Tuesday, February 10, 2009

အာရောဂျံ ပရမ္မံလာဘံ



အာရောဂျံ ပရမ္မံလာဘံတဲ့ .. ဒီလိုစရေးလိုက်လို့ ကျန်းမာရေးအတော်လိုက်စားတယ်လို့တော့ မထင်စေချင်ပါဘူး။ ခုတလောမှာ အိမ်ရှိလူကုန် တရှောင်ရှောင်ဖြစ်နေတော့ .. အာရောဂျံ ပရမ္မံလာဘံ ဆိုတဲ့ ကျန်းမာခြင်းသည် လာဘ်ကြီးတပါး ဆိုတဲ့ စကားလုံးလေး ခေါင်းထဲကို အလိုလိုဝင်လာတယ်။ အော် .. လူဆိုတာ ကျန်းမာတော့မှပဲ စိတ်သွားတိုင်းကိုယ်ပါနိုင်တော့တာပါလား။

လူမှာအဓိက က ကျန်းမာရေးပဲ.. ဒါကြောင့်လည်း လူကြီးမိဘတွေနဲ့စကားပြောတဲ့အခါမယ် ကျန်းမာရေးဂရုစိုက် ဆိုတာကို အမြဲတစေမှာတတ်ကြတာကိုး။ မြန်မာ့ယဉ်ကျေးမှုအရ လူအခြင်းခြင်း ပဋိသန္ဓာရစကားဆိုနှုတ်ဆက် ရင်တောင် နေကောင်းတယ်နော်၊ ကျန်းမာရဲ့မဟုတ်လားတို့ နဲ့ အစချီပြီးတော့နှုတ်ဆက်ကြတာမဟုတ်လား။ အင်္ဂလိပ်တွေလို ကောင်းသောနေ့၊ ကောင်းသောညလို့ နှုတ်ဆက်တဲ့အလေ့အထသိပ်မရှိကြဘူး။ မြန်မာတွေ ကျန်းမာရေးကို အတော်အလေးထားတာသိသာတယ်။ ဟုတ်တယ်လေ .. လူကျန်းမာမှ ကျန်တဲ့ စီးပွားရှာတာ၊ ပညာရေး၊ လူမူရေး အားလုံး အစဉ်ပြေချောမွေ့နိုင်တော့မှာကိုး။

ကျန်းမာရေးလိုက်စားလားလို့မေးရင် သိပ်မလိုက်စားဖြစ်ခဲ့ဘူးလို့လည်းပြောမရသလို၊ အမြဲတမ်းပုံမှန် လေ့ကျင့် ခန်းလုပ်နေတဲ့သူတယောက်လည်းမဟုတ်ပြန်ပါဘူး။ ဘယ်အားကစားကို အကြိုက်ဆုံးလည်းဆိုရင် တင်းနစ် လို့ ဖြေလိုက်ပေမဲ့ တင်းနစ်ကိုထဲထဲဝင်ဝင်ရိုက်ဖူးတဲ့သူဖြစ်မနေပြန်ဘူး။ ဘယ်အားကစားတွေလုပ်ဖူး ခဲ့တုန်းဆိုတဲ့ မေးခွန်းကိုလည်းဖြေဖို့ဆိုရင်တော့ မစို့မပို့လေးရေကူးဖူးတယ်၊ ငါးလလောက်တောက်လျှောက် အေရိုးဘစ် ကစားတယ်၊ နောက်နှစ်တော်တော်ကြာတော့ အမျိုးသားရေကူးကန်မှာဖွင့်တဲ့ အားကစားရုံမှာမနက်ဆိုသွား ကစား တာတွေကိုပဲ လေသံပျော့ပျော့လေးနဲ့ပြောနိုင်မှာပါ။

အဲ..ရဲရဲတင်းတင်းပြောနိုင်တာဆိုလို့ လမ်းလျှောက်တာပါပဲ။ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကိုများ အရေးတယူ ပြောရတယ်လို့ စိတ်တော့မစောသွားကြပါနဲ့ဦး။ အထက်ကလေသံပျော့လေးနဲ့ပြောပြခဲ့တဲ့ လေ့ကျင့်ခန်းတွေက သူငယ်ချင်းတွေ အဆွယ်ကောင်းလို့သော်လည်းကောင်း၊ ကိုယ့်ကိုကိုယ်လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီဆိုတဲ့ စိတ်ကြောင့်သော်လည်းကောင်း ပိုက်ဆံတွေ အကုန်ခံပြီးသွားလုပ်ခဲ့ပေမဲ့။ တကယ်တမ်းတော့ သူငယ်ချင်းတွေနဲ့ သင်တန်းအပြီး ဟိုဒီလျှောက်သွားလမ်းသလားခဲ့တာတွေကြောင့် ထိထိရောက်ရောက်ဘာမှ သေချာမလုပ်ဖြစ်ခဲ့ ဘူး။ လမ်းလျှောက်တာတမျိုးကိုပဲ ထိထိရောက်ရောက်သေသေချာချာ လုပ်နိုင်ခဲ့တာပါ။

နောက်ပြီးပြောရမှာလည်း အားရပါးရရှိတယ် လမ်းလျှောက်တယ်ဆိုတာ ကိုယ့်အိမ်ခြံဝန်းလေးတင်လျှောက် ခဲ့တာ မဟုတ်ပါဘူး။ ကန်တော်ကြီးကို နေ့တိုင်းတပတ်လမ်းပတ်လျှောက်ခဲ့တာပါ။ ပထမတော့ ဖိုးစိန်လမ်းထိပ် ကနေ ဗိုလ်ချုပ်ကြေးရုပ်နားထိပဲလျှောက်တာပါ။ နောက်တော့နေ့တိုင်း ဒီလောက်လေးလျှောက်ရတာ ချွေး တောင်မစို့တာ နဲ့ တနေ့ နည်းနည်းပိုပိုလျှောက်ရင်းနဲ့ ကန်တော်ကြီးတပတ်ဖြစ်သွားတယ်။ လမ်းလျှောက်လို့ မောပြီးချွေးစို့လာတော့ကန်တော်ကြီးရဲ့ ရေပြင်ကိုဖြတ်တိုက်လာတဲ့လေညှင်းလေးကိုရှုလိုက်ရင် အမောကိုပြေ လို့။

မနက်တိုင်း ၅နာရီ အိပ်ရာထ ကန်တော်ကြီးတပတ်လမ်းလျှောက် ၆နာရီ၁၅မိနစ်လောက်ဆို အိမ်ပြန်ရောက် နံနက်စာစား ပြီးတော့ရုံးသွား။ အဲတုန်းကဆိုရင် အဖျားအနာဖြစ်ခဲတယ် ကြီးကောင်ဝင်ထဲက ခံစားရတဲ့ ခေါင်းတခြမ်းကိုက်တတ်တဲ့ရောဂါလည်းပေါ်မလာတော့ဘူး၊ နောက်ကြောတက်တာလည်းမဖြစ်တော့၊ ဘာစား စားဝလာတယ်မရှိလို့ အကြိုက်ကိုတွေ့လို့ပေါ့။ ဒီလိုလမ်းလျှောက်တာကြာလာတော့ လမ်းလျှောက် ရတာကို သဘောကျလာတော့တယ်။ ရုံးကအပြန်ဘစ်ကားတွေသိပ်ကျပ်တဲ့နေ့တွေဆို မြို့ထဲပန်းဆိုးတန်း ကနေ အိမ်ရှိတဲ့ ကန်တော်ကြီးနား အထိကို လမ်းလျှောက်ပြန်ခဲ့ဖူးတာ အကြိမ်ပေါင်း မရေနိုင်ဘူး။

ရန်ကုန်ကနေခွာခဲ့ပြီးတဲ့နောက်ပိုင်းမှာ စားဝတ်နေရေးပင်လယ်ထဲစီးမျောနေလိုက်တာ ဘာလေ့ကျင့်ခန်းမှ မလုပ် ဖြစ်တော့။ တနေ့တနေ့ အလုပ်ကိုအပြေးအလွှားသွား အလုပ်မှာဦးနှောက်ကို အရည်ပါညှစ်ထုတ် လိုက်ရသလို လုပ်ခဲ့ရလို့ အိမ်ပြန်ရောက်တော့ မောပန်းပြီး ခြေလက်တောင်မသယ်ချင်တဲ့ ဘဝထဲမှာ ပျော်ပျော်ပါးပါး နေလာလိုက်တာ ဆယ်စုနှစ်တစုနီးပါးရှိလာခဲ့ပြီ။ သမီးမွေးပြီးရင် လမ်းလျှောက်မယ်ဆိုတဲ့အကြံနဲ့ ဝယ်ထားတဲ့ ဖိနပ်နဲ့ အင်္ကျီတွေဟာလည်း ယောင်္ကျားကသတိရတိုင်း စနောက်စရာတခုလိုဖြစ်လို့။ (ခုတောင် စာ ရေးရင်းဖိနပ်လေးကို လှမ်းကြည့်လိုက်မိသေးတယ်)

သူစလည်း စချင်စရာပါပဲ လေ့ကျင့်ခန်းလုပ်ဖို့မပြောနဲ့ တနေ့နေလို့ အိမ်ပေါ်က အိမ်အောက်ကိုမဆင်းမိတဲ့ ရက်တွေပဲများလာတယ်။ နိစ္စဓူဝ သမီးကိစ္စလုပ်ကိုင်ပေးနေရင်းနဲ့ နေကုန်လို့ကုန်မှန်းမသိဖြစ်လာတယ်။ ဒီကြား ထဲမှာ ပြီးခဲ့တဲ့နှစ်လလုံး အိမ်ရှိလူကုန် တရှောင်ရှောင်ဖြစ်ကြတော့ ဒီ ကျန်းမာရေး နဲ့ လေ့ကျင့်ခန်းဆိုတဲ့ စာလုံးကြီးကို တွဲတွဲပြီး မျက်စိထဲမြင်ယောင်ယောင်လာတယ်။ အရင်တုန်းကများ လေ့ကျင့်ခန်းမှန်မှန်လေးလုပ် နေတော့ ခန္ဓာကိုယ်ကြီးက ပုံမှန်လည်ပတ်မျှတနေတယ်။ ခုတော့ နည်းနည်းလေးဆို ခေါင်းကိုက်ရတာနဲ့ ဗိုက်အောင့်တဲ့ရောဂါလည်းပြန်ဖြစ်လာပြန်တယ်။(အမအိမ်လွမ်းသူ ဆီမှာဓာတ်စာသွားတောင်းရသေးတယ် - ကျေးဇူးတင်တယ်အမရေ..)

လူကနေမကောင်းမှတော့ စိတ်လည်းမကြည်လင်။ ဘာလုပ်လုပ် ဘာပြောပြော စိတ်ကမရှည်ချင်။ မျက်နှာ ကဘယ်လောက်တောင် သုန်မှုန်နေလည်းဆိုရင် ဈေးဆိုင်သွားတာတောင်မှ ဆိုင်ကလူတွေက နေမကောင်းဘူး လားလို့ မေးယူရတဲ့ အထိပါပဲ… ။ အော် .. အာရောဂျံ ပရမ္မံလာဘံ ဆိုတာမှန်လိုက်တာနော်။

ဘာပဲဖြစ်ဖြစ် ရှိတဲ့အချိန်တွေထဲကဖဲ့ပြီး လေ့ကျင့်ခန်းလေး ပုံမှန်ပြန်လုပ်နိုင်အောင်တော့ ကြိုးစားရပေဦးမည်။ ဘာလို့လည်းဆိုတော့ .. ဒီအတိုင်းသာ လေ့ကျင့်ခန်းမလုပ်ဘာမလုပ်နဲ့ ဆက်သွားနေရင် .. သက်တော် ၁၂၀ ရှည်စေသောဝ် ဆိုတဲ့ ရက်ချူပ်ဇာတာပေါ်က ဆုတောင်းလေးကို ဖြည့်ဆည်းနိုင်ခွင့်မရလိုက်မှာကို စိုးရိမ်လွန်းလှ ပါသည်။





စိုးသင့်ဆွေ
ဖေဖော်ဝါရီလ ၁၀၊ ၂၀၀၉
နံနက် ၁၂း၁၂ မိနစ်

(Photo Credit to http://www.sxc.hu/profile/glumus)

6 comments:

လူလ said...

မင်္ဂလာပါ မမယော

လာဖတ်သွား၏။
အာရောဂျံ ပရမ္မံလာဘ တဲ့လား ဟုတ်ပ မှန်ပ လို ထောက်ခံလိုက်ပါရစေ..
ခေါင်းတခြမ်းကိုက်တယ်။ အဲဒါ ကွန်ပြူတာ ဗိုင်းရပ်က လူကို ကူးတာလေ ..း)

ဟုတ်သားပဲ လမ်းလျှောက် ထွက်လိုက်ဦးမယ် ဟဲဟဲ..
Dont worry !!! be happy !!!( သံစဉ်လေးကို လေချွန်ပြီး လမ်းလျှောက် )

ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုအောင်(ပျူနိုင်ငံ) said...

နှင်းတွေ မကျတော့ဘူးဆိုရင် လမ်းလျှောက်ရတာ
ပိုပြီး ကောင်းမှာပါ အမရေ။

ဒေါင်းမင်း said...

ကျမ်းမာခြင်းသည်လဒ်တစ်ပါးပဲ...လမ်းလျှောက်မယ်

ဆောင်းယွန်းလ said...

သြော် ညီမစိုးသင့်ဆွေတစ်ယောက် ဒါကြောင့်ပို့စ်အသစ်
တွေမတင်နိုင်ပဲ ငြိမ်နေတာကိုး...
ကျန်းမာရေးအတွက် ဘာပဲဖြစ်ဖြစ် တခုခုတော့လုပ်နိုင်
အောင်ကြိုးစားပါ..
အကိုဆို လမ်းလျှောက်လိုက် ပြေးလိုက် ဘောလုံးကန်
လိုက် ကြက်တောင်ရိုက်လိုက်နဲ့ နေ့တိုင်းအားရတယ်ကို
မရှိပါဘူး..စိတ်ကူးထဲမှာ...
ကျန်းမာရေးကိုဂရူစိုက်ပါ ညီမရေ..

ရွှင်လန်းချမ်းမြေ့နိုင်ပါစေ...

April said...

စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့
တင်းတောင်.. တင်းတောင်.. တင်းတောင်..

ပျော်ရွှင်ပါစေ..
မိုးနေ

Zephyr said...

ကျန်းမာရေးကို ဂရုစိုက်တာကောင်းပါတယ် ...။
လမ်းလျှောက်တာက အကောင်းဆုံးလေ့ကျင့်ခန်းပဲလို့ဖတ်ဖူးတယ် ...။
ကိုယ်က စာပို့သမား အလုပ်လုပ်တာမဟုတ်သရွေ့ ဒီ အဆိုက မှန်နေဦးမှာပါ .. :)

ယောနသံစင်ရော်ဆိုတော့ ချန်းအဘိုးအိုနဲ့ ပြန်တွေ့သေးလားလို့မေးချင်လို့ comment ၀င်ရေးလိုက်တာ ... :)

Z