Tuesday, October 21, 2008

မိဘကျေးဇူး တရားဟောဆရာ

ဒ်ီထမင်းဆိုင်ကို ဒီအချိုန်ဆိုသူလာနေကျ၊ ဒီအချိန်ဆိုတာက နေ့လည် ၃နာရီလောက်ကိုပြောတာ နေ့လည်စာ စားသောက်တဲ့လူတွေလည်းရှင်းပြီ။ ပြီးတော့ဟင်းတွေကို လျော့ဈေးနဲ့ စရောင်းတဲ့အချိန်။ ဆိုင်ကညနေ ၆နာရီကျော်ရင် ပိတ်ပြီဆိုတော့ မနက်ပိုင်းရောင်းမကုန်တဲ့ ဟင်းတွေကို နောက်နေ့ထိဆက်ထားလို့မဖြစ် ဒီတော့ ၂နာရီခွဲကျော်ရင် စပြီးလျော့ရောင်းတော့တာပဲ။ ဆိုင်ကလည်း ခန်းခန်းနားနားမဟုတ် အိမ်ရှေ့မှာ ဓနိမိုးအဖီိထိုးပြီး ရောင်းတဲ့ဆိုင်။ ခုံတန်းလျားရှည်ပေါ်မှာ ဟင်းအိုးတွေတင်ထားမယ်၊ ခုံနဲ့တဆက်ထဲမှာ ပျဉ်ပြားတချပ်ကို ပတ္တာနဲ့တွဲရိုက်ပြီး မလိုချင်ရင်ဖြုတ်ထားလို့ရမယ် စားပွဲလုပ်ချင်ရင်ပျဉ်ပြားကိုဆွဲမ ပြီးအောက်က တုတ်နဲ့ထောက် ထားလိုက်ယုံအလွယ်လုပ်ထားတဲ့စားပွဲ။ ဒီစားပွဲပေါ်မှာပဲ လာစားတဲ့သူတွေက ပန်းကန်တင်စားတယ်၊ ပြီးတော့ ငပိရည်တို့စရာ ပန်းကန်ရှိမယ်၊ ငရုတ်သီးစိမ်း ကြက်သွန်ဖြူခွက်ရှိမယ် ဒါပဲ ဆိုင်အပြင်အဆင်က။

သူက ဒီအချိန်ဆိုလာနေကျဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် ဈေးလျော့ရတာလည်းတကြောင်းပေါ့ ပြီးတော့ သူအလုပ်က ညပိုင်းဆင်းရတဲ့အလုပ်။ ဒီတော့ တမနက်လုံးသူအိပ်နေပြီး နိုးလာတော့ ရေမိုးချိုးဝေရာဝစ္စလုပ် ပြီးတာကပဲ နေ့လည်၁၂နာရီရှိသွားပြီ။ ပြီးရင် လက်ဘက်ဆိုင်ဘက်ကိုထွက် လက်ဘက်ရည်သောက်ရင်း ဆိုင်ရှင်နဲ့ နည်းနည်းပါးပါး ရပ်ကြောင်းရွာကြောင်းလေးပြော။ အိမ်ကိုပြန်ဝင်တော့၁နာရီ သတင်းစာလေး၊ ဂျာနယ်လေးတွေ နည်းနည်းပါးပါးဖတ် ပြီးလို့ နာရီကြည့်လိုက်ရင် ၂နာရီကျော်ပြီ။ အလုပ်သွားဖို့ပြင်ဆင်တာနဲ့ ၂နာရီခွဲကျော်တော့ ဗိုက်က အသံပေးလာပြီ။ ဒါနဲ့ပဲ အမြဲ နေ့တိုင်း ၃နာရီ နီးပါးမှ ဒီဆိုင်ကို အမြဲရောက်လေ့ရှိတာ။

ဆိုင်ကိုသူရောက်တော့ လူရှင်းစပြုနေပြီ ဒီနားမှာအစိုးရရုံးတရုံးရှိတော့ နေ့လည်ထမင်းစားချိန်ဆိုလူရှုပ်တယ်။ ၆ပေတောင် မပြည့်ချင်တဲ့စားပွဲလေးမှာပဲ လူတွေကကျပ်ကျပ် သိပ်သိပ်ထိုင်၊ ဟင်းချိုပန်းကန်၊ ငပိတို့စရာ ပန်းကန်တွေနဲ့ပြည့်ပြီး လက်တွေက ယောက်ယက်ခက်နေ ဒါတွေကို သူစိတ်ညစ်လို့ မနက်တိုင်းပိုက်ဆံ အကုန်ခံပြီး လက်ဘက်ရည်သွားသောက်ထားပြီး ဗိုက်ကို ချွေးသိပ်ထားရသည်။ လူရှင်းချိန်နဲ့ သူဗိုက်ဆာလာတဲ့ အချိန်ကအံကိုက်။ နေ့စဉ်လာနေကျဖြစ်တဲ့သူ့ကို မနက်ပိုင်းတာဝန်ပြီးဆုံးသွားတဲ့ ဆိုင်ရှင်အဒေါ်ကြီးက ဝတ်ကျေတမ်းကျေ ပြုံးပြရင်း အိမ်ပေါ်ကိုတက်သွားတယ် သူ့သမီးအကြီးမက ညနေဆိုဆိုင်ထိုင်နေကြ။ ဟင်းအိုးတွေကို သူ တခုစီလှန်ကြည့် နေမိတယ်။

ဟင်းတွေကသိပ်တောင် ကောင်းကောင်းမကျန်ချင်တော့ အသားတွေတောင် ကျေတဲ့ဟာကကျေနေပြီ။ ဒီဆိုင်ကဟင်းကောင်းကောင်းရောင်းလို့မရဘူး လက်လုပ်လက်စားတွေ ဝယ်စားတဲ့ ဆိုင်ဆိုတော့ တော်ယုံသင့်ယုံ ဟင်းမျိုးကိုပဲ ချက်ရောင်းမှရောင်းရတာ။ ဘဲဥ၊ကြက်ဥနဲ့ ငါးဆိုလည်းပင်လယ်ငါးလောက်ပဲ တင်နိုင်တာ။ အမဲသား၊ကြက်သားဆိုလည်းအသားကောင်းမဟုတ် အမြစ်လောက်၊ အရွတ်လောက်ပဲရောင်းတာ။ လူတွေက လည်း တခြားဆိုင်တွေထက် ပိုဈေးချိုတော့ သိပ်မကောင်းတဲ့ဟင်းတွေကိုပဲမညီးမညူ ဝယ်စားနေတာပဲ။ ထမင်းနဲ့ဟင်းမှာရင် ဟင်းချိုတစ်ခွက် အလကားပေးသေးတယ်။ ဟင်းချိုကတော့ ဘာဟင်းချိုဆိုတာပြောရခက်တဲ့ ဈေးပေါပေါရတဲ့ ဟင်းသီး၊ ဟင်းရွက်တွေကိုဖြစ်သလိုပြုတ်ထားတော့ ကျဲတဲ့အခါလည်းကျဲတောက်လို့ ပြစ်ချွဲတဲ့ အခါလည်းပြစ်ချွဲလို့။ အင်း ဒါတွေကိုပဲသူနေ့တိုင်းစားဖြစ်နေကျ။

"ဒီနေ့လည်း ခါတိုင်းလိုပဲ ဘဲဥကြော်ပဲလား" ကလေးမလေးက သူ့ကိုလှမ်းမေးလိုက်တယ်။ သူကမနေ့က လခထုတ်ထားတဲ့ အားကိုးနဲ့ "ဟင့်အင်း ကြက်မြစ်နဲ့ပေးပါ"လို့ပြောလိုက်တော့ ကောင်မလေးက အံသြသလို မျက်လုံးဝိုင်းနဲ့ ကြည့်ရင်း ထမင်းပြင်နေတယ်။ ခနနေတော့ သူ့ရှေ့မှာ ထမင်းနဲ့ ဟင်းရယ် ဟင်းချိုပန်းကန်တွေရယ် စီရီလို့။ ပထမဆုံးပါးစပ်ထဲထည့်တဲ့ ထမင်းတလုပ်ဟာ အရသာအရှိဆုံးဆိုတဲ့ သူ့အယူအဆက ဒီနေ့ကျလုံးဝမှန်သွားတယ်။ ဒါတောင် ကြက်မြစ်က သိပ်မနူးချင်လို့ တော်တော် လေးဖိဝါးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် စားလို့တော့ ကောင်းသား ကောင်မလေးက စေတနာပိုပိုနဲ့ ဟင်းဆီများများလေးထည့် ပေးထားသေးတယ် စားနေကျ ဖေါက်သည်မို့ဖြစ်မယ်။ စားရင်းနဲ့နင်လာလို့ ဟင်းချိုသောက်မလို့ လက်လှမ်းလိုက်ချိန်မှာ သူလက်တွေလေထဲမှာ တန့်သွားတယ်။

"ကာလနာလေး…နင်လုပ်လိုက်ရင်..ဒီလိုချည်းပဲ…ဘယ်တော့မှစိတ်မချရဘူး..ပိုက်ဆံဘယ်ကရတယ်ထင်နေ လည်း" "ခွေးမျိုးလေး..@#&!!!!လေး…….မျိုးမစစ်လေး…မသာလေး"

ဟင်းချိုသောက်ဖို့ မပြောနဲ့ခုနကအရသာရှိနေတဲ့ ထမင်းလုပ်တွေတောင် လည်ပင်းမှာတစ်သွားတယ်။ လာပြီ.. ဒီဆိုင်အကြောင်း သူပြောပြဖို့မေ့နေတာတခုရှိတယ် ဒီလိုပဲဈေးရောင်းမကောင်းတဲ့နေ့ဖြစ်ဖြစ်၊ လင်မယားရန် ဖြစ်တဲ့နေ့ဖြစ်ဖြစ်၊ မွန်းကျပ်မှုတွေကိုထွက်ပေါက်ရှာတာပဲဖြစ်ဖြစ် ဆိုင်ရှင်အဒေါ်ကြီးရဲ့ ဖရုသဝါစာ တွေကိုသူ ကြားနေကျ။ ဆိုင်မှာ လူရှင်းနေတော့ အော်ချင်တိုင်းအော်လိုက် ဆဲချင်တိုင်းဆဲလိုက်နဲ့ ထင်တိုင်းကိုကြဲလို့။ လူရှင်းတဲ့အချိန်အမြဲ လာနေကျ သူ့အတွက်တော့ ဒီမရိုးနိုင်တဲ့သံစဉ်နဲ့ ရှောင်လို့မရ။ ဒီလိုပေါက်ကွဲသံစဉ်တွေနဲ့ ထမင်းစားလာတာ ရက်ပေါင်းတောင်တော်တော်ကြာပြီ။

" ထမင်းအိုးလေးကြည့်ထားပါဆိုပြီး စိတ်မချလို့ ရေချိုးရတာတောင် မဖြောင့်ဘူး … ပြန်လာတော့တူးချစ်နေပြီ"
"ပိုက်ဆံကိုဘယ်ကရတယ်ထင်လည်း ဈေးရောင်းမကောင်းလို့ အရင်းတောင် အနိုင်နိုင်လုနေရတာ နင်တို့က အိမ်မှာ စားလိုက်သောက်လိုက်နဲ့ ဘာသောက်သုံးကျလို့တုန်း…" " မိဘကိုကျေးဇူးလေးတော့သိတတ်ဦးမှပေါ့ မောင်တူးရယ်..."

အဒေါ်ကြီးကတော့ မီးကုန်ယမ်းကုန် ကျိန်လည်းကျိန် ဆဲလည်းဆဲနဲ့။ သူဘယ်လို ကလေးတွေကို ပုလုကွေးအရွယ်ထဲက ထိမ်းခဲ့ရတာ အလွန်ပင်ပန်းကြောင်း၊ ဖျားနာရင်ဘယ်လို ပိုက်ဆံကုန်ခဲ့ရကြောင်း။ ရာဇဝင်နဲ့ကို ချီပြီးတော့ မိဘကျေးဇူးအထူးသိဖို့ မြည်တွန်တောက်တီးနေတယ်။ သူ့ရဲ့ ၁၂နှစ်အရွယ်သားကတော့ မျက်ရည်တွေနဲ့ ရှိုက်လို့။ ကလေးကိုရိုက်လည်း ရိုက်ထားပုံပဲ။ ဒီကလေးလေးလည်း တကယ်တော့ အားရတယ်ကို မရှိအောင် အရွယ်နဲ့မလိုက် အမေကိုကူပြီးဟင်းရွက်ချွေပေးလိုက်၊ ဟင်းအိုးကြည့်လိုက်လုပ်ပေးနေတာ သူ့အမြင်ပဲ ဒါပေမဲ့ အဒေါ်ကြီးက ဘယ်တော့မှစိတ်တိုင်းမကျနိုင်။ ဆိုင်မှာထိုင်နေရတဲ့ ကလေးမလေးကလည်း သူ့ဘက်ကိုလှည့် အမဲ ခံရမှာစိုးလို့ သူ့မောင်လေးငိုနေတာကိုပဲ ကွက်ကြည့်ကွက်ကြည့်နဲ့ သွားလည်းမဆွဲရဲဘူး။

"ဟိုကောင်မလည်းဒီလိုပဲ..ကျောင်းထားတော့လည်းစာကောင်းကောင်းမသင်..အိမ်မှာနေတော့လည်း အလှ လေး ပြင်ပြီး လမ်းသလားချင်…လင်မြန်မြန်ရသွားလည်း ကောင်းတယ်ကျွေးရသက်သာတယ်..မိဘကျေးဇူး ဘာဆိုတာ တနေ့ကျ ကောင်းကောင်းသိမယ်…ငါတို့မရှိမှသိမယ်..အဲဒီချိန်ကျမှ အမေဆိုလာမခေါ်နဲ့.."

ကောင်မလေးခင်မျာလည်းမလွတ်ပါဘူး သူ့အမေကြီးက မမေ့မလျော့ လှမ်းတွယ်လိုက်လို့ မျက်နှာလေးကို ပျက်လို့ သူ့ကိုတော့ နေ့တိုင်း အမေကြီး တရားနာနေကျလူမို့ထင်တယ် သိပ်ရှက်မနေတော့။ ဒီတရားကလည်း ခုတလောမှ နေ့တိုင်းစိတ်စိတ်လာသလိုပဲလို့ သူသတိထားမိတယ် ကုန်ဈေးနှုန်းနဲ့လည်း တိုက်ရိုက်ပတ်သက် နေပုံပဲ။ မွန်းကျပ် နေတဲ့ဘ၀တွေကဒီလိုပဲလေ ထွက်ပေါက်ကိုမရရတာနဲ့ရှာတာ။

"မိဘကို စိတ်ဆင်းရဲအောင်လုပ်တဲ့ဟာတွေ….ငါလိုစိတ်မဆင်းရဲရပါစေနဲ့တော်…" ဒီလိုကျိန်လိုက်တာကလည်း အခါခါ။

သူလည်းထမင်းကို မိဘကျေးဇူးတရားနားထောင်ရင်းနဲ့ ဘယ်လိုဝင်သွားမှန်းကို မသိတော့။ နောက်ဆုံးတလုတ် ကို အပြီးသတ်ရင်း ဟင်းချိုကိုလှမ်းခတ်တော့ ဟင်းချိုကအေးနေပြီ။ ကောင်မလေးကို ညစာအတွက်ဟင်းနဲ့ထမင်း ဗူးထဲတည့်ခိုင်းရင်း ပိုက်ဆံဘယ်လောက်လည်းတွက်ခိုင်းရတယ်။ ကောင်မလေးလှမ်းပေးတဲ့ ထမင်းဗူးကို ယူပြီးပြန် ထွက်တော့ ၃နာရီခွဲကျော်ပြီ။ ကားဂိတ်ကို မြန်မြန်ရောက်မှဖြစ်မယ် ရုံးဆင်းချိန်နဲ့တိုးနေရင် ကားတွေ အရမ်းကျပ်မှာစိုးရတယ်။ ဆိုင်ကထွက်ပြီး ခပ်ဝေးဝေးရောက်တော့ ဘာရယ်မဟုတ် ဆိုင်လေးကို ပြန်လှည့် ကြည့်မိတယ်။ ဒီမှာ သူတခု သတိထားမိသွားတယ်။

ဒီဆိုင်မှာ ဆိုင်းဘုတ်တွေဘာတွေ ရှိလိမ့်မယ်လို့ ထင်မထားမိ။ ခုမှသေချာသွားတွေ့တယ် ကြိုးတိုး ကြဲတဲ ဓနိမိုးပေါ်မှာ အရောင်လွင့်ဆေးပြယ် ယိုင်နဲ့နေတဲ့ ဆိုင်းဘုတ်တခု။ စာလုံး တွေက အပြာရောင်အခံပေါ်မှာ အဖြူနဲ့ရေးထားတယ် လေတွေရေတွေဒဏ်ကြောင့် ဆေးကွာပြီးမှုန်ဝါးနေပေမဲ့ ဘာရေးထားတယ် ဆိုတာတော့ ဖတ်လို့ရသေးတယ်။ ဆိုင်းဘုတ်မှာရေးထားတာက "မိဘမေတ္တာ"တဲ့။ ဘာရယ်မဟုတ်ပါဘူး သူအတွေးပေါက်ပြီး တယောက်ထဲပြုံးမိသွားတယ်။ မိဘကျေးဇူးတရားကို ဟောဟောနေတဲ့ အဒေါ်ကြီးရဲ့ဆိုင်နာမည် က မိဘမေတ္တာတဲ့လေ။

စိုးသင့်ဆွေ

အောက်တိုဘာလ ၂၁ရက်၊ ၂၀၀၈
ညနေ ၆း၁၀ မိနစ်။


5 comments:

sin dan lar said...

ကောင်းသော စာတစ်ပုဒ်ပါ..
ကလေးတွေကိုအော်ဟစ်ကြိမ်းမောင်းနေပေမယ့်...အမေတစ်ယောက်
ဖြစ်နေတဲ့အတွက်သူ့ရင်ထဲမှာတော့ မိဘမေတ္တာ ရှိနေမယ်လို့ယုံကြည်ပါတယ်..
စာရေးသူပေးချင်တဲ့ မက်ဆေ့မျိုးမဟုတ်ခဲ့ရင်၊အယူအဆနဲ့မတိုက်ဆိုင်ရင်
ဆောရီးနော်...:)))))

ယောနသံစင်ရော် said...

Commentရေးပေးခဲ့တာအထူးကျေးဇူးတင်ပါတယ်။
ဟုတ်ပါတယ်..မိဘတွေမေ့လျော့နေတဲ့အရာတခုကိုပြောချင်တာပါ။
ကလေးဆိုတာမိဘတွေမွန်းကျပ်မှုရဲ့ထွက်ပေါက်မဟုတ်ပါဘူး။ ကလေးတွေကိုရိုက်နှက်ဆုံးမနေမဲ့အစားနားလည် အောင်ရှင်းပြဆုံးမလည်းရပါတယ်။
ကျွန်မတို့နိုင်ငံမှာကလေးတွေကိုရိုက်နှက်တာချစ်လို့ဆုံးမခြင်းတမျိုးလို့ လူတိုင်း နီးပါးကယူဆထားကြတယ်။
ရိုက်နှက်ခြင်းကြောင့်ကလေးတွေရဲ့စိတ်နာကျင်ခံစားရတာကလွဲလို့တန်ဖိုးရှိတဲ့အကျိုးဆက်ရလာမှာမဟုတ်ပါဘူး။မိမိကိုရိုက်နှက်ရင်လည်းနာကျင်စွာခံစားရသလိုသူတို့လေးတွေမှာလည်းနာကျင်မှုခံစားရပါတယ်။ အသားနာကျင်တာပျောက်နိုင်ပေမဲ့စိတ်လေးတွေနာကျင်သွားရင်တော့အနာဂတ်အတွက်အကျိုးဆက်မကောင်းပါမေတ္တာဆိုတာလူတိုင်းလိုအပ်နေတဲ့ အရာတခုပါ။

နောက်လည်းဝေဖန် အကြံပေးပါဦးရှင့်။

MANORHARY said...

ကျွန်မကတော့ မိဘတစ်ဦးအနေနဲ့ (အဖေပဲဖြစ်ဖြစ်အမေပဲဖြစ်ဖြစ်)
ကလေးဟာ သူတို့ရဲ့ထွက်ပေါက်မဖြစ်သင့်ဘူးလို့ထင်တာပဲ
ကိုယ့်ကြောင့်လူ့လောကထဲမျက်စိသူငယ်နားသူငယ်နဲ့
ရောက်လာတဲ့ကလေးတွေကိုအေးအေးဆေးဆေးရှင်းလင်း
ပြောပြလည်းဒီခေတ်ကလေးတွေကသိလွယ်နားလည်လွယ်
ပါတယ်။

ဒူကဘာ said...

ဒူကဘာတို့ လဲ မိဘ ဆိုတာနဲ့အညီ သားသမီးကို ကြက်မကြီး ကြက်ကလေးတွေကို ဝပ်ပြီးအုပ်ထား သလို ချစ်ခင်ပေမဲ့ ဆုံးမစရာကိုတော့ အကောင်းဆုံး ချိုသာစွာ ပြောဆို ရှင်းပြလေ့ရှိပါတယ်။

P.Ti said...

အမရေးထားတာလေးတွေက တော်တော်ဖတ်လို့ကောင်းပါပဲ... တကယ့်ကို ၀ါရင့်ဆရာမကြီးတစ်ယောက်လိုပဲ.. ဟဲဟဲ..

ကိုလူလပြောသလိုပဲ မထင်ရဘူးနော်...

ကလေးတွေကိုရိုက်တာကိုတော့ မကြိုက်ဘူး... ရိုက်လို့ဘယ်တော့မှ ပိုလိမ္မာမလာဘူးနော်.. ငယ်ငယ်တုန်းကလည်း အရိုက်မခံခဲ့ရဘူး... မိဘတွေကိုကျေးဇူးတင်ရမယ်..