Sunday, February 22, 2009

အသိမဲ့ရစ်နှောင်တွယ် (၁)

Photo Credit to Isadora Lollo


(ဒီဝတ္ထုလေးက ရေးရင်းနဲ့ အတော်လေးရှည်သွားလို့ အပိုင်းမခွဲချင်ပေမဲ့...ရေးပြီးသလောက်ကို ပထမပိုင်း အနေနဲ့ အရင်ပို့စ် တင်ပေးလိုက်ပါတယ်။ ဒုတိယပိုင်းကို အမြန်ဆုံးတင်နိုင်အောင်ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ်..)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)

အဲ့ဒီနေ့က..ထူးခြားစွာ ကျောင်းကိုစောစောရောက်ခဲ့တယ်။ ခါတိုင်းဆို မနက်စောစောအတန်းကိုအမြဲ နောက်ကျ နေကြ။ အဲ့ဒီနေ့ကမှ အဖေခရီးသွားလို့ ရထားအမှီဘူတာရုံကိုလိုက်ပို့ပြီးတာနဲ့ ကားကိုအိမ်ပြန်မပို့ပဲ ကျောင်းကို တန်းမောင်းလာခဲ့တယ်။ အတန်းချိန်လိုနေသေးလို့ အချိန်ဖြုန်းရင်းနဲ့ ကင်တင်းမှာ မုန့်ဟင်းခါးဝင်စားဦးမှပဲ ဆိုတဲ့ အတွေးသာ မတွေးဖြစ်ခဲ့ရင် နင်ဆိုတဲ့သူနဲ့ သိကျွမ်းရဖို့ဖြစ်လာခဲ့မှာမဟုတ်ဘူး။

စားနေရင်းနဲ့ ဒီနေ့အစောဆုံးရောက်တော့ အတန်းထဲနေရာသွားဦးမှလို့အတွေးပေါက်မိတယ်။ ဂုဏ်ထူးတန်း ရောက်နေမှ ကလေးငယ်တွေလို အတန်းထဲမှာထိုင်ခုံရှေ့ဆုံးရဖို့နေရာဦးနေရတဲ့အဖြစ်ကို သိပ်သဘောမတွေ့လှ ပေမဲ့ ရှေ့ဘက်ကျကျထိုင်ခုံမရလို့ကတော့ စာသင်နေတဲ့ဆရာရဲ့အသံကိုမကြားရပဲ အသံမထွက်တဲ့ ရုပ်မြင်သံကြား အပျက်ကြီးကို ကြည့်နေသလိုမျိုးဖြစ်ပြီး စာသာသင်ပြီးသွားရော စာအုပ်ထဲမှာရော ခေါင်းထဲမှာပါ စာတလုံးမှ မကျန်ရစ်တဲ့ဘဝမျိုးထက်စာရင်တော့ ကလေးတွေလိုခုံဦးတာကိုပဲ ရွေးချယ်မိတယ်။

ဒါပေမဲ့ ဆရာနဲ့ နီးတဲ့ရှေ့ဆုံးခုံတွေမှာလည်းသိပ်တော့မထိုင်ချင်လှ…တခါတလေအခန်းထဲကကိစ္စရှိလို့ ထွက် သွားချင်ရင် ရှေ့ကအားကျိုးမာန်တက် စာသင်နေတဲ့ဆရာကိုမျက်နှာပူစရာကြီး… ဒါကြောင့် မဖြစ်မနေခုံဦး ရမယ်ဆိုရင် ရှေ့ဆုံးခုံ ကိုရှောင်တတ်တယ် အဝင်ပေါက်နဲ့နီးတဲ့နေရာကိုရအောင်ယူတယ်။ လှစ်ကနဲထွက်သွား တော့ ဆရာသိပ်သတိထားမိမှာ မဟုတ်ပါဘူးလို့ ကိုယ့်ဘာသာလိုသလို ဆွဲတွေးထားလိုက်တယ်။

ဟိုတွေးဒီတွေးနဲ့ မုန့်ဟင်းခါးထဲ ငရုတ်သီးထည့်လိုက်တာလက်လွန်သွားလို့ စပ်လာတာနဲ့ ရေနွေးကြမ်းသောက်ဖို့ ပန်းကန်လုံးထဲရေနွေးထည့်ကျင်းလိုက်ပြီး ငါ့ရဲ့ နမော်နမဲ့နိုင်လှတဲ့ အကျင့်အတိုင်း ဘေးဘီကိုမကြည့်ပဲ လှမ်းသွန် မိလိုက်တယ်..။

' အား …'

နာကျင်မှုအပြည့်အဝပါနေတဲ့ အာမေဍိတ်သံကြီးကြားလိုက်ရလို့ လန့်ဖြန့်ပြီးနံဘေး ကိုကြည့်မိတော့….

ယောင်္ကျားစီးကတ္တီပါဖိနပ်အမည်းရောင်ဝတ်ထားတဲ့ ခြေထောက်ပေါ်ကိုအုပ်ကိုင်ထားတဲ့ လက်တဖက်ကို တွေ့ လိုက်ရတယ်။ အသားကဖြူတဲ့သူမို့ ရေနွေးထိတဲ့နေရာမှာ အနီကွက်ကြီးဖြစ်နေတာတွေ့ရတော့ ငါ့မှာ ပျာပျာသလဲ တောင်းပန်စကားဆိုမိတယ်။

"တောင်းပန်ပါတယ်နော် .. အတော်ပူသွားလားဟင်.."
"ပူလိုက်တာ……" တယောက်ထဲခပ်ညီးညီးပြောပြီးတော့ ထိုသူက သူ့ခြေထောက်ကိုလက်တဖက်နဲ့ပွတ်နေစဲ။ မေးနေတာ ကြားမှကြားရဲ့လားမသိ။ ခေါင်းကိုငုံထားလို့ မျက်နှာကိုတောင်မမြင်ရသေးဘူး။

ခဏကြာတော့မှ ခေါင်းမော့လာပြီး .. "ရပါတယ်.. မများပါဘူး.. ရေခဲရရင်တော့လိုချင်တယ်.."
ဒါနဲ့ ငါလည်း ပျာပျာသလဲနဲ့ စားပွဲထိုးလေးကို ရေခဲယူလာဖို့လှမ်းမှာလိုက်တယ်။ ငါနဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တာတော့မှ လူငယ်တယောက်မှန်း သတိထားမိလိုက်တယ်။ တော်သေးတာပေါ့ ဆရာတယောက် များဖြစ်နေခဲ့ရင် ငါတော့ ဒုက္ခပါပဲ။ ရေခဲရတော့ အပူလောင်ထားတဲ့ နေရာကို နင်က ရေခဲနဲ့ကပ်နေတယ်။ ငါကတော့ အားနာလွန်းလို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမိတယ်။

"ကျနော့်နာမည်… ကောင်းထက် ပါ…အားနာမနေပါနဲ့ မတော်တဆဖြစ်တာပဲ.." ငါဘာမှမပြောရသေးခင် နင့်ကိုနင် စမိတ်ဆက်စကားပြောလိုက်လို့ နည်းနည်းတော့ မျက်နှာပူရသက်သာသွားတယ်။

"ကျမလည်း .. နမော်နမဲ့ ရေနွေးကိုသွန်လိုက်မိတာ"
"အင်း…. ကျနော်ကလည်း ခင်ဗျားဘေးရပ်ပြီးတော့.. ရှေ့က စိန်ပန်းပင်ကို ရပ်ငေးမိနေမိတာဗျ.. နှစ်ယောက်လုံး နမော်နမဲ့ဖြစ်သွားတာပေါ့ .. ဒီတော့ကြေပြီ ခင်ဗျားလည်းတောင်းပန်စရာမလိုတော့ဘူး"
"တခုခုစားပါလား… ခြေထောက်လည်းရေခဲအုံထားရမဲ့အတူတူ" ငါက လောကွတ်လုပ်လိုက်တော့ စားပွဲထိုး လေးကို မုန့်ဟင်းခါးတပွဲ လှမ်းမှာလိုက်တဲ့ ရိုးသားပွင့်လင်းလှတဲ့ နင့်ကို စိတ်ထဲမှာအလိုလို ရင်းနှီးသွားတယ်။


နင် မုန့်ဟင်းခါးစားနေတုန်းမှာ ငါက စကားတွေဖောင်ဖောင်ပြောပြီး နာမည်အပြင် မေဂျာကိုပါပြောပြလိုက်မိတယ်။ နင်ကတော့ ပြောသမျှကို နားထောင်လိုက် ခေါင်းညိတ်လိုက် မုန့်ဟင်းခါးကိုကုန်းစားလိုက်နဲ့ အလုပ်များနေတယ်။ ပြောနေရင်းနဲ့ ငါ့မှာဆက်ပြောစရာစကားမရှိတော့တာရော .. မုန့်ဟင်းခါးစားရင်း ခေါင်းညိတ်နားထောင်လုပ် နေရတဲ့ နင့်ကိုရော အားနာလာတာနဲ့ .. စကားကိုရပ်ထားလိုက်ရတယ်။

တကယ်ကတော့ ကောင်းထက်ဆိုတဲ့ နင့်ကို မသိမသာအကဲခတ်လိုတာလည်းပါတာပေါ့။ ပစ္စည်းတွေနဲ့ ဖောင်းကားနေတဲ့လွယ်အိတ်ကြီးကြီးတစ်လုံးရယ၊် အတော့်ကိုပါဝါထူတဲ့မျက်မှန်ကြီးတပ်ထားရတာရယ်၊ နောက် ထူးခြားချက်တခုကတော့ ခြေထောက်လေးတွေ ဖွေးနေအောင်ဖြူသလောက် လက်သည်းတွေကအစ မည်းတူး ညစ်ပတ်နေတဲ့လက်တစုံရှိတဲ့ နင့်ကို တက္ကသိုလ် ကျောင်းသားမဖြစ်တန်ကောင်းဘူး လို့ ငါ့အကျင့်အတိုင်း ခပ်နှိမ်နှိမ်တွေးမိခဲ့သေးတယ်။

နင် မုန့်ဟင်းခါးစား ပြီးချိန်မှာ ငါ့အတန်းကစဖို့ ၅မိနစ်ပဲလိုတော့လို့ ပိုက်ဆံမြန်မြန်ရှင်းရင့်း နင့်ကို ကပျာကရာ နှုတ်ဆက်စကားဆိုပြီးတော့ အတန်းကိုအပြေးအလွှားသွားခဲ့ရတယ်.။ နောက်ထပ်ဆုံ ဖြစ်မယ်လည်း ထင်မထား မိခဲ့ဘူးလေ။ ဒါပေမဲ့ ဟန်ဆောင်မှုကင်းတဲ့ သူများအပေါ်အပြစ်မတင်မစောတတ်တဲ့ စိတ်ကလေး ကိုတော့ ငါသတိထားမိခဲ့ရတယ်။ နောက်ပြီးတော့ နင်ရဲ့ အသွင်အပြင်ကလည်း တခြားလူတွေနဲ့ မတူလို့လည်းဖြစ်မယ်။

တကယ်တော့ နင်ဟာလည်း ငါ့လိုပဲ ဂုဏ်ထူးတန်းကျောင်းသားတယောက်ပဲ.. ဆိုတာနောက်မှသိခဲ့ရတယ်။ နင်က ဖလော်ဆိုဖီ မေဂျာက.. ငါ က သင်္ချာက ဆိုတော့ ငါတို့နှစ်ယောက်က လော့ဂျစ်အကြောင်းတွေကိုဆွေးနွေး ငြင်းခုန်ရင်း ပိုရင်းနှီးစေခဲ့တယ် မဟုတ်လား။ ငြင်းခုန်ခြင်းဆိုတာ ငါတို့နှစ်ယောက်ကြားမှာ မရှိခဲ့ဘူးဆိုရင် ငါတို့တွေ ဒီလောက်ထိရင်းနှီးလာဖို့မလွယ်ဘူးနော်။

(၂)

နင်နဲ့ပြန်ဆုံဖြစ်တာကတော့ သိပ်ရိုးစင်းလှတဲ့ဆန်းကြယ်မှုပဲနော်။ မိုးတွေသည်းသည်းရွာနေတဲ့ နေ့တနေ့ ကော်ရစ်တာထောင့်ချိုးမှာ ငါတို့နှစ်ယောက် ရိုးစင်းစွာမတော်တဆ ဝင်တိုက်မိခဲ့ကြတယ်။ ဆန်းတယ်ဆိုတာက နင့်ကို စတွေ့ပြီးထဲက နောက်ထပ်တခါမှ သတိမရဖြစ်တဲ့ငါက နင့်နာမည်ကို ပါးစပ်ကအလိုလိုခေါ်မိလျက် သားဖြစ်နေတယ်…။ နင်ကတော့ နင့်နာမည်ကိုသိနေတဲ့ တစိမ်းတယောက်ကို အူကြောင်ကြောင်နဲ့ ကြည့်လို့..။

ခြေထောက်ကိုရေနွေးပူလောင်းချတဲ့သူပါလို့ ပြန်အစဖော်ပေးမှပဲ နင်လည်း ငါ့ကိုပြန်မှတ်မိသွားတော့တယ်။ နင်က ပြောသေးတယ် ခင်ဗျားဝယ်ကျွေးတဲ့ မုန့်ဟင်းခါးတောင် စားခဲ့ဖူးသေးတာပဲတဲ့… တော်သေးတာပေါ့ဟယ်။ ပြန်မှတ်မိပေလို့ပေါ့ နို့မို့ရင် ရှက်စရာကြီးလို့ စိတ်ထဲမှာတွေးဖြစ်ခဲ့သေးတယ်ဆိုတာ သူငယ်ချင်းတွေဖြစ်သွား တော့ပြန်ပြောပြတော့ နင်က .. ငါဒီလောက်တော့ မှတ်ဥာဏ်ကောင်းပါသေးတယ်လို့ ပြန်ပက်ခဲ့သေးတယ် မဟုတ်လား။

အေး….နင်ဘယ်လိုပဲ တခြားနေရာတွေမှာ မှတ်ဥာဏ်ကောင်းပေမဲ့ ငါ့မွေးနေ့ကိုတော့ ဘယ်တော့မှ မှတ်မိတယ် ဆိုတာ မရှိဘူး။ ဒီကိစ္စကို အမြဲတမ်း ငါ စကားနာထိုးတိုင်း .. နင် က ငါ့မွေးနေ့ကို ပြန်မေး.. ပြီးတော့ နှုတ်က တဖွဖွနဲ့ရွတ်ရင်း သေချာပြန်မှတ်မယ်… ဒါပေမဲ့ မွေးနေ့ရောက်တော့လည်း ထုံးစံအတိုင်း ငါအစဖော်မှပဲ နင် သတိရတော့တယ်။ ငါ့အတွက်တော့ နင်ဆီက မွေးနေ့လက်ဆောင်တို့ မွေးနေ့ဆုတောင်းတို့ဆိုတာ ဘယ်တော့မှ မျှော်လင့်ထားလို့မရတဲ့ အရာပဲ။

မွေးနေ့မမှတ်မိတဲ့နင့်ကို စိတ်ဆိုးပြန်ရင်လည်း ပြေရာပြေကြောင်းပြောတတ်တဲ့ နင့်စကားက "မွန်း…နင့်ကိုငါက အခင်ဆုံးပါ နင့်မှာမွေးနေ့မရှိလည်းခင်နေမှာပဲတဲ့" မသိရင်တော့ ရွဲ့ပြီးပြောနေတယ်လို့ထင်စရာပဲ ဒါပေမဲ့ နင်က ထုံးစံအတိုင်း အူတိအူကြောင်နဲ့ အတည်ပေါက်ကြီးပြောနေတော့ ငါ့မှာ စိတ်ဆိုးရ ခက်နေပြန်ရော။

ခြေထောက်လေးတွေဖြူဖွေးနေသလောက် ဆေးတွေနဲ့ညစ်ပေနေတတ်တဲ့လက်တစုံပိုင်ရှင် နင်က ပန်းချီဆရာ ပေါက်စလေး ဆိုတာ နင်နဲ့ သူငယ်ချင်းဖြစ်မှပဲသိခွင့်ရခဲ့ရတယ်။ အရင်က နင့်အပေါ် တက္ကသိုလ်ကျောင်းသား မဖြစ်လောက်ဘူး လို့ထင်မိတဲ့ အတွေးကိုတော့ လုံးဝ ပြန်ပြောမပြဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ လူတယောက် အပေါ် နှိမ်တွေးတတ်တဲ့ ငါ့ကို မခေါ်မပြောချင်တော့မှာ စိုးရိမ်ခဲ့လို့ပဲ။

နင်နဲ့ခင်ပြီးနောက်ပိုင်းမှာ ငါ အတော်လေးပြောင်းလွဲသွားတယ်လို့ သူငယ်ချင်းတွေက ပြောကြ တယ်။ အရင်ကဆို ကျောင်းစာကလွဲလို့ ငါက ပြင်ပစာပေလည်းမဖတ် လေ့လာမှုလည်းမရှိ ဘယ်လိုစာမျိုးကိုရွေးဖတ်ရမယ် ဆိုတာ လည်းမသိနဲ့ ပြင်ပလောကကြီးအကြောင်းကို လုံးဝမသိတဲ့ ရေအိုင်ထဲကဖားသူငယ်ပေါ့။ နင်ပေးဖတ်တဲ့ စာအုပ်တွေကြောင့် အရာရာကို လေးလေးနက်နက်တွေးတတ်လာခဲ့တယ်။ နောက်ဖတ်ပြီးသား စာတွေကို ဆွေးနွေးတဲ့ အခါမှာလည်း ငါ့ရဲ့အမြင်ကိုအရင်စိတ်ရှည်လက်ရှည်နားထောင်ပေးပြီးမှ နင့်ထင်မြင်ချက်ကို ပြောပြ ရှင်းပြတတ်တဲ့ နင့်ကို ငါက ပိုပြီးတော့လေးစားခင်မင်လာခဲ့တယ်။

ပန်းချီဆွဲဖို့မပြောနဲ့ လက်နဲ့မျဉ်းဖြောင့်တကြောင်းတောင်ဖြောင့်အောင်မဆွဲနိုင်တဲ့ ငါက နင် ပြောပြတတ်တဲ့ ကမ္ဘာကျော်ပန်းချီကားတွေအကြောင်းကို မပျင်းမရိနားထောင်တတ်လာတယ်။ အတန်းချိန်လစ်ပြီးတော့ ပန်းချီပြပွဲ တွေသွားကြည့်တတ်ခဲ့တယ်၊ စာအုပ်အဟောင်းတန်းမှာ ထိုင်ပြီးစာမြည်းရတဲ့အရသာကိုလည်းကြိုက် တတ်လာ ခဲ့တယ်။

နင်ကလည်း သွားလေ့သွားထရှိတဲ့ ပတ်ဝန်းကျင်တွေကို အမြဲခေါ်သွားလေ့ရှိတယ်။ ဒီတော့မှာ ယုံကြည်မှု နဲ့ ဝါသနာဆိုတာ ငွေအသပြာထက်ပိုအားကောင်းတဲ့ စိတ်ရဲ့ခွန်အားတွေဆိုတာ နင့်အပေါင်းအသင်း အနုပညာသမား တွေရဲ့ ဘဝတွေကိုကြည့်ပြီးတော့နားလည်လာခဲ့တယ်။ ငွေဆိုတဲ့ စက္ကူတရွက်ရဲ့အထ္တုပ္ပတိကို အာဂုံဆောင် ထားတဲ့ လေထုထဲမှာ ကြီးပြင်းလာခဲ့တဲ့ ငါက အရင်ကထက်စာရင် အခုမှပဲနေရတာပိုပြီး အသက်ရှုချောင် လာတယ်။

တခါတုန်းက.. အင်းလျားကန်ဘောင်ပေါ်မှာထိုင်နေကြတုန်း နင့်လွယ်အိတ်ဖောင်းဖောင်းကြီးထဲကဘာတွေလဲလို့ ငါကမေးတော့ .. သိချင်ရင် ငါ့ပိုက်ဆံအိတ်ထဲမှာရှိတာတွေလည်းပြရမယ်ဆိုပဲ။ တခါတခါ အဲလိုမျိုး နင်က လက်ပေါက်ကပ်တတ်ပြန်သေးတယ်။

တကယ်တမ်းကြတော့ နင့်လွယ်အိတ်ထဲက ထွက်လာသမျှဟာ ဘဝဆန်တဲ့ပစ္စည်းတွေဖြစ်နေပြီး ငါ့အိတ်ထဲမှာက ပကာသနဆန်တဲ့ပစ္စည်းတွေပဲဖြစ်နေလို့ ကြိတ်ပြီးရှက်မိသေးတယ်။ ပန်းချီပုံကြမ်းခြစ်တဲ့ ခဲတံ နဲ့ စာရွက်တွေ၊ ဒိုင်ယာရီစာအုပ်၊ နောက်ပြီး နင်သိပ်ကြိုက်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကူးထည့်ထားတဲ့ မှတ်စုစာအုပ်၊ ပန်းချီပြပွဲလက်ကမ်းစာစောင်တွေ၊ နောက်… အပေါင်ဆိုင်လက်မှတ်တွေ။

နင်နဲ့ ခင်ပြီးနောက်ပိုင်းတော်တော်ကြာမှ နင့်မိဘတွေအကြောင်းကိုသိခွင့်ရခဲ့တယ်။ ပန်းချီကို နင်ဟာ အသက် လောက်မြတ်နိုးတယ်ဆိုတာရယ်။ ချမ်းသာတဲ့ မိဘတွေရဲ့တားမြစ်တဲ့ကြားက ဝါသနာကိုရွေးချယ်ခဲ့လို့ အိမ်ပေါ်က အဆင်းမှာ တခါထဲ အမွေခွဲပေးလိုက်တဲ့ မိဘတွေနဲ့ နင့်ကြားက အက်ကြောင်းကို ပြန်ချောမွေ့စေချင်ခဲ့တယ်။ နင်ကတော့ အခုလက်ရှိဘဝက မိသားစုဆိုတဲ့နွေးထွေးမှုမရှိတာကလွဲရင် နင့်အတွက်ပိုပြီးတော့ နေပျော်တယ်လို့ တဖွဖွ ပြောလေ့ရှိတယ်။

ဆွဲထားတဲ့ပန်းချီကားတွေကိုလိုက်ကြည့်ဖို့ နင့်အိမ်ကိုဖိတ်ခဲ့လို့ ငါလိုက်လည်တဲ့နေ့က။ ယိုင်နဲ့နဲ့ပျဉ်ထောင်အိမ်အို လေးကိုကြည့်ပြီးတော့ စကားတွေဆွံ့အခဲ့ရတယ်။ ဖရိုဖရဲ အိမ်ခေါင်မိုးရယ် ဆွေးမြေ့ပြီးဟိုတကွက် ဒီတကွက် ပျဉ်ကွာနေတဲ့ ကြမ်းခင်းရယ်ကို နင်က ဘာမှမဖြစ်သလိုနေနိုင်ပေမဲ့ ငါမှာတော့ပြုံးရယ်ဖို့ကို မေ့လျော့နေခဲ့တယ်။ ပျဉ်ထောင်အိမ်အိုလေးက ငြိုးငယ်နေသလောက် နင့်ဆွဲထားတဲ့ ပန်းချီကားတွေအားလုံးဟာ တောက်ပတဲ့ အရောင်အစပ်အဟပ်၊ အားမာန်ပြည့်လှတဲ့စုတ်ချက်တွေနဲ့ ဆန့်ကျင်ဖက်ဖြစ်လို့နေတယ်။

အိမ်တခုလုံးနဲ့ ပန်းချီကားတွေပြည့်နေတာတောင် ပြပွဲပြဖို့ နင်က မတင်းတိမ်နိုင်သေးဘူးတဲ့။ မိဘတွေခွဲပေးလိုက်တဲ့ အမွေတွေအားလုံးနီးပါးဟာ ဆေးတွေ စုတ်တံတွေဝယ်တာနဲ့ပဲ အားလုံးကုန်သလောက် နီးပါးဖြစ်နေပြီ။ နင်ကပန်းချီဆွဲရင် Don McLean's ရဲ့ Vincent (Starry Starry Night) သီချင်းတပုဒ်ကို အမြဲနားထောင်ပြီး ပန်းချီဆွဲလေ့ရှိတယ်။ ပန်းချီကျော်ကြီး Vincent Van Gogh ရဲ့ အားလူးစားသူများ ပန်းချီကားကို နာမည်ကြီးစေခဲ့တဲ့ အလင်းအမှောင်ဖမ်းယူသွားနိုင်ပုံကို နင်သိပ်သဘောကျခဲ့တယ်မဟုတ်လား။

~~~~~~~~~~~~~~~~~~~~~~~~~~



စိုးသင့်ဆွေ

6 comments:

MANORHARY said...

မြန်မြန်ဆက်ရေးနော်
ဒီတိုင်းတော့ပစ်မထားခဲ့နဲ့ ..း)

ကိုအောင်(ပျူနိုင်ငံ) said...

ဇာတ်လိုက်က မျက်မှန်နဲ့လား အမ၊ မင်းသမီးက သချာင်္
သမားကိုး၊ ကောင်းတယ် အမ၊ ဆက်ရန်ကို မျှော်နေ
မယ်။

P.Ti said...

မမယောရေ.. စိတ်ဝင်စားစရာပဲ... ဆက်ရေးပါ

Moe Cho Thinn said...

ဇာတ်လမ်းလေးတော့ ပျိုးနေပြီ။ စောင့်ဖတ်မယ် ညီမရေ။

ဆောင်းယွန်းလ said...

လာဖတ်သွားပြီ ညီမရေ...ဆက်ရန်ကိုမျှော်တလင့်လင့်ပါပဲ...

ပုံရိပ် / Pon Yate said...

မယော စောင့်ဖတ်နေတယ်။ ဆက်ရေးပါနော်။