ်နုတို့ မီးဖိုချောင်မှာ ချောင်ထိုးခံထား ရတာကြာပြီ။ ငါးပိအိုးကျက်တော့ ခရမ်းကစော့သီးလေးတွေကို ဓါးနဲ့လေးစိတ်စိတ်လိုက်တယ် ဒါက အတို့ပေါ့။ ဒါပဲ .. ဆီမပါတဲ့ငါးပိချက်က ဟင်း၊ ခရမ်းသီးလေးတွေကတို့စရာ။ ထမင်းကတော့ မြေးလေးချက်ထားလို့ကျက်ပြီး သား။ မြေးကိုထိုင်စောင့်ရင်းနဲ့ ဖွားမယ်နု အမောဖြေနေလိုက်တယ်…မိုးဦးကျတော့မှာမို့ ရာသီဥတုက ပိုပြီးအိုက်စပ်စပ် ရေလေးတစ်မုတ် နှစ်မုတ် လောက်ချိုးလိုက်ချင်သား ဒါပေမဲ့ အသက်ကိုဉာဏ်စောင့်တယ်တဲ့ ချိုးလို့တော့မဖြစ်…ဖျားနာ လို့ကတော့ ဈေးမရောင်းနိုင်တဲ့ အပြင် ဆေးဖိုးပါထပ်ကုန်နေမယ်။

ဖွားမယ်နု မီးဖိုပေါ်မှာထန်းလျက်အိုးကြိုနေတုန်း မြေးလေးလည်းမုန့်ကျိတ်ဆုံကပြန်လာပြီ…။ မုန့်သားတွေကိုရော ထန်းလျက်အိုးကိုပါ ခဏဖယ်ထားပြီး မြေးအဘွားနှစ်ယောက် ထမင်းစားလိုက်တယ်။ ညကလည်းမရှိဘူးဆို ခုနှစ်နာရီလောက်တော့ရှိလောက်ပြီ…။ မြေးလေးကတော့ စကားဘာမှ မပြောပဲ ထမင်းကိုသာမဲစား နေတယ်။ ဖွားမယ်နုကတော့ ဒီနေ့ဈေးရောင်းသွားတဲ့ လမ်းတလျောက်က အကြောင်းတွေကိုစီကာပတ်ကုံးပြောနေ လိုက်တယ်။ ပြောစရာဆိုလို့ ဒီမြေးအဘွားနှစ်ယောက်ရှိတာ ဒီလိုမှ မပြောရင် စကားတောင်မပြောတတ်ဖြစ်တော့ မယ်။ မြေးလေးကလည်း တေမိမလေး။ ပြောသမျှကို ခေါင်းညိတ် အင်းလိုက်ယုံကလွဲလို့ ဘာမှဆက်မပြော။ စားပြီးတဲ့ ပန်းကန်တွေကို မြေးလေးဆေးကြောနေတုန်း ပြောင်းဖူးဖက်ဆေးလိပ်အတိုလေးကို တဖွာနှစ်ဖွာ ဖွာနေ လိုက်တယ်။ ဆေးလိပ်တော့ ကြိုက်သလားမမေးနဲ့ .. ဒါပေမဲ့ ဒီအတိုလေးတောင် အကုန်မဖွာရဲဘူး ဈေးကလည်း မနဲဘူးလေ။ ဆေးလိပ်ဖွာပြီးတော့ မုန့်နယ်နေလိုက်တယ် မုန့်ကြာစေ့လုပ်ရင် ကောက်ညှင်းတပြည်ဆို ဆန်ကွဲက တလုံးပေါ့ ဒါမှ မုန့်သားကအိမှာ။ ဒါပေမဲ့ သိတဲ့အတိုင်း ကောက်ညှင်းကဈေးကြီးတော့ ဆန်ကွဲကို ပိုထည့်ရတာပေါ့။ မုန့်နယ်တော့မှနာနာလေးဖိနယ်လိုက်တယ်…ဒါကဖွားမယ်နုရဲ့ကိုယ်ပိုင်မူ။ မုန့်နယ်ပြီးတော့ မုန့်လုံးလေးတွေလုံး ရတော့မှာမို့ မြေးမလေးကို လာကူဖို့ခေါ်ရတယ်။ နေ့တိုင်းမုန့်လုံးတဲ့ အချိန်ဆို မြေးလေးကူ နေကျ။ မုန့်လေးတွေကို လုံးပြီးတော့မှရေနွေးထဲကိုထည့်ပြုတ်မှာလေ။ မုန့်ကြာစေ့လေးတွေအရွယ်အစားက မုန့်လုံးရေပေါ် လောက်လည်းမကြီးတော့လုံးရတာလက်တော့ဝင်သား။ “မြေးလေးမုန့်လုံးလေးတွေကိုသေချာလုံး နော်” “မြေးလေး….ဝလုံးဝိုင်းသလိုဝိုင်းဝိုင်းလေးလုံး ဟုတ်ပလား” “ဟုတ်ကဲ့”

မုန့်လုံးလေးတွေပြုတ်ပြီးသွားတော့ ညတောင်တော်တော်နက်ပြီ ခေါင်းရင်းအိမ်ကတော့ တီဗီသံဆူညံနေတုန်း။ ဒါပေမဲ့ ဖွားမယ်နုကတော့ တနေ့လုံးဈေးဗန်းရွက်ပြီးလမ်းလျှောက်ထားလို့ အကြောတွေတက်ပြီး မျက်လုံးကမှေး လာနေပြီ။ မုန့်တွေကိုစကာခုံးထဲထည့် ပိတ်ပါးနဲ့သေချာအုပ်ပြီးတော့။ ဘုရားရှိခိုးလိုက်သေးတယ် ဒီဝတ်ပြုတာ လေးကိုတော့ အပျက်မခံနိုင်။ မြေးလေးကတော့ ဖျာကြမ်းလေးပေါ်မှာတကိုယ်စာဝင်ခွေနေပြီ ဖွားမယ်နုလည်း ဘုရားကိုဦးချ စောင်ပါးလေးကို ဒူးဆစ်နားထိဆွဲခြုံလိုက်ရင်း မြေးလေးဘေးကနေရာမှာဝင်လှဲ လိုက်တယ်။ မြေးလေးက မအိပ်သေးပဲသူ့ကိုစောင့်နေတယ်။ ပြီးတော့ဖွားမယ်နုကို မကြည့်ပဲလေသံတိုးတိုးနဲ့ “ဖွား…သမီး ကျောင်းနေချင်တယ်” “သူငယ်ချင်းတွေအားလုံး ဝလုံးရေးတတ်လို့အတန်းတက်သွားပြီ” ဖွားမယ်နု ခပ်ရဲ့ရဲ့ပဲပြန်ပြုံးပြလိုက်နိုင်တယ်။ မှောင်ထဲမှာဆိုတော့ဒီအပြုံးကိုမြေးလေးမမြင်နိုင် “အေးပါ မြေးရယ် … အဖွား အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်” ပြောလိုက်တဲ့ ဖွားမယ်နုရဲ့ အသံကခြောက်ကပ်ကပ် ရင်ထဲမှာလည်းထိတ် သွားတယ် မြေးလေးကိုစိတ်ချမ်းသာစေချင်လိုက်တာ။ အင်းလေ ခုထက်ပိုပြီးတော့ နည်းနည်းအပင်ပန်းခံပြီး ခေါက်ရေများများဟိုဘက်ရပ်ကွက်ထဲလှည့်လိုက်ရင်တော့ မြေးလေးကိုကျောင်းအပ်ဖို့ ပိုက်ဆံ ပြည့်နိုင်ကောင်းရဲ့။ ဒါပေမဲ့ သူ့ကျန်းမာရေးကို သူအားမရ။ နေ့ခင်းလေးတပိုင်းလည်ရောင်းတာတောင် သူ့မှာ ပင်ပန်းလွန်းလှနေပြီ။ အသက်၆၀ကျော်အမယ်အိုတယောက်အနေနဲ့ ဒီလိုဈေးတောင်း ခေါင်းပေါ်ရွက် လည်ရောင်းတာ သူ့အသက်အရွယ် အနေအထားနဲ့တော့ အစွမ်းကုန်ပဲ။

တွေးရင်းနဲ့ရင်ပူသလိုလိုရှိတာနဲ့ ထမင်းစားပွဲဝိုင်းဆီလျှောက်လာပြီး ရေနွေးလေးတခွက်ငဲ့သောက်လိုက်တယ် အိပ်ရာဆီကိုပြန်လာတော့ မြေးလေးနိုးသွားမှာစိုးလို့ခြေကိုခပ်ဖေါ့ဖေါ့နင်းရတယ် ခေါင်းအုံးပေါ်ပက်လက်လှဲချ လိုက်တော့လည်း မျက်လုံးတွေက ကြယ်မြင်လမြင်ခေါင်မိုးကိုတွေ့ပြန်ရော။ အိပ်ပျော်အောင်ကြိုးစားဖို့ မျက်လုံးကို မှိတ်လိုက်တယ် စိတ်ကတော့ဂနာမငြိမ်စွာနဲ့ဆက်စဉ်းစားနေတုန်း။ အိမ်မိုးဖို့၊ မြေးလေးကျောင်း ထားဖို့၊ ……၊ ………..။ စိတ်ကသာစဉ်းစားနေပေမဲ့ ခန္ဓာကိုယ်ကမခံနိုင်တော့။ အိပ်မောကျ လုလုမှာ မြေးလေးယောင်လိုက်တဲ့ အသံလေးကိုကြားလိုက်ရတယ် “ဝလုံးရေဝ… ဝ..ရေဝ….” … မြေးလေးကိုကျောခိုင်းပြီး တစောင်းလှည့်လိုက်ချိန်မှာတော့ မျက်လုံးထောင့်မှာစိုစွတ်တဲ့စီးကြောင်းတခု စီးဆင်းသွားတာကို သတိထားလိုက်မိရင်း ငြိမ်သက်စွာ အိပ်မောကျသွားတော့တယ်။

စိုးသင့်ဆွေ
အောက်တိုဘာလ ၁ရက်၊ ၂၀၀၈
နံနက် ၅း၃၀

(တောင်းပန်စကား - ပထမတုန်းကဒီပို့စ်ခေါင်းစဉ်လေးကို ဝါရေ...ဝ လို့ပေးထားတာပါ။
အယ်ဒီတာမင်းပြန်ရောက်လာတော့...မင်းနှယ်..ရေးတော့အမှန်ဖတ်တော့အသံတဲ့ကွဲ့..
ဆိုပြီးသင်ပြပေးတာနဲ့ ဝလုံးရေ...ဝ လို့ အမှန်ပြင်လိုက်ပါကြောင်း)

10 comments:

လူလ said...

မင်္ဂလာပါ မဇင်ယော်

ဘ၀ သရုပ်မှန် တခု ထင်ပါတယ်။
မထင်ရဘူး တော်တယ်ဗျို့။း)
ဆက်ရေးပါ ။ အားပေးလျက်

ရွှင်လန်းချမ်းမြေ့ပါစေ...

ယောနသံစင်ရော် said...

ဟုတ်တယ် ကိုလူလ ရေ.. ရန်ကုန်မှာနေတုန်းက .. အဲဒီရပ်ကွက်လေးကို အမှတ်မထင်ရောက်သွားဘူးတယ်... တဲလေးမှာ မြေးအဖွားနှစ်ယောက်တည်းရှိနေတယ် .. သူတို့မုန့်ကြာစေ့တွေလုံးနေတဲ့ပုံကို ခုထိမျက်လုံးထဲက မထွက်သေးဘူး...

ဒူကဘာ said...

ဝါရေဝ တို့ ဝမ်းရေး မဝကြပုံများ တယ်လဲ ဖေါ်ကျူးတာ တော်သမို့ စိတ်မကောင်းခဲ့ရဖူး၊ ကျောက်မြောင်း ဟိုဖက်က မေတ္တာညွန့် အေဘီစီ ရပ်ကွက်များ ဖြစ်နေမလားပဲ တူလွန်လှသကိုး ... မှန်ကြည့်တာပါ။

ယောနသံစင်ရော် said...

ကိုဒူကဘာ ရေ....အေဘီစီရပ်ကွက်တော့ မဟုတ်ဘူး။ ဘောက်ထော်နားက မိချောင်းကန်ရပ်ကွက်ပါ။ အခုတော့ရွေ့ပြောင်းခံလိုက်ရလို့... သူတို့တဲလေးတွေလည်း မရှိတော့ဘူး....။

ဂျူနို said...

စင်ရော်ရေ
ကိုယ်တွေတိုင်းပြည်မှာ ဒီလိုမြေးအဖွားတွေအများကြီးရှိနေတာသေချာပါတယ်။ လူမူ့ ဘ၀အာမခံချက်မရှိတဲ့စနစ်အောက်မှာတော့ ၀လုံးတန်းမရောက်သူတွေ အလယ်တန်းမရောက်သူတွေ ရှိတဲ့အပြင် တက္ကသိုလ်ပညာကို ဆင်းဆင်းရဲရဲနဲ့ မျှော်လင့်တကြီးသင်ခဲ့တော့လည်း ဘာမှဖြစ်မလာပါဘူး။
စနစ်ဆိုးကပြဿနာရဲ့ အရင်းခံမို့ သူ့ ကိုသာအရင်ပြောင်းရမှာပါ။ မဟုတ်ရင်တော့ အစာအိမ်သွေးကြောပေါက်နေတဲ့ လူနာကို သွေးအားနည်းတယ်ဆိုပြီး သွေးတွေပဲသွင်းနေရင် အိတ်ပေါက်နဲ့ ဖားကောက်ရသလို ဖြစ်ပြီး လူနာလည်းသေဖို့ သာရှိပါတယ်။

P.Ti said...

အိုး... မမယောရေ.. ရေးထားတာက အင်မတန်ကောင်းလိုက်တာ... အဖြစ်မှန်တစ်ခုကိုတောင် ရေးထားသလိုပါပဲ... အဲလိုအဖြစ်တွေ အများကြီး ရှိနေတယ်နော်...

ဆက်ရေးပါ... အမ... အားပေးလျှက်..

ဇင်ယော် said...

ဘ၀သရုပ်ဖော် ဖြစ်ရပ်တွေကို ဖတ်ရတာ ဆရာမနုနုရည်(အင်းဝ)ရဲ့စာတွေကို ဖတ်ရသလိုပါပဲလား။ ဖတ်ပြီး ရင်ထဲမှာ တနင့်တပိုးကြီး ကျန်ခဲ့တယ်ဗျာ။ အရေးအသားက ရပ်ကွက်ထဲက မြင်ကွင်းကို ထင်းကနဲ မြင်လာအောင် ရေးနိုင်လွန်းလို့  လေးစားအားကျ မိပါတယ်။ ဆက်လက် အားပေးနေပါ့မယ်။

ယောနသံစင်ရော် said...

ဆရာမ နဲ့မနှိုင်းပါနဲ့ ကိုဇင်ယော်ရယ်။ ဆရာမတို့က မြင့်မိုရ်တောင်ကြီးဆို ကျမက ဇီးစေ့လေး လောက် တောင်မရှိပါ။ ဝမ်းစာဖြည့်တုန်းရှိသေးပါတယ်ရှင်။ အားပေးတာ ကျေးဇူးတင်ပါတယ်။

MrDBA said...

ယောနသံစင်ရော် ဆိုတဲ့စာအုပ်က ကျွန်တော်ငယ်ငယ်က ခဏခဏပြန်ပြန်ဖတ်တဲ့ စာအုပ်လေးခင်ဗျ။
အမရဲ့စာတွေကောင်းတယ်။ အားပေးနေပါမယ်။

တက်လူငယ် said...

စာအသွားအလာတွေကိုပါ ဂရုစိုက်ဖတ်ကြည့်ရင်းကနေ ဖတ်ရင်းဖတ်ရင်း ကျနော်ပါ ဇာတ်လမ်းထဲမှာဝင်ပြီး ခံစားနေရသလိုပဲဗျာ။
နောက်ဆုံးပိတ်စာပိုဒ်က ကျနော့်ရင်ကို တော်တော်လေးလှုပ်ခါသွားစေခဲ့တယ်။
စာအရေးအသားအင်မတန်ကောင်းပါတယ်ဗျာ။
အားပေးတယ်။