Friday, February 27, 2009

အသိမဲ့ရစ်နှောင်တွယ် (ဇာတ်သိမ်း)

Photo Credit to Daniel Marinho
(၆)

တနေ့ ကင်တင်းမှာထိုင်နေတုန်း နင့်သူငယ်ချင်းနဲ့ပေးလိုက်တဲ့ ပန်းချီပြခန်းဖွင့်ပွဲဖိတ်စာလေး ငါ့လက်ထဲရောက် လာတယ်။ ဖိတ်စာပေါ်က ငါ့နာမည်ရေးထားတဲ့ နင့်လက်ရေးလှလှကို ခဏလေးငေးမိရင်း နင့်ကိုအရမ်း သတိရသွားတယ်။ အထဲမှာ နင် ကြိုက်တဲ့ ကဗျာအပိုင်းစလေး နဲ့ ရေးထားတဲ့ စာလေးကို သဘောကျလွန်းလို့ ခုထိ အဲ့ဒီဖိတ်စာလေးကို သိမ်းထားသေးတယ်။

" ခင်မင်ရသော မွန်း…

တကယ်ဆိုတစင်းလာရေး
ရင်ခုန်သံတွေ စတေးလိုက်ရတာ
တမာရွက်တွေတောင် ပင်လယ်ဖြစ်။
(လင်းနွေးအိမ်-ကန္တာရဘူတာရုံ)

အိပ်မက်တစင်းအတွက်ရင်းလိုက်တဲ့ ရင်ခုန်သံတွေနားထောင်ဖို့ အရောက်လာစေချင်တယ်။

ကောင်းထက်"


အိပ်မက်တွေတစင်းမက နင်မက်ခဲ့စဉ်တုန်းက အနားမှာအားပေးဖော်ဖြစ်တဲ့ ငါက .. ဒီလိုစာလေး မရခဲ့လည်း နင့် အောင်မြင်မှုတွေကို ဂုဏ်ပြုဖို့အတွက် အရောက်လာခဲ့မှာပါသူငယ်ချင်းရယ်။

နှစ်ထပ်တိုက်လေးရဲ့အောက်ထပ်မှာဖွင့်ထားတဲ့ ပြခန်းလေးရဲ့ အရောင်အပြင်အဆင်တွေကိုကြည့်တာနဲ့ နင်ပဲ စိတ်ကြိုက်မွန်းမံထားတယ်ဆိုတာ ငါသိတယ်။ နံရံမှာလည်း နင့်ရင်ခုန်သံ ပန်းချီကားတွေပဲ အများဆုံး ချိတ်ဆွဲ ထားတယ်။ ဒီတခါတော့ ကောင်မလေးက ဘေးမှာကြွေရုပ်လေးတရုပ်လိုလှလှလေးရပ်ရင်း လာသမျှ လူတွေကို ဧည့်ခံနေတယ်ဲ။ နားလည်မှုတွေတော်တော်လေးရနေပြီပဲလို့ အတွေးမဆုံးခင်မှာ ကောင်မလေး အဖေက ဒီပြခန်းကို ငွေစိုက်ထုတ်ပြီးဖွင့်ပေးခဲ့တယ်၊ နင့်ကိုလည်း အပေါ်ထပ်မှာ ပန်းချီဆွဲဖို့ စတူရီယိုပါဆောက်ပေးထား တယ်ဆိုတဲ့ အကြောင်းတွေကို နင့်သူငယ်ချင်းတယောက်က လက်တို့ပြောသွားလေရဲ့။ နင် ဒီလောက်ထိတောင် စည်းရုံးရေးကောင်းပါ့မလားလို့ ငါကတော့ ဇဝေဇဝါတွေးနေမိတယ်။

ငါ့ကိုတွေ့တော့ ပြာပြာသလဲအနားရောက်လာတဲ့ နင် က သပ်သပ်ရပ်ရပ်နဲ့ အရင်ကလို ပိုသီပတ်သီ မဟုတ်တော့ပြီ နောက်ပြီး လွယ်နေကြ လွယ်အိတ်ကြီးလည်း နံဘေးမှာရှိမနေတော့။ ဒီလိုဆိုတော့ ငါ့ ရဲ့နင်က နင်မမည်တော့တဲ့ တစိမ်းတယောက်ဖြစ်နေတယ်။ ဝမ်းနည်းမှုနဲ့ နှမြောမှုပါ ပေါင်းပြီး ငါ့မျက်ဝန်းတွေ ဝေသီလာတယ်။

ဟန်ဆောင်ထိမ်းထားရတာ ပင်ပန်းလွန်းတော့ ပြန်တော့မယ်လို့ နင့်ကို သွားနှုတ်ဆက်တဲ့အခါ ပန်းချီကား တွေ စုံအောင်ကြည့်ပြီးရဲ့လားလို့ ငါ ညာတော့မှာကို သိသိကြီးနဲ့ နင်မေးသေးတယ်။ နောက်တော့ အလိုက်တသိနဲ့ ပြခန်းအပေါက်ဝ အထိ ဘာစကားမှမဆိုပဲလိုက်ပို့ပေးခဲ့တယ်။ ကျောခိုင်းထွက်ခဲ့တော့ ငါ့စိတ်ထဲမှာ ဆန့်ကျင် ဘက် အရပ်ဆီကို အပြီးအပိုင်ထွက်ခွာခဲ့သူလိုခံစားမိတယ်။ ပြန်လှည့်ကြည့်မိသူ ရှုံးစတမ်းဆိုရင် တောင် အရှုံးကို ငါကျေကျေနပ်နပ်ခံယူလိုက်ချင်ပါတယ်။

(၇)

ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲဝင်နေပြီဖြစ်တဲ့ ငါ ဟာ မေ့ပျောက်သွားတာ မဟုတ်ပေမဲ့ အရင်လိုတော့ အမြဲ လွမ်းမနေနိုင်တော့ဘူး။ လုပ်ငန်းခွင်ထဲက သူငယ်ချင်းအသစ်တွေနဲ့ ဘဝကို ဖြတ်သန်းနေလိုက်တာ သက္ကရာဇ်အသစ်တခု နံရံပေါ်လာချိတ်ဆွဲသည်အထိပဲ။ တနေ့တော့ ငါတို့ရုံးကလူတွေ ပုဂံကိုစုပြီးဘုရားဖူး ထွက် ကြမယ်တဲ့။ ရုံးက အမကြီး ကိုခေါ်ပြီး ကားဌားဖို့ကိစ္စအတွက် မြို့ထဲကိုရောက်တော့ နင်ထိုင်တတ်တဲ့ လက်ဖက် ရည်ဆိုင်ဘက်ကို ရောက်အောင်သွားခဲ့တယ်။

အကြောင်းမသိတဲ့ အမကြီးကတော့ ကားဌားတဲ့ကုမ္ပဏီဘေးမှာ လက်ဖက်ရည်ဆိုင်ရှိတာကို မသောက်ပဲ နှစ်လမ်းကျော်က လက်ဖက်ရည်ဆိုင်ခန်းကျဉ်းလေးကိုခေါ်လာတဲ့ ငါ့ကို နည်းနည်းတော့မကြည်ဘူး။ ငါက ကိုယ့်အကြံနဲ့ ကိုယ်လေ…နင့်ကိုတွေ့ရင် ရုံးကိစ္စနဲ့လာတယ်ပေါ့။ သက်သေက ဟိုအမကြီးကို ထိုးပြလိုက်ရုံပဲ။ ဒါပေမဲ့ တွေ့ချင်တဲ့သူကို မတွေ့ပဲ နင့်သူငယ်ချင်းတယောက်ကိုပဲတွေ့ခဲ့ရတယ်။ သူပြောပြလို့ သိလိုက်ရတဲ့ နင့် အကြောင်းတွေက နားထောင်ကောင်းတာတခုမှမပါဘူး။

အနုပညာကို စက်ရုံထုတ်ပစ္စည်းတခုလိုထုတ်လုပ်စေချင်တဲ့ ကောင်မလေးရဲ့ အသိုင်းအဝိုင်းနဲ့ နင် သဟဇာတ မဖြစ်ဘူးတဲ့၊ ပြခန်းမှာ ပန်းချီကားတချပ် ရောင်းရင်ပေးရတဲ့ ကော်မရှင်က တခြားပြခန်းတွေထက်ပိုများနေတာနဲ့ ပတ်သက်ပြီး ကောင်မလေးအဖေနဲ့ ပြဿနာဖြစ်တယ်ဆိုတာရယ်၊ နင့်မျက်နှာနဲ့ပန်းချီကားလာတင်တဲ့ ပန်းချီ ဆရာတွေအပေါ် ယောက္ခမလောင်းကြီးရဲ့ စီးပွားရေးဆန်လှတဲ့အပြောတွေကြောင့် နင်မျက်နှာပျက်ရတာ တွေ။ ဘယ်သူ နဲ့မှ သိပ်အဆက်အဆံ မရှိတော့ပဲ အခုအရင် အိမ်ဟောင်းလေးမှာ ပဲပြန်နေရင်း အရက်တွေချည်း ဖိသောက်တယ် ဆိုတဲ့ အကြောင်းတွေကု စိတ်မသက်မသာ ကြားခဲ့ရတယ်။

ရုံးနဲ့ ခရီးထွက်ဖို့ပြင်ဆင်ပြီးဖြစ်နေတာနဲ့ နင့်ဆီကို ငါ မရောက်ခဲ့နိုင်ဘူး။ ပုဂံမှာနေခဲ့ရတဲ့ ၁၀ ရက်အတွင်းမှာ စိတ်ကနင့်ဆီပဲရောက်နေတယ်။ ပုဂံကပြန်ရောက်တော့လည်း ငါတို့ဌာနရဲ့ အလုပ်အရှုပ်ဆုံး လကုန်ရက် ဖြစ်နေတာမို့ နင့်ဆီကို မရောက်ဖြစ်ခဲ့ပြန်ဘူး။ ဒီလို နင့်အတွက်အချိန်မပေးနိုင်ခဲ့ခြင်းဟာ ငါ့ဘဝမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ပြန်တွေးမိတိုင်း အနားမှာမနေပေးခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ချင်တယ် သူငယ်ချင်းရယ်။

နက်ဖြန် နင့်ဆီသွားမယ်လို့ စီစဉ်ထားတဲ့ညက အိပ်လို့မပျော်ခဲ့ဘူး။ တွေ့စတုန်းက အကြောင်းတွေကို ပြန်တွေးပြီး တယောက်ထဲ ပြုံးမိတယ် နောက် နင်လက်ဆောင်ပေးခဲ့တဲ့ပန်းချီကားလေးရှိရာ နံရံဘက်ကိုလည်း အမှောင် ထဲမှာခဏခဏကြည့်မိတယ်.။ ငါ့ရင်နဲ့ ရင်းပြီးရေးခဲ့ရတဲ့ လွမ်းချင်းကဗျာရှည်တပုဒ်ကို နင့်ရှေ့မှာခြေစုံရပ် ဟစ်ကြွေးပြဖို့ အရောက်လာခဲ့မယ်…. စောင့်နေတော့ သူငယ်ချင်းရေ။


(၈)

အဲ့ဒီနေ့ မနက်က မိုးတွေစွေနေတယ်။ ညထဲက ရွာထားတဲ့မိုးဟာ မနက်အထိ တဖျောက်ဖျောက်နဲ့ ရွာလို့ကောင်း တုန်းပဲ။ အိမ်ကအထွက်မှာ ကားဘီးလေလျော့နေလို့ လမ်းထိပ်မှာလေဝင်ထိုးရတာ မိနစ်ပိုင်းလေးပေမဲ့ စိတ်စော နေတဲ့ငါ့အတွက်တော့ နာရီဝက်လောက်နောက်ကျနေပြီထင်မိတယ်။ မိုးရွာနေလို့ ကားကိုထိန်းမောင်းနေရတာ ကိုလည်း ငါက စိတ်မရှည်ချင်ဘူး။ နင့် အိမ်ရှေ့ကိုရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်။

အိမ်လေးက အရင်တုန်းကအတိုင်းပဲ မပြုမပြင်ယိုင်နဲ့နဲ့ ဖွင့်ထားတဲ့ပြူတင်းပေါက်က ခန်းဆီးစတွေလေနဲ့အတူ လွင့်နေတာတွေ့တော့ အိမ်ထဲမှာ နင်ရှိနေတယ်ဆိုတာသေချာသွားတယ်။ ခြံတံခါးကို တွန်းဖွင့်ပြီး လမ်းလျှောက်ဖို့ ခင်းထား တဲ့ အုတ်နီခဲလေးတွေပေါ်ခြေချမိတော့ Don McLean's ရဲ့ Starry Starry Night သီချင်းကို သဲ့သဲ့ကြား ရတယ်။ နင် ပန်းချီဆွဲနေတာထင်တယ်။ အိမ်ရှေ့ကပြင်ကိုရောက်တော့ အိမ်ထဲကိုတန်းမဝင်ချင်တာနဲ့ နင့်ကိုအော် ခေါ်လိုက်တယ်။ ဘာမှပြန်ထူးသံမကြားတော့ အိမ်ထဲကိုဝင်လာခဲ့မိတယ်။

နင် ပန်းချီဆွဲနေကြအိမ်နောက်ဖက် အခန်းရှေ့ကိုငါရောက်တော့ ထိုင်ခုံမှာကျောခိုင်းထိုင်နေတဲ့ နင့်ကိုတွေ့တယ် ရှေ့မှာလည်း ဆွဲလက်စပန်းချီကားတချပ်။ ပန်းချီကားရယ်…. နင်ရယ်….. ပြူတင်းပေါက်ကလွင့်နေတဲ့ ခန်းဆီးစရယ်… သီချင်းသံရယ်….. ရုတ်တရက်တစုံတခုကို ငါသတိထားလိုက်မိတယ်။ နင့်လက်တွေက ထိုင်ခုံလက်ယမ်းဘေးမှာ တွဲလောင်းကျနေတယ်။ တကိုယ်လုံးသိမ့်ကနဲတုန်ခါသွားလောက်အောင် ငါ့နှလုံးသား ဖျတ်ခန ခုန်လိုက်တာများ လည်ပင်း ကနေတောင်ခုန်ထွက်သွားတော့မတတ်။

ထိုင်ခုံရှိရာကို ငါတဟုန်ထိုးပြေးသွားမိတယ် စုတ်တံတွေတင်တဲ့စားပွဲလေးကို ဝင်တိုက်မိလို့ စုတ်တံတွေ ကြမ်းပေါ် ပြန့်ကျဲကုန်တယ်။ ငါဘာကိုမှ ဂရုမထားမိတော့ဘူး နင့်မျက်လုံးတဖက်တလေများ ပွင့်လာလေမလားလို့ နာမည်ကိုသာ ပလုံးပထွေးခေါ်နေမိတယ်။ နောက်တောမှ့ ဘေးအိမ်ကို လှမ်းအကူအညီတောင်းဖို့ ငါသတိဝင် လာတယ်။

လမ်းထဲမှာရှိတဲ့ဆရာဝန် အိမ်ပေါ်ရောက်လာတော့ နင့်ကိုစမ်းသပ်ပြီး အသက်မရှိတော့ဘူးလို့ မှတ်ချက် ချလိုက်တယ်။ မဟုတ်ဘူး ….. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး ဆေးရုံသွားမယ်ဆိုပြီး ငါက အကြောက်အကန် ငြင်းနေတော့ ပညာကိုစော်ကားခံရတယ်လို့ယူဆတဲ့ ဆရာဝန်က ကလေးမ သူအသက်ရှုတာကို ဘယ်အချိန် က နောက်ဆုံး မြင်လိုက်လဲလို့ ငါ့ကိုပြန် မေးခွန်းထုတ်လေရဲ့။

နင့်ကို ငါပွေ့ထားချိန်မှာ အသက်ငွေ့ငွေ့ရှု နေသေးလားဆိုတာ တကယ်တော့ ငါလည်းသိပ်သေချာမနေခဲ့ဘူး။ ဘာလို့လည်း ဆိုတော့ နင့်ခန္ဓာကိုယ်ဟာ ငါကောက်ပွေ့လိုက်ချိန်မှာ သက်ပြင်းတချက်ရှိုက်ရင်း ငြိမ်သက်သွားခဲ့ တာသတိထားမိရက်နဲ့ ငါကိုယ့်ကိုကိုယ် ညာမိတာပါ။ ငါလှမ်းအကြောင်းကြားလို့ နင့်သူငယ်ချင်း တချို့ရောက် လာ တယ်။ ငါကတော့ ထောင့်တထောင့်မှာ ထိုင်ပြီး လက်ပေါ်ပွေ့လိုက်တုန်းက နင့်ကိုယ်ငွေ့နွေးကို ပြန်သတိရမိ တော့…… နင် ငါ့ကို စောင့်နေတာ
များလား….။

တွေ့ရင်ပြောမယ်လို့ စဉ်းစားခဲ့တဲ့ ငါ့စကားတွေ အားလုံး ဒီမိုးဒီလေထဲမှာ ပျောက်ကွယ်သွားရတော့မှာလား။ နင့်ရုပ်ကလပ်ကို ရေခဲတိုက်က ကားလာသယ်တော့ မိုးတွေကသည်းသည်းရွာနေခဲ့တယ်။ ကားထွက်သွားတော့ အိမ်ရှေ့ကပြင်မှာ ငါတယောက်ထည်းထိုင်နေရင်း ရှေ့ကိုငေးမိတော့ အုတ်လှေကားလေးပေါ်မှာ ချွတ်ထားတဲ့ ပိုင်ရှင်မဲ့ကတ္တီပါဖိနပ် အမည်းလေးကို သတိထားမိလိုက်တယ်။

ဒီဖိနပ်လေးရဲ့ပိုင်ရှင်ကတော့ ခရီးရှည်တခုထပ်ထွက်ခွာဖို့ ကမ္ဘာမြေကို နှုတ်မဆက်ပဲတိတ်တဆိတ်ထွက်သွားခဲ့ပြီ ။ သူဟာ အောင်မြင်မှုတွေကို စက်ဆုတ်သွားခြင်းလား၊ လှည့်စားတတ်တဲ့အချစ်ကို စိတ်ကုန်သွားခြင်းလား၊ ဒါမှ မဟုတ်အသိမဲ့ရစ်နှောင်တွယ်မိသူတဦးအပေါ် တသက်တာတမ်းတကာနေစေတော့ရယ်လို့ အလွမ်းခြေရာ ချန်ထားခဲ့ခြင်းလေလားဆိုတဲ့ အဖြေသူမဲ့မေးခွန်းများသာ ရင်ထဲမှာ…အကြိမ်ပေါင်းများစွာမေးနေမိတော့တယ်။


စိုးသင့်ဆွေ
ဖေဖော်ဝါရီလ ၂၇၊ ၂၀၀၀၉
နံနက် ၁း၅၅ မိနစ်

14 comments:

ဆောင်းယွန်းလ said...

အရေးအသားကတော့ ပြောစရာမလိုအောင်ကိုကောင်းနေတာပါ ညီမရေ...

အဖြစ်နိုင်ဆုံးကတော့ .....အသိမဲ့ရစ်နှောင်တွယ်မိသူတဦးအပေါ် တသက်တာတမ်းတကာနေစေတော့ရယ်လို့ အလွမ်းခြေရာ ချန်ထားခဲ့ခြင်းပဲ ဖြစ်မယ်..
ဒီလိုပဲထင်ပါတယ်...

MANORHARY said...

ဖတ်ပြီး မျက်ရည်ဝဲသွားတယ်
စာရေးကောင်းတာကိုး...
ဇာတ်မသိမ်းတော့လည်းမသိမ်းလို့
သိမ်းတော့လည်း ..စိတ်ထဲတစ်မျိုး
လူတွေများနော်..း)

ပုံရိပ် / Pon Yate said...

အရေးအသား အလွန်ကောင်းပါတယ် မယော။ ဖိနပ်လေးနဲ့ စတဲ့ ဇာတ်လမ်းဟာ ဖိနပ်လေးနဲ့ပဲ ဆုံးခဲ့တာပဲ။ ဖတ်ပြီးတော့ ခေါင်းစဉ်လေးရဲ့ အဓိပ္ပာယ်ကိုလည်း လေးလေးနက်နက် ခံစားသွားပါတယ်။

ဒေါင်းမင်း said...

အရေားကောင်းတယ်စွဲဆောင်မှုရှိတယ်။
တကယ်ဆိုတစင်းလာရေး
ရင်ခုန်သံတွေ စတေးလိုက်ရတာ
တမာရွက်တွေတောင် ပင်လယ်ဖြစ်။
(လင်းနွေးအိမ်-ကန္တာရဘူတာရုံ)
.........
အ၇မ်းကြိုက်တယ်

Moe Cho Thinn said...

တခါတည်း အပြီးဖတ်ချင်လို့ ဇာတ်သိမ်းဆိုမှ ပြေးလာခဲ့တာ ညီမရေ။ အရေးအသားကောင်းပုံများတော့ ပြောစရာမရှိ။ ကိုဆောင်းပြောသလို အလွမ်းခြေရာ ထားခဲ့ပုံကလဲ စိတ်ထိခိုက်စရာ။
ဖိတ်စာက ကဗျာဆရာကိုလဲ ပြောပါ့။ သတိရလျက်ပါ လို့။

ကိုအောင် said...

ဇာတ်လမ်းနဲ့ အမ အရေးအသားက အရမ်းကောင်းပါ
တယ်။

P.Ti said...

မမယော စာရေးကောင်းတာ professional တစ်ယောက်လိုပါပဲလား... အရင်မသိဘူးနော်..

ဇာတ်အိမ်တည်ဆောက်ပုံရော အရေးအသားပါကောင်းတော့ ဖတ်ပြီးတော့ ၀မ်းနည်းသွားတယ်...

ဆက်ရေးပါ...

မေ့သမီး said...

ဇင်ယော်ကြီးကို ချီးကျူးပါတယ်။ :D အဲလို ရေးတတ်ချင်လိုက်တာ။

မေငြိမ်း said...

အင်း.. ရသစာပေဆိုတာ ဖတ်ပီးရင် တွေးစရာကျန်ရတယ်ဆိုပဲ (ဟီး ဆရာမကျင့် မပျောက်တာ).. ၀တ္ထုအဆုံးမှာ သိချင်တာလေးကျန်ခဲ့တယ်... ပန်းချီဆရာကရော.. သူ့သူငယ်ချင်းမလေးအပေါ် ဘယ်လောက် သဘောထားခဲ့ပါလိမ့်ဆိုတာပါ...။ (၀ါသနာ:D)

အိမ်လွမ်းသူ said...

အခုမှအချိန်ရလို့ သုံးပိုင်းလုံးဖတ်သွားတယ်.. ဇာတ်လမ်းအဆုံးမှာ မျက်ရည်ဝဲသွားအောင် အရေးကောင်းလှပါတယ်...

Anonymous said...

ငါ့ညီမလည်း အကိုနဲ့တူတယ် ခြေထောက်အကျိုးပေးတယ်။ ဟဲ...ဟဲ...။

Anonymous said...

နှုတ်ဆက်ထွက်ခွာသွားသူနဲ့ ကျန်ရစ်သူနှစ်ယောက်မှာ ကျန်ရစ်သူက ပိုခံစားရပါတယ် ညီမရေ....။ ဇတ်လမ်းအဆုံးသတ်လေးက ရင်နင့်ကြေကွဲစရာပါဘဲ။

သိင်္ဂါကျော် said...

အရေးအသားလေးက ဖတ်လို့ အရမ်းကောင်းတယ်... လွမ်းစရာဇာတ်လမ်းလေးပေါ့..။
ဒါပေမယ့် လည်း တကယ်တမ်းတော့ လွမ်းမနေသင့်တဲ့ လူပဲ မဟုတ်လား..။

- said...

စာရေးကောင်းရဲ့ နဲ့ ဘာလို့ များဆက်မရေးတော့တာလဲ...ဘလော့များပြောင်းသွားတာလား..